Tuesday 11 March 2014

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ထည့်ပြင်

ငွေဒဏ် ပြစ်ဒဏ်သာ ထည့်သွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ တွင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ထည့်သွင်း ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေအရ ပြစ်မှုကျူးလွန်သူ များကို အနည်းဆုံး ကျပ်တစ်သိန်း ငွေဒဏ်သာ ပြစ်ဒဏ် ချမှတ်နိုင်ပြီး ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြစ်မှုအလိုက် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်၊ ခြောက်လထက် မပိုသော ထောင်ဒဏ်၊ သုံးလထက် မပိုသော ထောင်ဒဏ်တို့ကို ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်တို့နှင့် တွဲထားကာ ဒဏ်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ထည့်သွင်း ထားသည်ကို တွေ့ရှိရသည်။

ခုံသမာဓိအဖွဲ့ သို့မဟုတ် ခုံသမာဓိ ကောင်စီ၏ အတည်ပြုပြီး ဖြစ်သည့် ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက် ကွက်ခြင်း မရှိစေရ ဆိုသည့် ပုဒ်ခွဲတစ်ခုကို ထပ်တိုး ဖြည့်စွက်ထားပြီး ယင်းတားမြစ်ချက်ကို လိုက်နာရန် ပျက်ကွက်သူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း ပြည်ဆင်သည့် ဥပဒေကြမ်းတွင် ဖော်ပြသည်။

ထောင်ဒဏ်များ ထည့်သွင်း ပြင်ဆင်မည် ဆိုသော်လည်း ယင်းပြင်ဆင်သည့် ဥပဒေကြမ်းတွင် ကျပ်တစ်သိန်း ထက် မပိုသော ငွေဒဏ်ကို ထည့်သွင်းထားရာ ယင်းငွေဒဏ်မှာ အလုပ်ရှင်များ အတွက် အလွယ်တကူ ကျခံနိုင်သည့် ပြစ်ဒဏ် ဖြစ်သဖြင့် ထိရောက်မှု မရှိနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(ယာယီ) မှ ဥက္ကဋ္ဌ ဦးအောင်လင်းက ယခု ထုတ်ပြန်လိုက်သော ပြင်ဆင်သည့် ဥပဒေကြမ်း အပေါ် သုံးသပ် ပြောကြားသည်။

“ငွေဒဏ်က အလွယ်တကူ ဆောင်နိုင်တဲ့ ပမာဏ ဖြစ်နေတယ်။ ဒီအတိုင်းဆိုရင် လုပ်ငန်းရှင်က ဥပဒေကို လေးစား လိုက်နာမှာ မဟုတ်ဘူး။ ထောင်ဒဏ်ကိုလည်း မဖြစ်မနေ ကျခံရမယ် ဆိုပြီး တိတိကျကျ လုပ်မှ ဥပဒေ စည်းနှောင်မှု ရှိမယ်” ဟု ၎င်းကဆိုသည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ထောင်ဒဏ် ထည့်သွင်း ပြင်ဆင်ခြင်းသည် ဥပဒေပါ တားမြစ်ချက်များ၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိ ကောင်စီတို့၏ ဆုံးဖြတ်ချက်များကို အလုပ်ရှင်များက လေးလေးစားစား လိုက်နာလာနိုင်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ လုပ်သားအရေး ဆောင်ရွက်သူ ဒေါ်မာမာဦးက ပြောကြားသည်။

ခုံသမာဓိ ကောင်စီက အလုပ်ခန့်ရန် ဆုံးဖြတ်လိုက်သည့် ဆုံးဖြတ်ချက်ကို မလိုက်နာသည့် အလုပ်ရှင်များကို စံနမူနာ ပြသည့် အနေနှင့် ဥပဒေအရ တိတိကျကျ ဆောင်ရွက်ရန် လိုအပ်ပြီး ယင်းသို့ လုပ်ဆောင်မှ သာလျှင် လုပ်သားများ အတွက်လည်း ကောင်းမွန်လာနိုင်ကာ အလုပ်ရှင်များလည်း ဥပဒေ လိုက်နာလာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“လက်တွေ့မှာ ဘယ်လို ဆောင်ရွက်မလဲ စောင့်ကြည့်ရမယ်။ ပြောသင့် တာတွေ ပြောရမယ်” ဟု ဒေါ်မာမာဦး က ဆိုသည်။

ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေဟု အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းတွင် ပါရှိသဖြင့် ကန့်ကွက်စရာ မရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောကြားသည်။

“ထောင်ဒဏ် ကျကိုကျရမယ် ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုတော့ လုပ်ဆောင်ချက် အပေါ် မှုတည်တယ်။ ထောင်ဒဏ်ကျအောင် ဥပဒေမဲ့ မတော်မတရား လုပ်တယ် ဆိုရင်တော့ ထောင်ကျခံရမှာပေါ့” ဟု ၎င်းက သုံးသပ်သည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် ငွေဒဏ်သာ ပါရှိသဖြင့် အလုပ်ရှင်အချို့ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိ ကောင်စီများ၏ ဆုံးဖြတ်ချက်များကို လိုက်နာမှု မရှိကြောင်း၊ အလုပ်သမား များမှာ အငြင်းပွားမှု အဆင့်ဆင့်တွင် နောက်ဆုံးအဆင့် ဖြစ်သည့် ခုံသမာဓိ ကောင်စီ၏ ဆုံးဖြတ်ချက် ချသည်အထိ အချိန် သုံးလကျော် ကြာမြင့်ရာ ယင်းကာလတွင် လုပ်သားများ အလုပ်လက်မဲ့ ဖြစ်ကာ အခက်အခဲများစွာ ကြုံတွေ့ရကြောင်း အလုပ်သမားများ ထံမှ သိရှိရသည်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ဧပြီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment