Tuesday 18 February 2014

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၅ ဘီလျံအထိ ရောက်ရှိ

ရန်ကင်းမြို့နယ်အတွင်း ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံ တည်ဆောက်နေသော ဟိုတယ်လုပ်ငန်းခွင်အား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ရဲကို)

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်ကုန်ရန် တစ်လအလိုတွင် အမေရိကန် ဒေါ်လာ ၄၅ ဘီလျံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ရရှိသော အချက်အလက်များအရ သိရသည်။


လက်ရှိရောက်ရှိနေသော ၄၅ ဘီလျံတွင် ၂ဝ၁၄ ခုနှစ်ဆန်းပိုင်းတွင် ဝင်ရောက်လာသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိသည့်အတွက် ၂ဝ၁၃ ဒီဇင်ဘာလတွင် ၄၄ ဒသမ ၂ ဘီလျံသာ ရှိခဲ့ ရာမှ ယခုကဲ့သို့ ၄၅ ဘီလျံသို့ ရောက်ရှိခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာသော ကဏ္ဍများမှာ စိုက်ပျိုးရေးကဏ္ဍ၊ ဆက် သွယ်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ သားငါးကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍ၊ ရေနံနှင့်သဘာ ဝဓာတ်ငွေ့ကဏ္ဍ၊ အိမ်ခြံမြေနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံသော ပြည်ပရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက ယခုနှစ်ပိုင်း အတွင်း ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာသော်လည်း တရုတ်နိုင်ငံ သည် နိုင်ငံပေါင်း ၃၃ နိုင်ငံအနက်     ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း၊ ဒုတိယအနေဖြင့် ထိုင်းနိုင်ငံ၊ တတိယ အနေဖြင့် ဟောင်ကောင်၊ စတုတ္ထအနေဖြင့် စင်ကာပူနှင့် ပဉ္စမအနေဖြင့် ဗြိတိန်နိုင်ငံ တို့ဖြစ်ကြောင်း၊ အများဆုံးရင်းနှီးမြှုပ်နှံသည့် ကဏ္ဍများမှာ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့ဖြ စ်ပြီး  ထုတ်လုပ်မှုကဏ္ဍမှာ ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၈၄၂ ဘီလျံ ရှိခဲ့သောကြောင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် အတွက် သုံးဘီလျံ မျှော်မှန်းထားရာ မျှော် မှန်း ချက် ပြည့်မီသွားကြောင်း သိရသည်။

“ရင်းနှီးမြှုပ်နှံမှုမှာ လက်ရှိဘဏ္ဍာနှစ်ကို သုံးဘီလျံ မျှော်မှန်းထားပါတယ်။ ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အနည်း ဆုံး လေးဘီလျံနဲ့ အများဆုံး ငါးဘီလျံအထိ မျှော်မှန်းထားပါတယ်။ ဒီလိုမှန်းတဲ့အထဲမှာ စက်မှု လုပ်ငန်းတွေ အနေနဲ့ ရာခိုင်နှုန်း ၇ဝ လောက်အထိ ပါဝင်လာနိုင်ဖို့ မျှော်မှန်းထားပါတယ်”ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။               
Eleven Media Group

No comments:

Post a Comment