Tuesday 18 February 2014

မြန်မာနိုင်ငံသား အင်ဂျင်နီယာချုပ်တစ်ဦး ပါဝင်သည့် ကုန်တင်သင်္ဘော ဆိုမာလီပင်လယ်ပြင်တွင် ပင်လယ်ဓားပြများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

မြန်မာနိုင်ငံသား အင်ဂျင်နီယာချုပ်တစ်ဦး ပါဝင်သည့် ကုန်တင်သင်္ဘော MV Andrea သည် မိုဂါဒစ် ရှူးဆိပ်ကမ်းသို့အသွား ဆိုမာလီပင်လယ်ရေပြင်တွင် ဖေဖော်ဝါရီ ၁၃ ရက်က ပင်လယ်ဓားပြများ၏ တိုက်ခိုက် မှုခံခဲ့ရပြီး အပြန် အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အာဖရိက သတင်းမီဒီယာ All Africa ၏ ဖော်ပြချက်အရ သိရသည်။


ယင်းကုန်တင် သင်္ဘောသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လူငါးဦးပါဝင် လှေတစ်စင်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ကုန်တင် သင်္ဘောပေါ်တွင် သင်္ဘောအမှုထမ်း ၁၇ ဦးပါဝင်ပြီး ၁၄ ဦးမှာ ကင်ညာ လူမျိုးများ ဖြစ်ကြသည်။ သင်္ဘောကပ္ပတိန်နှင့် အရာရှိချုပ်မှာ မွန်တီနီဂရိုး နိုင်ငံသားများ ဖြစ်ကြပြီး အင်ဂျင်နီယာချုပ်မှာ မြန်မာနိုင်ငံသား ဖြစ်သည်ဟု သိရသည်။

ကင်ညာနိုင်ငံ မိုဘာဆာမြို့၌ ဖေဖော်ဝါရီ ၁၆ ရက်က ရှင်းလင်းပွဲပြုလုပ် ရာတွင် ကင်ညာသင်္ဘောသား များသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အင်ဒရူးမွန်ဂူရာက ပြောကြားခဲ့ရာ၌ ပင်လယ်ဓားပြများသည် သင်္ဘော အပိုင်စီးနိုင်ရန်အတွက် နှစ်ကြိမ်ကြိုးပမ်းခဲ့ကြပြီး အောင်မြင်မှုမရှိခဲ့ဟု ဆိုသည်။ ၎င်းက ဆက်လက် ပြောကြားရာ၌ ပထမတိုက်ခိုက်မှုသည် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ပြီး ဒုတိယ တိုက်ခိုက်မှု သည် အဆိုပါနေ့ ညနေ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လုံခြုံရေးအဖွဲ့က သင်္ဘောပေါ်ကနေ ပြန်လည်ပစ်ခတ်မှုတွေ လုပ်တဲ့အခါ ပင်လယ်ဓားပြတွေ ဆက်မတိုက် ခိုက်တော့ဘဲ ထွက်ပြေးသွားပါတယ်”ဟု အင်ဒရူးမွန်ဂူရာက ပြောဆိုခဲ့သည်။

အဆိုပါ သင်္ဘောသည် မွန်ဘာဆာ အခြေစိုက် Alpha Logistics Company က ပိုင်ဆိုင်သော သင်္ဘော တစ်စီးဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွင် ဒဏ်ရာရရှိခဲ့သူ မရှိကြောင်း သိရသည်။

မွန်ဂူရာက ပြောဆိုရာ၌ ပင်လယ်ဓားပြများက သင်္ဘောပေါ်တွင် လုံခြုံရေး အဖွဲ့ နည်းပါးမှုကို အခွင့်ကောင်း ယူကာ တိုက်ခိုက်ခြင်းဖြစ်ပြီး အကယ်၍ ပင်လယ်ဓားပြများသာ လှေသုံးလေးစီးနှင့် လာရောက်ခဲ့မည် ဆိုပါက သင်္ဘောကို အပိုင်စီးနိုင် သွားသည်ဟု ပြောဆိုသည်။ အဆိုပါသင်္ဘောသည် တန်ဇန်းနီးယား၊ ကင်ညာ၊ မဒါဂါစကား၊ ကော်မိုရိုနှင့် မိုဇင်ဘတ် ရေပြင်များ တွင် နှစ်ပေါင်းများစွာ လုပ်ငန်းလုပ်ဆောင်နေ ခဲ့သည့် သင်္ဘောဖြစ်သည်။

နိုင်ငံတကာ ရေတပ်များက အိန္ဒိယ သမုဒ္ဒရာတစ်လျှောက် ဆိုမာလီရေပြင် တွင် ကင်းလှည့်စောင့်ကြပ် မှုများ ပြုလုပ်နေသည့် ၂ဝ၁ဝ ခုနှစ် နောက်ပိုင်း ပင်လယ်ကူးသင်္ဘော အပိုင်စီးမှုများ ကျဆင်းသွားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သင်္ဘောသား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်အား ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဒီသင်္ဘောကုမ္ပဏီက မြန်မာနိုင်ငံမှာ ရှိတဲ့ အေးဂျင့်ဆီကနေ ထွက်သွားတာလား ဆိုတာလည်း မသိရသေးဘူး။ မြန်မာအေးဂျင့်ဘက်က ဘယ်သူမှ အကြောင်းကြားတာမျိုး မရှိသေးသလို သိလည်းမသိသေးပါဘူး”ဟု ပြန်လည် ဖြေကြားသည်။

Eleven Media Group

No comments:

Post a Comment