Monday 4 November 2013

NLD ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် သဘောထား ရယူမှုများ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်နေရာ ပြီးစီး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထား ရယူမှုများမှာ နိုဝင်ဘာ ၃ ရက်အထိ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်မြို့နယ်တွင် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောထား ရယူမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ စမ်းချောင်းမြို့နယ်များတွင် နိုဝင်ဘာ ၃ ရက်က ပြုလုပ်ခဲ့ကာ အများစုက ပြင်ဆင်ခြင်းဖြင့် ပြောင်းလဲလိုကြောင်း ဆန္ဒပြုခဲ့ကြသည်။
"ဒါတွေက အခုခရိုင်ပွဲ ၁၂ ပွဲပြီးလို့ မြို့နယ်ပွဲတွေ လိုက်လုပ်နေတာ။ လုပ်ပြီးသမျှတွေမှာတော့ ရာခိုင်နှုန်း ၉၀ ကျော်က ပြင်တဲ့နည်းနဲ့ ပြောင်းလိုကြတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူလူထု၏ သဘောထား ရယူရေး တာဝန်ယူထားသူ တရားရုံးချုပ်ရှေ့နေ ဦးကိုနီက ပန်းဘဲတန်းမြို့ နယ်၌ ဟောပြောအပြီးတွင် ပြောကြားသည်။
ဒီမိုကရေစီ ဖွဲ့စည်းပုံ၏အောက်တွင် ပြည်သူများသည် အလွန်သိက္ခာရှိ၊ ဂုဏ်ရှိခဲ့ကြောင်း၊ လူကို လူလိုဆက်ဆံ ခံရကြောင်း၊ အာဏာရှင် စနစ်တွင်မူ ပြည်သူများကို လူစာရင်း မသွင်းကြောင်း၊ ၁၉၄၇ ဒီမိုကရေစီ ဖွဲ့စည်းပုံဖြင့် အုပ်ချုပ်စဉ်က အရှေ့တောင်အာရှ အချမ်းသာဆုံး မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံမဲ့သည့် အာဏာရှင် စနစ်အောက်တွင် အဆင်းရဲဆုံး ဖြစ်သွားကြောင်း စသည်ဖြင့် ဖွဲ့စည်းပုံ၏ အရေးပါပုံနှင့် ပတ်သက်၍ တရားရုံးချုပ်ရှေ့နေ ဦးကိုနီက ပန်းဘဲတန်းမြို့နယ်၌ ဟောပြောရာတွင် ထည့်သွင်း ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်မှု ရှိမရှိ ဆိုသည်မှာ ရေးဆွဲစဉ်နှင့် အတည်ပြုချက် ရယူချိန်များကို ကြည့်ရုံဖြင့် သိနိုင်ကြောင်း၊ အဆိုပါ ဥပဒေကို ရေးဆွဲစဉ်က ပြည်သူများ၏ ပါးစပ်ပေါက်များကို ပိတ်ထားခဲ့ပြီး ပြည်သူ့ကိုယ်စားလှယ်များ ကိုလည်း ထုတ်ပယ်ပြီးမှ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကိုမူ ပြည်သူများကို ကိုယ်စားပြုသည့် တိုင်းပြုပြည်ပြု လွှတ်တော်မှ ရေးဆွဲခဲ့ခြင်းဖြစ်ကာ တရားမျှတမှု ရှိခဲ့ကြောင်း ဦးကိုနီက ပြောကြားသည်။
NLD အနေဖြင့် အဆိုပါ ဟောပြောပွဲများမှ ပြည်သူ့ဆန္ဒ သဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Eleven

1 comment:

  1. ပြည်သူ့ဆန္ဒ ပြည်သူ့ဆန္ဒနဲ့ပြောပြီး အဲဒီဆွေးနွေးဟောပြောပွဲတွေမှာ ပြည်သူစစ်စစ် ဘယ်နှစ်ယောက်ပါလဲ?
    ကျန်တဲ့နိုင်ငံရေးပါတီတွေက ဖွဲ့စည်းပုံပြင်ဆင်ဖို့ လွှတ်တော်မှာပဲလုံးပန်းနေတဲ့အချိန် NLD က ဘာဖြစ်လို့ ပြည်သူကို ခုတုံးလုပ် နိုင်ငံရေးအမြတ်ထုတ်ချင်နေရတာလဲ?
    ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုနိုင်ငံအတွင်း ဆန္ဒတွေလိုက်ပြီးခံယူနေတဲ့အချိန်မှာ သူက ဘယ်ကိုရောက်နေတာလဲ? ဘာအတွက်နိုင်ငံခြားကို သွားတာလဲ? နိုင်ငံတော်အတွက်လား? သူသမ္မတ ဖြစ်ဖို့လား?

    ReplyDelete