Saturday 9 November 2013

အီးယူမှပေးသည့် GSP အခွင့်အရေး မြန်မာမှ စတင်ရရှိချိန်တွင် အိမ်နီးချင်း နိုင်ငံများမှာ EU ခံစားခွင့် ကုန်တော့မည် ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများ ၀င်လာနိုင်

မြန်မာနိုင်ငံသည် အီးယူမှပေးသည့် GSP အခွင့်အရေး စတင်ရရှိချိန်တွင် အိမ်နီးချင်း နိုင်ငံများ၏ GSP ခံစားခွင့်မှာ ကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် ယင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာနိုင်ကြောင်း ရေထွက်ပို့ကုန် လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။

လက်ရှိတွင် ဥရောပသမဂ္ဂ နိုင်ငံများသို့ ရေထွက်ကုန် တင်ပို့ခွင့် ရရှိထားသည့် စက်ရုံ ၁၄ ရုံ ရှိသည့်အနက် ခုနစ်ရုံခန့်သာ တင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ဘဏ္ဍာရေးမှူး ဒေါက်တာတိုးနန္ဒတင်က ပြောကြားသည်။

''လက်ရှိမှာ မြန်မာနိုင်ငံက GSP စပြီးရရှိနေပါပြီ။ အိမ်နီချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံက ဒီနှစ်ကုန်ရင် GSP ခံစားခွင့်ကုန်ပြီ။ တရုတ်နိုင်ငံလည်း ကုန်တော့မှာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ အတွင်းကို အိမ်နီးချင်း နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်ပါတယ်'' ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ဘဏ္ဍာရေးမှူး ဒေါက်တာတိုးနန္ဒာတင်က ဆက်လက် ပြောကြားသည်။

အိမ်နီချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံက ဒီနှစ်ကုန်ရင် GSP ခံစားခွင့်ကုန်ပြီ။ တရုတ်နိုင်ငံလည်း ကုန်တော့မှာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ အတွင်းကို အိမ်နီးချင်း နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်ပါတယ်...

မြန်မာ့ပင်လယ်ပြင်တွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီနှစ်ခုမှ Fishing Right အအစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် ငါးဖမ်းရေယာဉ်များအား လာမည့် ၂၀၁၄ ခုနှစ် မတ်လအကုန်တွင် ဖမ်းဆီးခွင့်ကို ပိတ်သိမ်းတော့မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အတွင်းရှိ ရေလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံ လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးမိုးမြင့်ကျော်က ''ထိုင်းနိုင်ငံက မကြာခင်မှာ EU ကို တင်ပို့နေတဲ့ ရေထွက်ကုန်တွေဟာ ၂၀ ရာခိုင်နှုန်း အခွန်ပေးရတော့မယ်။ မကြာခင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်တယ်။ လက်ရှိမှာ GSP နဲ့ ပို့နေတဲ့ စက်ရုံတွေ အနည်းငယ်ရှိတယ်။ အကျိုးအမြတ် ရရှိနေကြတယ်။ ဒါပေမဲ့ GSP ကို ပြည့်ပြည့်၀၀ သုံးမယ်ဆိုရင်တော့ Policy တွေကို ပြန်ပြင်ပေးဖို့လိုတယ်'' ဟု ပြောကြားသည်။

လက်ရှိတွင် မြန်မာ့ပင်လယ်မှ ထွက်ရှိသည့် ရေထွက်ကုန်များမှာ ထုတ်လုပ်ရရှိမှု ကျဆင်းလျက်ရှိပြီး မွေးမြူထုတ်လုပ်မှု အပိုင်းတွင် ဈေးကွက်ကောင်း ၀င်နိုင်သည့် ငါးများကို အောင်မြင်စွာ မွေးမြူနိုင်ခြင်း မရှိသည့်အတွက် ပြည်ပသို့ ပို့ကုန်တင်ပို့ အပိုင်းတွင် နိုင်ငံဝင်ငွေရရှိမှု အပိုင်းမှာ လျော့ကျလျက်ရှိကြောင်း မွေးမြူရေး လုပ်ငန်းရှင်များက ပြောကြားသည်။

လက်ရှိတွင် မြန်မာရေလုပ်ငန်း ကဏ္ဍ၌ ထိုင်း၊ ဂျပန်၊ ကိုရီးယား စသည့် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများရှိပြီး လာရောက် ဆွေးနွေးမှုများစွာ ရှိသော်လည်း ရေလုပ်ငန်းကဏ္ဍတွင် အကောင်အထည်ဖော်သည့် ရင်းနှီးမြှုပ်နှံမည့်သူ မရှိသေးကြောင်း သိရှိရသည်။

Eleven Media Group

No comments:

Post a Comment