Saturday 9 November 2013

အစိုးရအဖွဲ့ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွှတ်တော် ကိုယ်စားလှယ်များကို အသိပေးပြီး ဆောင်ရွက်ရန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သတိပေး

နိုဝင်ဘာ ၇ ရက်က ထားဝယ်မြို့ရှိ တိုင်းဒေသကြီး လွှတ်တော်တွင် ကျင်းပပြီးစီးခဲ့သည့် ပထမအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် န၀မပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အစိုးရအဖွဲ့ အနေဖြင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များကို အသိပေးပြီးမှသာ ဆောင်ရွက်ရန်နှင့် ငွေ လုံးငွေရင်း တောင်းခံငွေများအား ပိုမိုတောင်းခံခြင်း မပြုရန် သတိပေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီး ကတိက၀တ်အဖြစ် ဆောင်ရွက်ပေးရမည့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများတွင် လွှတ်တော် ကိုယ်စားလှယ်များ အချိန်မီသိရှိခြင်း မရှိသဖြင့် လုပ်ငန်းများ ရှုပ်ထွေးပြီး ကတိက၀တ် ပျက်ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

''ကျင်းပပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်က သတ္တမပုံမှန် အစည်းအဝေးမှာ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ အမှာစကား ပြောကြားခဲ့ရာမှာ ရေဖြူမြို့နယ်ရဲ့ ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေ လုပ်ငန်းများအား ရေဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ မသိလိုက်ရလို့ ဒီအစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်က စာရင်းစစ် အစီရင်ခံစာကို သိလိုလို့ ထပ်မံမေးမြန်း ခဲ့ပါတယ်။ စာရင်းစစ်ချုပ်ကြီး ဖြေကြားခဲ့လို့  မြ၀တီရုပ်သံ တပ်ဆင်ခြင်းလုပ်ငန်း သုံးခုကို ထားဝယ်မြို့ မြန်မာ့ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို တာဝန်ခံအား တာဝန်ပေး ဆောင်ရွက်ခဲ့ကြောင်း သိရတယ်။ အလားတူ ယခုနှစ်များ အတွင်းမှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး တစ်ခုလုံးအတွက် အပေါ့စား မီးသတ်စက်များ ၀ယ်ယူသုံးစွဲဖို့ ဆောင်ရွက်ရာမှာ လွှတ်တော် ကိုယ်စားလှယ်များ အချိန်မီသိရှိရခြင်း မရှိတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်များ ညှိနှိုင်းပြီး ကတိက၀တ်အဖြစ် ဆောင်ရွက်ပေးရမယ့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများမှာ ရှုပ်ထွေးပြီး ကတိက၀တ် ပျက်တာတွေ့ကြုံ ရပါတယ်။ ဒါကြောင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ အစိုးရအဖွဲ့ အနေနဲ့ သက်ဆိုင်ရာမြို့၏ လွှတ်တော် ကိုယ်စားလှယ်များကို အသိပေးပြီး ဆောင်ရွက်ပါလို့ ပြောကြား လိုပါတယ်'' ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် ပြောကြားသည်။

ထို့အပြင် ယခုကျင်းပခဲ့သည့် န၀မအကြိမ် အစည်းအဝေးတွင် စာရင်းစစ်ချုပ်ရုံးမှ တင်ပြလာသော တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ဌာနအဖွဲ့အစည်းများ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း အကောင်အထည် ဖော်မှုနှင့် စပ်လျဉ်းသော အစီရင်ခံစာ အပေါ်တွင် စာရင်းစစ်ချုပ်ကြီးမှ ပိုလျှံငွေများ များပြားနေကြောင်း တင်ပြခဲ့သဖြင့် အစိုးရ အဖွဲ့အစည်းများ အနေနဲ့ ငွေလုံးငွေရင်း တောင်းခံငွေများအား စိုးရိမ်စိတ်ဖြင့် ပိုမိုလျာထား တင်ပြခြင်း မပြုကြရန် လိုအပ်ကြောင်း သတိပေး ပြောကြားသည်။

''စာရင်းစစ်ချုပ်ကြီး ရှင်းလင်းတင်ပြခဲ့တဲ့ ပိုလျှံငွေကျပ် ၂ ဒသမ ၆၆၉ ဘီလျံမှာ သာမန်သုံးငွေ ကျပ် ၁ ဒသမ ၉၃၇ ဘီလျံ ဖြစ်နေတယ်လို့ တင်ပြသွားပါတယ်။ အဲဒီထဲမှာ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ငွေကျပ် ၁ ဒသမ ၀၈၅ ဘီလျံ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ကျပ် ၂၀၀ ဒသမ ၈၄၈ သန်း၊ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးဌာနက ကျပ် ၅၀ ဒသမ ၉၉၇ သန်း စတဲ့ ပိုလျံငွေများကို တွေ့ရပါတယ်။ ဒါကြောင့် ၀န်ကြီးဌာနနဲ့ ဦးစီးဌာနများနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ မြန်မာ့ရုပ်ရှင် လုပ်ငန်းစတဲ့ အစိုးရ စီးပွားရေး အဖွဲ့အစည်းများ အနေနဲ့ လစာစရိတ်ချီးမြှင့်ငွေ၊ ခရီးစရိတ်၊ ပစ္စည်းလုပ်အားနဲ့ ဆောင်ရွက်ပေးမှု၊ ပြင်ထိန်းစရိတ်၊ ပင်စင်၊ ငွေလုံးငွေရင်း တောင်းခံငွေများအား စိုးရိမ်စိတ်နဲ့ ပိုမိုလျာထား တောင်းခံခြင်း မပြုဖို့ လိုအပ်ပါတယ်'' ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက သတိပေး ပြောကြားသည်။

၎င်းအပြင် စီမံကိန်းများအတွက် ချထားပေးသော ဘတ်ဂျက်ငွေများကို အလေအလွင့် မရှိအောင် တာဝန်ရှိသူများမှ စနစ်တကျ စိစစ်သုံးစွဲပြီး တိတိကျကျ စစ်ဆေးပေးကြရန် လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
Eleven

No comments:

Post a Comment