Saturday 9 November 2013

ပခုက္ကူနှင့် ပေါက် ကားလမ်းပိုင်းပေါ်ရှိ ကျောချောင်းအတွင်း ချောင်းရေနည်းပါး သွားသော်လည်း ကားကြီးများ ဖြတ်ကူးရာတွင် စက်ချို့ယွင်းမှု မကြာခဏကြုံတွေ့

ပခုက္ကူ နှင့် ပေါက် ကားလမ်းပိုင်းပေါ်ရှိ ကျောချောင်းအတွင်း ချောင်းရေနည်းပါး သွားသော်လည်း ကားကြီးများ ဖြတ်ကူးရာတွင် ကားအင်ဂျင်များ အတွင်း ချောင်းရေ၀င်ရောက်မှုကြောင့် စက်ချို့ယွင်း မှုများ မကြာခဏ ကြုံတွေ့နေပြီး ကားငယ်များမှာ စက်ချို့ယွင်းမှု မဖြစ်စေရန် ကြိုးဖြင့် ဆွဲ၍ ဖြတ်ကူးနေရကြောင်း ခရီးသွားများနှင့် ယာဉ်မောင်းများထံမှ သိရသည်။

မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ပေါက်မြို့နယ်တွင်းရှိ ကျောချောင်းတွင် ချောင်းရေနည်းပါး သွားသည့် အတွက် ဆိုင်ကယ်နှင့် သွားလာသူများမှာ နိုဝင်ဘာ ၆ ရက်မှစ၍ ယခင်ကဲ့သို့ အထမ်း၊ လှေတို့ဖြင့် ဖြတ်ကူးရန် မလိုဘဲ သွားလာနိုင်ပြီ ဖြစ်ကြောင်း ဒေသခံများနှင့် ခရီးသွားများ ၏ ပြောကြားချက်အရ သိရသည်။

''မိုးလည်း ပြတ်သွားတော့ ချောင်းထဲမှာ ရေလည်းနည်းသွားပြီ။ ကားတွေကူးနိုင်ပြီ ဆိုပေမယ့် ကားကြီးတွေကတော့ အဆင်မပြေသေးဘူး။ ရေများပြီး ချိုင့်ရှိတဲ့ နေရာတွေမှာ အဲယားကလင်ဒါ ထဲ ရေ၀င်တာတို့ နောက် အင်ဂျင်ထဲ ရေ၀င်တာတို့ကြောင့် စက်ပျက်ပြီး ကားကြီးတွေနဲ့ ဆွဲရတယ်။ ကားငယ်တွေ ထဲမှာလည်း ဒီဇယ်ကားတွေက မောင်းလို့ရတယ်။ ဓာတ်ဆီကားတွေကတော့ စက်ပိတ်ပြီး အဲယားကလင်ဒါထဲ ရေမ၀င်အောင် လုပ်ပြီးမှ ကြိုးနဲ့ဆွဲပြီး ကူးရတယ်'' ဟု ကုန်တင် ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

''မိုးကအရင်ရက်ထက် နည်းသွားတော့ ချောင်းရေလည်း သိပ်မရှိတော့ဘူး။ ဆိုင်ကယ်ကူးလို့ ရအောင် ၀ါးထရံတွေ ၀ါးလုံးတွေနဲ့ ယာယီတံတားလေးတွေ ထိုးပေးထားတော့ အရင်ထက် သွားရတာ အဆင်ပြေသွားတယ်။ ငွေကုန် အချိန်ကုန် သက်သာတယ်။ နောက်ရက်တွေ ရေထက်နည်းသွားရင် ကားရော ဆိုင်ကယ်ရော ခုထက် အဆင်ပြေမှာပါ'' ဟု ပေါက်မြို့ခံ ကိုရဲထွန်းဝင်းက ပြောကြားသည်။

အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ဘိလပ်မြေ တင်ဆောင်လာသော ကုန်တင်ကားတစ်စီး အဆိုပါ ကျောချောင်းအတွင်း ဖြတ်ကူးစဉ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ကာ နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာအတွင်း ဖြစ်ပေါ်ခဲ့သော မကွေးတိုင်းဒေသကြီး ချောင်းရေကြီး မှုတွင် မျောပါပျက်စီးခဲ့သည့် ပခုက္ကူမှ ပေါက်မြို့၊ ယောဒေသ၊ ချင်းပြည်နယ်တို့သို့ သွားရာ လမ်းပေါ် ကျောချောင်း ယောချောင်း အတွင်းရှိ ရေပြာတံတားနှင့် အုန်းတော တံတား နှစ်စင်းအား ပြန်လည် တည်ဆောက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

(ကျောချောင်းအား ဖြတ်ကူးစဉ် အင်ဂျင်အတွင်း ချောင်းရေ၀င်ရောက်မှုကြောင့်
စက်ချို့ယွင်းသွားသော ဆီသယ်ယာဉ် တစ်စီးအား နိုဝင်ဘာ ၆ ရက် ညနေပိုင်းက မြင်တွေ့ရစဉ်)

Eleven

No comments:

Post a Comment