Tuesday 1 October 2013

ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရယူသုံးစွဲရာတွင် အလေအလွင့်နှင့် အလွဲသုံးစား မဖြစ်စေရေး ကြပ်မက်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား

ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရယူသုံးစွဲရာတွင် အလေအလွင့်နှင့် အလွဲသုံးစား မဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၃၀ ရက် ကနေ ပြည်တော်၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ချေးငွေ/ထောက်ပံ့ ကူညီမှု (Loan/Grant) များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု အခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စု ၀န်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းရှိန်၊ ဒေါက် တာ ကံဇော်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်တို့က နိုင်ငံအချင်းချင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း ရရှိမည့် ချေးငွေနှင့် အကူအညီ အထောက်အပံ့များနှင့် ပတ်သက်ပြီး ရှင်းလင်းခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ ပြည်ပကြွေးမြီ များနှင့် ကြွေးမြီရှင်း လင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် ချေးငွေပေး အပ်လျက် ရှိသည့် ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံနှင့် အဖွဲ့အစည်းများ၊ ချေးငွေဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များ၊ ပေးအပ် သည့် အကူအညီ အမျိုးအစားများ၊ ချေးငွေနှင့် ထောက်ပံ့ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ဗဟိုဘဏ်လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''မိမိတို့ အစိုးရအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် အခြေခံကောင်းများ ချမှတ်ရန် တာဝန်ရှိကြောင်း ဒီအတွက် ငွေကြေး အရင်းအနှီး၊ လူသားအရင်းအမြစ်နှင့် နည်းပညာတို့ လိုအပ်ကြောင်း၊ ဒါကြောင့် အဲဒီ လိုအပ်ချက်များကို နိုင်ငံ တကာမှ ရရှိစေရန် ဆောင်ရွက် လျက် ရှိကြောင်း၊ ယခုငွေကြေး အရင်းအနှီးနှင့် နည်းပညာ အကူအညီများ အထိုက်အလျောက် ရရှိလာပြီဖြစ်လို့ အခွင့်အရေးကို မိမိရရ အသုံးချနိုင်ရန် လိုအပ်ကြောင်း နိုင်ငံခြား အကူအညီ အထောက်အပံ့များနှင့် ပတ်သက်ပြီး ရယူအသုံးပြုသည့် ဌာနများကလည်း စေတနာပါပါဖြင့် အလေအလွင့် မရှိစေရန်၊ အလွဲသုံးစား မဖြစ်စေရန် ထိထိရောက်ရောက် အသုံးပြုနိုင်စေရန် ကြပ်မက်ဆောင်ရွက် ပေးရန် လိုကြောင်း'' ပြောကြားခဲ့သည်ဟု စက်တင်ဘာ ၃၀ ရက်က မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြ ထားသည်။

ထို့ပြင် ဖွံ့ဖြိုးမှု မိတ်ဖတ်များထံမှ ကတိက၀တ် ရရှိပြီဖြစ်သော အကူအညီများ ကို အလျင်အမြန် ရရှိစေရန် စဉ်ဆက်မပျက် ဆက်သွယ်ညှိနှိုင်းပြီး ဆောင် ရွက် သွားရန်နှင့် အသုံးမပြုရသေး သည့် ငွေကြေးများ ကို ပြည်သူများ အတွက် အကျိုးရှိ ထိရောက်စေသည့် လုပ်ငန်းများတွင် အသုံးပြုသွားရန် နိုင်ငံတော် သမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment