Saturday 5 October 2013

မြစ်ကြီးနား ဒေသခံအများအပြား ကြိုဆိုစောင့်ဆိုင်းခဲ့ကြသော်လည်း သမ္မတ၏ မြစ်ကြီးနားခရီးစဉ် ရာသီဥတုကြောင့် ဖျက်သိမ်း

N-6-10
နိုင်ငံတော် သမ္မတ၏ မြစ်ကြီးနား ခရီးစဉ်အား ကြိုဆိုစောင့်ဆိုင်း နေကြသူများအား အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အောက်တိုဘာ ၅ ရက်တွင် သွားရောက်ရန် စီစဉ်ထားသော ပထမဆုံး အကြိမ် ကချင်ပြည်နယ်ခရီးစဉ်အား ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် ဖျက်သိမ်းခဲ့ကြောင်း ကချင်ပြည် နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သမ္မတ၏ ခရီးစဉ်အား နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များ၊ ရပ်မိ ရပ်ဖ များ၊ လူမှု့အဖွဲ့အစည်းများ၊ အစိုးရ ၀န်ထမ်းများ၊ ကျောင်းသား ၊ ကျောင်းသူများ ထောင်ချီပြီး မိုးရေထဲတွင် ၃ နာရီကျော်ကြာ ကြိုဆိုနေ စဉ် ခရီးစဉ် ဖျက်သိမ်းကြောင်း သိခဲ့ရခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် လာရောက်မည်ဖြစ်သဖြင့် အောက်တိုဘာ ၅ ရက်နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်မှစ၍ မြစ်ကြီး နားမြို့ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကျောင်းသားကျောင်းသူ များ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၂၀၀၀ ၀န်းကျင်ခန့် စောင့်ဆိုင်းလျက် ရှိပြီး မြစ်ကြီး နားမြို့တော် ခန်းမတွင်လည်း လူဦးရေ ၁၀၀၀ နီးပါး စောင့်ဆိုင်းလျက် ရှိကြောင်း သိရသည်။ သမ္မတ၏ ခရီးစဉ်ဖျက်သိမ်းကြောင်းကိုမူ နံနက် ၁၁ နာရီကျော် အချိန်ခန့်တွင်မှ သိခဲ့ရကြောင်းလည်း ဒေသခံများ ၏ ပြောပြချက်အရ သိရှိရသည်။

သမ္မတခရီးစဉ် ဖျက်သိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ ကချင်ပြည်နယ် ၀န်ကြီး ချုပ်၏ ကိုယ်ရေးအရာရှိ ဦးနောင်တိန်က "ရာသီဥတုက လေယာဉ်ဆင်းလို့ မရလို့ပါ။ တခြား ဘာအကြောင်းမှ မရှိပါဘူး။ နောက်ပြန် လာမယ့်ရက် လည်း အတိအကျ မသိသေးပါဘူး" ဟု ဆိုသည်။

နိုင်ငံတော် သမ္မတကြီးသည် မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) နှင့် တွေ့ ဆုံ ရန်ရှိပြီး ယင်းအဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဦးစန်းအောင်က "ကျွန်တော်တို့ အဖွဲ့က မေလဆွေးနွေး ပွဲ ရလဒ်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းဖို့ ရှိတယ်။ သမ္မတကြီးကိုယ်တိုင် ကချင်ပြည်နယ်ရဲ့ အခြေအနေကို မြင်သိစေချင် တယ်။ ပြည်သူတွေ အားလုံးကတော့ မိုးထဲရေထဲတောင် စောင့်ကြိုနေကြ တာ" ဟု ဆိုသည်။

နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေး လှုပ်ရှားသူများက သမ္မတ ခရီးစဉ်သည် လာမည့်ငြိမ်း ချမ်းရေး ဆွေးနွေးပွဲအတွက် များစွာအထောက် အပံ့ ဖြစ်နိုင်ပြီး တိုင်ရင်းသားများနှင့် အစိုးရကြား မယုံကြည်မှုများ ကို လျှော့ချနိုင်လိမ့်မည်ဟု ခန့်မှန်းပြောဆို နေကြသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက "သမ္မတကြီး ရောက်မလာတာကတော့ ကချင်ပြည်နယ်အတွက် ဆုံးရှုံးမှု တစ်ရပ်ပါ။ ဒီခရီးစဉ်က ငြိမ်းချမ်းရေးကိုလည်း အများကြီး အထောက် အကူ ဖြစ်မယ် လို့ မျှော်လင့်ထားတာ။ သမ္မတကြီးကို ကချင်ပြည်နယ် လာစေချင်တယ်။ သမ္မတကြီး က ပြော ချင် တာ လည်း ရှိမယ်။ ပြည်သူတွေ အနေနဲ့လည်း တင်ပြချင်တာတွေ ရှိမှာပေါ့" ဟု ဆိုသည်။

မြစ်ကြီးနား မြို့တော်ခန်းမတွင် လူတစ်ထောင်ခန့်နှင် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်တွင် ရပ်မိရပ်ဖများ၊ ကျောင်းသားကျောင်းသူ များ ထောင်နှင့်ချီ ကြိုဆိုနေကြသော်လည်း နံနက် ၁၁ နာ ရီခန့်တွင် ရာသီဥတု ဆိုးဝါးမှုကြောင့် သမ္မတကြီး၏ ခရီးစဉ် ဖျက်သိမ်း လိုက်ကြောင်း ကြေညာခဲ့သည်။

Eleven Media Group




No comments:

Post a Comment