Saturday 14 September 2013

လူအများစုဝယ်နိုင်ပြီး ထိရောက်မှုရှိသည့် ကျန်းမာရေးအာမခံစနစ် ဖော်ဆောင်မည်

မြန်မာနိုင်ငံတွင် ပြည်သူလူထု အားလုံးနီးပါး ဝယ်ယူနိုင်သည့် အာမခံနှုန်း ထားနှင့် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည့် အာမခံစနစ်ကို ၂၀၁၅ ခုနှစ်မတိုင်မီ စတင်ကျင့်သုံးနိုင်ရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်း က ပြောကြားသည်။
ကျန်းမာရေး အာမခံ စနစ်ပေါ်ပေါက်လာပါက အာမခံထားသူများမှာ ရောဂါအားလုံးကို အခမဲ့ ဆေး ကုသခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ကျန်းမာရေးအာမခံ အမျိုးအစားနည်းနည်း ဝယ် သူတွေကတော့ နည်းနည်းရမယ်။ များများဝယ်တဲ့သူက များများခံစားခွင့်ရမှာပေါ့” ဟု ဒေါက်တာမောင်မောင်သိမ်း က ပြောဆိုသည်။ ကျန်းမာရေးအာမခံစနစ်ကို အကောင်အထည်ဖော် ရာတွင် နိုင်ငံတော်နှင့် လူမှုရေး၊ စီးပွားရေးအချက်အလက်များ ပြည်သူလူထု၏ အကျင့်စရိုက်များ၊ ယဉ်ကျေးမှုများကိုလည်း ထည့်သွင်းစဉ်းစားကာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြော ကြား သည်။

 “ကျန်းမာရေး အာမခံစနစ်က လုပ်ဖို့ခက်ခဲပေမယ့် မလုပ်ဘဲနေလို့ မရတော့ဘူး။ လုပ်ကိုလုပ်ရမယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။ ကျန်းမာရေးအာမခံစနစ် နိုင်ငံတကာတွင် လုပ်ဆောင်နေ ကြပြီး ကျန်းမာရေးအာမခံထားသူများသည် ထားရှိသည့်ကျန်းမာရေးအမျိုးအစား အလိုက် အာမခံထား သည့် သက်တမ်းအတွင်း ရောဂါဝေဒနာခံစားရပါက အခမဲ့ဆေးကုသခွင့် ရရှိ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယင်းစနစ် ပေါ်လာပါက ငွေကြေးမတတ်နိုင်သူများ ဆေးကုသ ခွင့်အတွက် အဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးပညာရှင်တစ်ဦးက သုံးသပ်သည်။ ကျန်းမာရေးအာမခံစနစ်ကို ၂၀၁၅ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးနိုင် ရန် လုပ်ဆောင်နေပြီး ကျန်းမာရေး အာမခံစနစ်ကို အကောင်အထည်ဖော်ရန် မြန်မာ့အာမခံ၊ ပုဂ္ဂလိကအာမခံကုမ္ပဏီများ အပါ အဝင် ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ စသည့်ဘက်ပေါင်းစုံနှင့် ပူးပေါင်း လုပ်ဆောင် မည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို အကောင်အထည်ဖော်ရန် ဘက်ပေါင်းစုံက ပါဝင်သည့် စာတမ်းဖတ်ပွဲ ပြုလုပ်ကာ အဖြေရှာသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံ စနစ် ပေါ်ပေါက်လာရန် အခက်အခဲရှိသော်လည်း နိုင်ငံတကာတွင် ကျင့်သုံးနေသည့် စနစ်များကို လေ့လာကာ ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေး အာမခံသည် ပြည်သူလူထု အတွက် အဓိကလိုအပ်ချက် တစ်ခုဖြစ်သဖြင့် ယင်းစနစ် အကောင်အထည်ပေါ်လာပါက မြန်မာနိုင်ငံ အာမခံလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း First National ပုဂ္ဂလိကအာမခံ ကုမ္ပဏီ မှ ပြောရေး ဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ တွင် ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခု လုပ်ကိုင်ခွင့်ပြု ထားသည့်အနက် ကိုးခုမှာ လုပ်ငန်းစတင်နေ ပြီဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ ရန် ကမ်းလှမ်းထားသည့် ပြည်ပအာမခံကုမ္ပဏီများအနက် အာမခံကုမ္ပဏီ ၁၂ ခုကို ကိုယ်စား လှယ် ရုံးခွဲဖွင့်ရန် ခွင့်ပြုထားကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်

No comments:

Post a Comment