Saturday 14 September 2013

အရည်အသွေးစစ်ဆေးရန် ကားတာယာအချို့ သွင်းကုန်လိုင်စင် ပြုလုပ်ရမည်

သွင်းကုန်လိုင်စင်မဲ့ တင်သွင်းခွင့်ပြုထားသည့် မော်တော်ယာဉ် တာယာများ အနက် အရည်အသွေး စစ်ဆေးရန် လိုအပ်သည့် မော်တော်ယာဉ် တာရာနှစ် မျိုးကို လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ကာ သွင်းကုန်လိုင်စင် ပြုလုပ်ရန်တင်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ စက်တင်ဘာ ၉ ရက်နေ့ထုတ် အမိန့်ကြော်ငြာစာအရ သွင်းကုန်လိုင်စင် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၄င်းက ဆိုသည်။ သွင်းကုန်လိုင်စင် ရယူရန်မလိုဘဲ တင်သွင်းခွင့်ပြုခဲ့သော H.S Code 4011100 နှင့် 40112010 တာယာများသည် မျက်မြင်အရ ကောင်းမွန်သော်လည်း အရည်အသွေးပိုင်း ပြန်လည်စစ်ဆေးရန် လိုအပ်သောကြောင့် ယင်းကဲ့သို့ သွင်းကုန်လိုင်စင် လျှောက် ထားရခြင်း ဖြစ်သည်ဟု ၄င်းက ရှင်းပြသည်။ “စားသုံးသူတွေရဲ့ အခွင့်အရေးအရ ဒီလိုမျိုးလုပ်တာပါ” ဟု ၄င်းက ဆိုသည်။ သွင်းကုန်လိုင်စင်ဖြင့် တင်သွင်းရမည့် မော်တော် ယာဉ် တာယာများတွင် စတေရှင်ဝက်ဂွန်၊ အိမ်စီးအမြင့်ကားများ၊ ခရီးသည်တင် ဘတ်စ်ကားများ၊ ကုန်တင်ကားများတွင် အသုံးပြုသည့် တာယာအမျိုးအစားများ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ထုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ် (၇၂/၂၀၁၃) တွင် သွင်းကုန်လိုင်စင် မလိုဘဲ တင်သွင်းခွင့်ပြုခဲ့သော အဆိုပါ မော်တော်ယာဉ် တာယာများသည် လာမည့်ရက်ပေါင်း ၉၀ အတွင်း သွင်းကုန်လိုင်စင် လျှောက်ထားပြီးမှသာ တင်သွင်းခွင့်ပြုမည်ဟု ဖော်ပြပါရှိကြောင်း ၂၀၁၃ ခုနှစ် စက်တင် ဘာလ ၁၄ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment