Thursday 29 August 2013

ပြည်သူ့ရင်ပြင် စမ်းချောင်းတုတွင် လူငယ်တစ်ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ဝင်းအတွင်း စမ်းချောင်း သာ ရေတံခွန်နှင့် ဆက်နေသော စမ်းချောင်းပုံစံ ပြုလုပ်ထားသည့် ရေမြောင်း တွင် သြဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၁၈ နှစ်ခန့် လူငယ် တစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ရင်ပြင်တွင် လုပ်ကိုင်ခွင့်ရသည့် Natural World ကုမ္ပဏီမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။
အရှည် ပေ ၄၀၊ အကျယ် ရှစ်ပေ၊ အနက်နှစ်ပေခန့်သာ ရှိသောစမ်းချောင်းသာ ရေမြောင်းအစပ် တွင် သေ ဆုံးသူ လူငယ်ကကိုယ်တစ် ဝက် ရေမြောင်းဘောင် ပေါ်တင်ကာ ခါးအောက်ပိုင်း က ရေထဲနစ် လျက် သေဆုံးခဲ့ကြောင်း၊ အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ် ချက်များအရ သေဆုံး သူသည် အဆုတ်မကောင်းသည့်အတွက် သာမန်လူများကဲ့သို့ အမောဒဏ်မခံနိုင်၍ တစ်နေကုန် ရေ ကစား ခြင်းကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းထိုက် က ပြောကြား သည်။

အဆိုပါ သေဆုံးသွားသော လူငယ်၏ အသက်မှာ ၁၈ နှစ်ခန့်ရှိပြီး အရပ်ငါးပေကျော် ရှိကြောင်း ကျောကုန်းတွင် ဘီလူးခေါင်းပုံ ဆေးမင်ကြောင် ထိုးထားပြီး ရင်ဘတ်တွင် တရားဆိုသော စာသားရေးထိုးထားကာ ဝဲယာ လက်မောင်းနှစ်ဖက်နှင့် ဝဲခြေသလုံးတွင် ဆေးမင်ကြောင်များ ပါရှိကြောင်း၊ ၄င်း၏ အမည်နှင့် နေရပ်လိပ်စာကိုမူ မသိရှိရသေးကြောင်း ဒဂုံမြို့နယ်မြို့မရဲစခန်းမှ ဒုရဲအုပ်သိန်းထိုက် က ပြောကြားသည်။ "စမ်းချောင်းတုမှာ သေမှုသေခင်း ဖြစ်တာတော့ ဒါပထမဆုံးအကြိမ်ပဲ" ဟု ၄င်းက ဆိုသည်။

အဆိုပါနေရာသည် ရေနှစ်ပေ အနက်ခန့်သာ ရှိသောကြောင့် လတ်တလော ထွက်ပေါ်နေသော ရေမြောင်း တွင်း ရေနစ်သေဆုံးမှုသည် မဖြစ်နိုင်ကြောင်း Natural World ကုမ္ပဏီမှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးမောင်မောင်က ပြောဆိုသည်။

ယင်းနေ့ နံနက် ၁၀နာရီခွဲခန့်တွင် သေဆုံးသူနှင့် အတူ သူငယ်ချင်း ယောက်ျားလေး၊ မိန်းကလေး ငါးဦးခန့်က စမ်းချောင်းတုတွင် လာရောက်ရေကစားခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင် ၄င်း၏ သူငယ်ချင်း ယောက်ျား လေးနှစ်ဦးက သေဆုံးသူကို အမူးလွန်၍ ပြုစုနေသည့်ပုံစံမျိုးကို မြင်တွေ့ခဲ့ရသဖြင့် မွန်းလွဲ ၁ နာရီ ခန့်တွင် ယင်းနေရာအနီး သန့်ရှင်းရေးပြုလုပ်သူ အမျိုးသမီးကြီးက လာရောက် အကြောင်းကြားခဲ့သဖြင့် စမ်းချောင်းသာ ရေကူးကန်တာဝန်ရှိသူများ သွားရောက်ရာတွင် လူငယ်သည် အသက်မရှိတော့ကြောင်း ရေကူးကန်တာဝန်ခံ ဦးထွန်းအောင်ကျော် က ပြောကြားသည်။ "ကျွန်တော်တို့ သွား ကြည့်တော့ ကောင်လေးက အသက်မရှိတော့ဘူး။ သူ့ သူငယ်ချင်းတွေကို ရှာကြည့်တော့ တစ်ယောက်မှ မရှိကြတော့ဘူး" ဟု ၄င်းက ဆက်လက် ပြောကြားသည်။

ပြည်သူ့ရင်ပြင် စမ်းချောင်းသာ ရေကူးကန်အနီးရှိ ရေတံခွန်နှင့် တစ်ဆက်တည်း စမ်းချောင်းပုံစံ ပြုလုပ် ထားသည့် ရေမြောင်း အပြင်ပတ်လမ်းသည် ပေ ၁၀၀၀ ကျော်ခန့်ရှိ၍ အနက်သည် နှစ်ပေခန့်ရှိ ကြောင်း၊ ငါးနှစ်အောက် ကလေးများမှလွဲ၍ နေ့စဉ် ရေကစားခွင့် ပြုထားကြောင်း အဆိုပါ ရေကူးကန်တာဝန်ခံထံမှ သိရှိရသည်။

သေဆုံးသူလူငယ်မှာ မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ရန်အတွက် မီဒီယာများသို့ ဓာတ်ပုံဖြန့်ဝေ ထားပြီး သိကျွမ်းရင်းနှီးသူများ အနေနှင့် ဒဂုံမြို့မ ရဲစခန်း ဖုန်းနံပါတ် ၀၁-၃၇၄၄၂၇ သို့ အကြောင်းကြားရန် ယင်းရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရင်ပြင်တွင် ခိုက်ရန်ဖြစ်ပွားမှု မကြာခဏ ဖြစ်သောကြောင့် သြဂုတ်လ ၂၇ ရက် မွန်းလွဲ ၁နာရီတွင် ပုဂ္ဂလိက လုပ်ပိုင်ခွင့်ရ Natural World Co.,Ltd. နှင့် Happy Zone Co.,Ltd. တို့မှ ပူးပေါင်း၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် လူငယ်အမျိုးသား သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း Natural World ကုမ္ပဏီထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment