Thursday 29 August 2013

မန္တလေးတိုင်းဒေသကြီး သတ္တမအကြိမ် ပုံမှန်အစည်းအဝေးတွင် ဥပဒေနှစ်ခု အတည်ပြုမည်

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဥပဒေနှစ်ခု အတည်ပြု ပြဋ္ဌာန်းနိုင် မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ၌ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြုလုပ်သော မန္တလေးတိုင်းဒေသကြီး ကျောက်မျက် ရတနာ ဖြတ်တောက်ခြင်း သွေးခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေမူကြမ်း ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

တိုင်းဒေသကြီး ဥပဒေပညာရှင်များက ရေးဆွဲပြီးသော ဥပဒေမူကြမ်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြကာ လွှတ်တော်သို့ တင်သွင်း၍ အတည်ပြု ပြဋ္ဌာန်းနိုင် မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ အတည်ပြု ပြဋ္ဌာန်းမည့် ဥပဒေနှစ်ခုမှာ မန္တလေးတိုင်းဒေသကြီး တိရစ္ဆာန် စနစ်တကျ မွေးမြူရေးနှင့် ထိန်းကျောင်းရေး ဥပဒေ (မူကြမ်း) နှင့် မန္တလေးတိုင်းဒေသကြီး ကျောက်မျက် ရတနာ ဖြတ်တောက်ခြင်းနှင့် သွေးခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေ (မူကြမ်း) တို့ ဖြစ်ကြောင်း ယင်းလွှတ်တော် ရုံးထံမှ စုံစမ်းသိရှိရသည်။

“ဥပဒေမူကြမ်းကို ရေးဆွဲတဲ့နေရာမှာ အမြန်ဆုံး ပြီးစီးဖို့ ဆိုတာထက် ပြည်သူလူထုအတွက် အကျိုးပြုဖို့ လည်း လိုပါတယ်” ဟု မန္တလေးမြို့ခံ တရားလွှတ်တော် ရှေ့နေတစ်ဦးက သုံးသပ်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် စီမံကိန်းနှင့် ရသုံးမှန်းခြေ ဥပဒေ အပါအဝင် ဥပဒေ ၁၇ ခု ပြဋ္ဌာန်းပြီး ဖြစ်ကြောင်း ဦးဝင်းမောင်က ထပ်မံပြောကြားသည်။

ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment