Monday 15 July 2013

ဖွဲ့စည်းပုံပြင်ဆင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများကို ဦးစားပေး ဆောင်ရွက်ရန်တို့ကို KIO ကိုယ်စားပြု အလုပ်အဖွဲ့ထံ ကချင်လူမှု အဖွဲ့အစည်းများ တင်ပြမည်

ကချင်လူမှုရေး အဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများသည် ဇူလိုင် ၉ ရက်နှင့် ၁၀ ရက် များက မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲမှ ကချင်ပြည် သူ လူထုများ ၀ိုင်းဝန်းအကြံပြု ဆွေးနွေးချက်များကို KIO ကိုယ်စားပြုTechnical Advisory Team အလုပ် အဖွဲ့ထံ တင်ပြသွားမည်ဟု သိရသည်။
ယင်းဆွေးနွေးချက်များတွင် လတ်တလော ဦးစားပေး ဆွေးနွေးဖြေရှင်း ပေးစေလိုသည့် အချက်များ အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ စစ်ရှောင် စစ်ပြေး ဒုက္ခ သည်များ ပြန်လည် နေရာချထားရေး စသည့် အချက်များကို ထည့်သွင်း ဆုံးဖြတ်ခဲ့ကြောင်း သိရ သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင် အဖွဲ့နှင့် ကချင် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း စီစဉ်ကျင်းပခြင်း ဖြစ်ပြီး ကချင် အရပ်ဘက်/လူထုအခြေပြု/အစိုးရ မဟုတ်သော အဖွဲ့အစည်း ၃၂ ဖွဲ့၊ ဘာသာရေး အသင်းအဖွဲ့ ၁၂ ဖွဲ့ အပါအ၀င် စုစုပေါင်း ၂၇၅ ဦးတက် ရောက်ခဲ့သည်။
''ဦးစားပေး ဖြေရှင်းပေးစေလိုတဲ့ ကဏ္ဍတွေအဖြစ် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေး၊ လူငယ်တွေ အတွက် အန္တရာယ်ဖြစ်နေတဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားရေး စတာတွေကို ဆွေးနွေးဆုံးဖြတ် ကြတယ်။ အဓိကကတော့ KIO ကိုယ်စားပြု Technical Advisory Team အလုပ်အဖွဲ့ကို တင်ပြမယ်။ ပြီးရင် ပေးသင့်ပေးထိုက်တဲ့ အဖွဲ့အစည်းတွေ အားလုံးကို တင်ပြသွားမယ်'' ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှူး ဦးလဘန်ဂမ်အောင်က ပြောကြားသည်။
ဆွေးနွေးပွဲ၌ အနာဂတ်တွင် ပြုလုပ်မည့် နိုင်ငံရေး/ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမည့် လုပ်ငန်းစဉ်တွင် ကချင်ပြည်သူလူထုမှ ထည့်သွင်းဆွေးနွေး စေလိုသည့် လိုအပ်ချက်နှင့် သဘောထား အမြင်များ၊ ကချင်ပြည်သူလူထု အနေဖြင့် တင်ပြ ဆွေးနွေးလိုသည့် လိုအပ်ချက် သဘောထား အမြင်များကို ကဏ္ဍအလိုက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှု ပေးနိုင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်မည့် အချက်များကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

From...EMG

No comments:

Post a Comment