Tuesday 9 July 2013

အိမ်အကူကို အဓမ္မမှု ကျူးလွန်ခဲ့ခြင်းမရှိဟု ခရိုင် သာသနာရေး ဦးစီးမှူး ငြင်းဆို

အိမ်အကူအမျိုးသမီးကို အဓမ္မမှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရမှုနှင့်ပတ်သက်၍ ဟင်္သာတမြို့နယ် ရဲစခန်းတွင် ပုဒ်မ ငါးခုဖြင့် အမှုဖွင့်ခံရသူ ဟင်္သာတခရိုင် သာသနာရေးဦးစီးဌာနမှူး ဦးသန်းထွန်းက အိမ်အကူကို အဓမ္မမှု ကျူးလွန်ခဲ့ခြင်းမရှိဟု ရန်ကုန်မြို့တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

အသက် ၁၇နှစ် အရွယ် အိမ်အကူ အမျိုးသမီး တစ်ဦး(ယခု အမှုဖွင့်သူ) ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ တွင် စားစရိတ်ငြိမ်း တစ်လ ကျပ် နှစ်သောင်းဖြင့် ငှားရမ်းခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးသည် ယောက်ျားနောက် လိုက်သွား ခဲ့ပြီးနောက် ခုနစ်လခန့် အကြာတွင် အလုပ် ပြန်ပေးရန် ထိုအမျိုးသမီး၏ အစ်မဖြစ်သူက ဟင်္သာတခရိုင် သာသနာရေး ဦးစီးမှူး ဇနီးမောင်နှံထံ ဆက် သွယ် ပြောကြားခဲ့သဖြင့် ၎င်းတို့က အခြား အိမ်အကူ တစ်ဦးကို ငှား ရမ်းပြီးသောကြောင့် အလုပ် ပြန်မပေးနိုင်ဟု ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း ဟင်္သာတခရိုင် သာသနာရေး ဦးစီးမှူးက ဆိုသည်။

“ကျွန်တော့်မိန်းမက သိန်း ၅၀ အမွေ ရထားတယ်၊ ဒီပိုက်ဆံရတာကိုလည်း ကောင်မလေးတွေကသိတယ်။ ကျွန်တော်က ၂၀၀၈ ခုနှစ်ကတည်းက သားကြောဖြတ်ထားတာ၊ သူတို့တိုင်တာက ၂၀၁၃ ဧပြီလောက်ကပါ၊ အိမ်ကနေထွက်သွားပြီး တစ်နှစ်နဲ့ လေးလအကြာမှာအမှုဖွင့်တာပါ” ဟု အဆိုပါခရိုင် သာသနာရေး ဦးစီးမှူး က ရှင်းပြသည်။

ယင်းအမှုနှင့် ပတ်သက်၍ ထိုအမျိုးသမီးတို့ဘက်မှ ကြားဝင် ဆောင် ရွက်ပေးသူဆိုသူ ရှေ့နေ ဦးသန်းဦးနှင့် ဦးငွေစိုးတို့က ခရိုင်ဦးစီးမှူးကို ရှေနေ့ ဦးငွေစိုး အိမ်သို့ ခေါ်ဆောင်ပြီး အဓမ္မအမှုသည် အနည်းဆုံး ၁၀နှစ်ကျော်သော ထောင်ဒဏ်များသာ ကျနိုင်ကြောင်း၊ အမှုဖွင့်ပါက သိက္ခာကျနိုင်သဖြင့် သိန်း ၅၀ ပေးပါက အမှုကိစ္စကို ပြေလည်အောင် ဆောင် ရွက်ပေးမည်ဟု ပြောကြားကြောင်း ဦးသန်းထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ ပြောကြားမှုများနှင့် ပတ်သက်၍ အဆိုပါ ရှေ့နေကို ခရိုင် သာသနာရေး ဦးစီးမှူးက အမှုဖွင့် တိုင်ကြားသဖြင့် ဟင်္သာတမြို့နယ် တရားရုံးတွင် ပြစ်မှုကြီး အမှတ် ၁၁၁၁/၁၃၊ ပုဒ်မ ၃၈၈ ဖြင့် လက်ခံ စစ်ဆေး လျက်ရှိကြောင်း ၎င်းထံမှ သိရှိရသည်။

ယင်းကိစ္စနင့် ပတ်သက်၍ ရှေ့နေ ဦးသန်းဦးထံ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာတွင် အဆိုပါ ကိစ္စရပ်အပေါ် ဂျာနယ်များတွင် မထည့်ရန် ပြောကြားလိုကြောင်း၊ ခရိုင် သာသနာရေး ဦးစီးမှူး၏ ပြောဆိုမှု များလည်း မမှန်ကန်ကြောင်း၊ ခရိုင်သာသနာရေးဦးစီးမှူးကို တရားစွဲရန်စီစဉ်ထားသဖြင့် သတင်း ရေးသား ပါက ဂျာနယ်ပါတရားစွဲခံရ မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

The Voice Weekly

No comments:

Post a Comment