Tuesday 9 July 2013

အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ် ကတည်းက ရဲထံထွက်ဆိုထားပြီး ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှုများ အတွက် သံသယရှိဖွယ် တစ်ဦးအား ထပ်မံဖမ်းဆီး

7.8.17
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဗုဒ္ဓဂယာနယ်မြေအတွင်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များ ကြည့်ရှုစစ်ဆေးနေစဉ်။(ဓာတ်ပုံ-AFP)
အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များက ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲ တိုက်ခိုက်မည်ဟု ၂၀၁၂ ခုနှစ်ကတည်းက အိန္ဒိယ ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပြီး ဇူလိုင် ၇ ရက် ဗုံးဖောက်ခွဲမှုများ အတွက် သံသယရှိဖွယ် တစ်ဦးကို ထပ်မံဖမ်းဆီး လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
ဇူလိုင် ၇ ရက်နံနက်ပိုင်းက ဗုဒ္ဓဂယာ ကျောင်းဝန်းအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ခွဲမှုများ အတွက် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ပြန်လည် စစ်ဆေးခဲ့ရာမှ အိန္ဒိယရဲများက ဇူလိုင် ၈ ရက်တွင် လူတစ်ဦးကို ထပ်မံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗုံးဖောက်ခွဲမှုများ အတွက် လူနှစ်ဦးက ဖောက်ခွဲရေး ပစ္စည်းများအား နေရာချခဲ့သည့် ပုံများကို လုံခြုံရေး ကင်မရာများတွင် တွေ့ရှိခဲ့ရာမှ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
''လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကနေ ဗုံးထောင်ခဲ့သူ နှစ်ဦးစလုံးကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့ က ဆောင်ရွက်နေပါတယ်'' ဟု ဂယာမြို့ ရဲအရာရှိ ချန်ဒန်ကူရှဝါဟာ က အေအက်ဖ်ပီသို့ ပြော ကြားသည်။
''ဖမ်းဆီးထားတဲ့သူရဲ့ အမည်က ဗင်နော့မီစထရီလို့ သိရပါတယ်'' ဟု ရဲအရာရှိ အက်စ်ကေဘာရာဒွာဂျာ က ပြော ကြား ခဲ့သည်။
မီစထရီကို ဘီဟာပြည်နယ်၊ မြို့တော် ပတ္တနား တောင်ဘက် မိုင် ၈၀ အကွာရှိ မော်သူပုန်များ၏ အဓိက ခြေကုပ်ဒေသဖြစ် သည့် ဘရာချတ်တီ ဧရိယာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာ ၀င်များ အကြား ဖြစ် ပွားနေသည့် ပြဿနာများအပေါ် ကလဲ့စားချေရန် အတွက် ဗုဒ္ဓဂယာ ကျောင်းတော်ကို အစ္စလာမ္မစ် စစ်သွေးကြွများက ပစ်မှတ်ထား တိုက်ခိုက်ဖွယ်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များကို ကြိုတင်သတိပေး ထားခဲ့သည်ဟု ဒေလီမြို့တော်ရဲများက ပြောကြားခဲ့သည်။
အိန္ဒိယတွင် ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ခံရမှုမှာ ရှားပါးသော်လည်း မြန်မာ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များအကြား တိုက်ခိုက် မှုများ ဖြစ် ပွားပြီးနောက် ဒေသအများအပြားတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။
ဗုဒ္ဓဂယာကို တိုက်ခိုက်ရန် သတင်းအချက်အလက်များကို တိတ်တဆိတ် စုဆောင်းနေမှုကြောင့် အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များအား ဖမ်းဆီးခဲ့ပြီးနောက် ပထမအကြိမ် ဗုံးခွဲတိုက်ခိုက်မှုသည် ဟိုက်ဒရာဘတ်မြို့၏ ဒါစုခန်ဂါအရပ်တွင် ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အချက်အလက် စုဆောင်မှုများ လုပ်ဆောင်နေသည့် အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့ဝင်များကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ပြီးနောက် ဖောက်ခွဲမှုများ ဖြစ်ပေါ်လာခြင်းသည် အဆိုပါ ဖောက်ခွဲမှုများတွင် ၎င်းတို့အဖွဲ့ ပါဝင်နေခြင်းကို ဖော်ပြနေရုံသာမက ဒေလီနှင့် မွမ်ဘိုင်းမြို့များတွင် ၎င်းတို့အဖွဲ့ကပင် တိုက်ခိုက်ဖွယ်ရှိကြောင်း အချက်အလက်များက ဖော်ပြနေသည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့ က ပြောကြားထားသည်။
နယူးဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့မှ ဆာယက်မက်ဘော၊ အာဆတ်ခန်း၊ လန်ဒီအီရာဖန်နှင့် အီမာရန်ခန်းတို့အား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ အတွင်းက စစ်ဆေးမေးမြန်းရာတွင် အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ဟိုက်ဒရာဘတ်မြို့၏ ဒါစုခန်ဂါအရပ်နှင့် ဗုဒ္ဓဂယာရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းများကို တိုက်ခိုက်ရန် အတွက် အချက်အလက်များအား စုဆောင်းရန် ပါကစ္စတန်အခြေစိုက်၊ အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ကို တည်ထောင်သူ ရီယက်ဘတ်တယ်က ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။
ထို့ပြင် Lashkar-e-Taiba ၏ အမေရိကန်-ပါကစ္စတန် အကြမ်းဖက်သမား ဒေးဗစ်ကိုးလ်မန်းဟတ်လေး ကလည်း FBI နှင့် NIA တို့၏ စစ်ဆေးမှုအတွင်း အကြမ်းဖက်ပစ်မှတ် တစ်ခုအဖြစ် ဗုဒ္ဓဂယာကို လျာထားကြောင်း ထွက်ဆိုခဲ့သည်။
ယခုအခါ ယင်းနေရာ နှစ်ခုစလုံး၌ပင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သောကြောင့် ၎င်းတို့ ထွက်ဆိုချက်များတွင် ပါဝင်သည့် အခြားနေရာများ၌လည်း လုံခြုံရေးများ တင်းကျပ်စွာ ချသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ပြော ကြားသည်။
၎င်းတို့၏ ထွက်ဆိုချက်များအရ နောက်ထပ်ပစ်မှတ်များမှာ ဒေလီမြို့နှင့် မွမ်ဘိုင်းမြို့များဖြစ်ပြီး ဒေလီမြို့ရှိ ဆာဒါဈေးနှင့် ချန်နီအရပ်တို့တွင် ၎င်းတို့လေးဦးက စုံစမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ နေရာ များသည် လူထူထပ်သောကြောင့် သေဆုံးသူများ များနိုင်သောကြောင့် ဖောက်ခွဲရန် စီစဉ် ထားခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။
ထို့ပြင် မွမ်ဘိုင်းမြို့၊ အန်ဒါရီ ဘူတာရှိ မက်ဒေါ်နယ်ဆိုင်၊ ဆန်တာခရုဇ် ဘူတာအနီးရှိ ဆာရီဆိုင်များနှင့် စားသောက်ဆိုင်များ၊ ဒါဒါဘတ်စ်ကားမှတ်တိုင်၊ စီအက်စ်တီဘူတာနှင့် ပန်ဗယ်ဘူတာတို့အပြင် လူများ သည့် နေရာ အချို့ကိုလည်း တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။
အိန္ဒိယမူဂျာဟစ်ဒင် အဖွဲ့အနေဖြင့် ၎င်းတို့ကို နိုင်ငံတကာက အာရုံစိုက်လာစေရန်အတွက် ဗုဒ္ဓဂယာကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒေလီရဲတပ်ဖွဲ့က ပြောကြားသည်။

From..EMG

No comments:

Post a Comment