Wednesday 24 July 2013

ကြိုတင်သဘောတူထားသည့် အချက်များ မပါဘဲ ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသည့် ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းအား ပြန်ပြင်ရန် စာနယ်ဇင်းကောင်စီ၊ ပြည်သူ့လွှတ်တော်နှင့် ပြန်ကြားရေးမှ တာဝန်ရှိသူများ ယနေ့တွေ့ဆုံမည်

စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ နှစ် ဖက်ဆွေးနွေး ကာ ပြင်ဆင်ရန် သဘော တူထားသည့် အချက်အချို့ မပါဘဲ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူ့လွှတ်တော်သို့ တင်သွင်းအတည်ပြု ထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပါ အချက်များအား ပြန်ပြင်နိုင်ရန် အတွက် စာနယ်ဇင်းကောင်စီ (ယာယီ)၊ ပြည်သူ့လွှတ်တော်နှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှတာဝန်ရှိ သူများ ယနေ့ (ဇူလိုင် ၂၄ ရက်)တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ 
ပြည်သူ့လွှတ်တော်မှ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူတို့သည် ဇူလိုင် ၂၄ ရက်တွင် နေပြည်တော် လွှတ်တော်အတွင်းရှိ အဆိုပါ ကော်မတီရေးရာဆောင် တွင် တွေ့ဆုံကြ မည် ဖြစ်သည်။

အဓိကအားဖြင့် စာနယ်ဇင်းကောင်စီနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ တွေ့ဆုံစဉ် ပြင်ဆင်ရန် သဘောတူ ထားသည့် အချက်များကို မပြင်ဘဲ ပြန်ကြားရေးဝန်ကြီးဌာနမှ တင်သွင်းခဲ့သည့်အပေါ် အဆိုပါ အချက်များ ကို ပြန်လည်ပြင်ဆင်ရန်အတွက် ဆွေးနွေးမည် ဖြစ်သည်။

ဆွေးနွေးရာတွင် စာနယ်ဇင်းကောင်စီမှ ပြင်ဆင်လိုသည့် အချက်များကို တိုက်ရိုက်ပြောကြား ပြီး ပြန် ကြားရေး ၀န်ကြီးဌာနမှ လက်ခံသည် သို့မဟုတ် လက်မခံကြောင်းကို ဆွေးနွေး မည် ဖြစ်ကြောင်းနှင့် ပြည် သူ့လွှတ်တော်မှ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက် မှု ကော်မတီမှ တာဝန်ရှိသူများက နှစ်ဖက်ဆွေးနွေးမှုအပေါ် ၀င်ရောက်ညှိနှိုင်း ပေးမည်ဖြစ်သည်။

ပြည်သူ့လွှတ်တော် အနေဖြင့် တင်ပြဆွေးနွေးချက်များအပေါ် မည်သို့ဆက်လက် ဆောင်ရွက်ပေးနိုင်မည် ဆိုသည် ကို တွေ့ဆုံ ပွဲတွင် ဆွေးနွေးပြောကြားမည် ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က "အန်တီ နားလည်တာကတော့ မီဒီယာတွေကနေပြီးတော့ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ ဆွေးနွေးပြီးပြီ။ ဆွေးနွေးပြီးတော့ သဘောတူညီမှု ရပြီးပြီလို့ ဒီလိုနားလည်ပါတယ်။ ဒီလိုနားလည်လို့လည်း ပြည်သူ့လွှတ်တော်ကို တင်လိုက်တဲ့ ဥပဒေကြမ်းဟာ မီဒီယာနဲ့ ၀န်ကြီးဌာနနဲ့ သဘောတူညီထားပြီးသား ဥပဒေကြမ်းလို့ ဒီလိုပဲ အန်တီတို့က သက်မှတ်လိုက်တာပေါ့နော်။ နောက်မှ ဒီဟာမဟုတ်ဘူး ဆိုပြီးတော့ ပြောကြတယ်" ဟု ဇူလိုင် ၁၈ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

အဆိုပါ ပွဲတွင်ပင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက "အမျိုးသားလွှတ်တော်က ဒါကိုအတည်ပြုပြီး ရင် ပြည်သူ့လွှတ်တော် ကို ပြန်ပို့ရမယ့် အနေအထား ရှိပါတယ်။ အဲဒီမှာ ဒီဘက်ကနေပြီးတော့ မိမိတို့ လုပ်နိုင် သလောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တစ်ဦးက အဆိုပြန်လည် တင်ပြလာမယ် ဆိုရင် ပြန်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးနိုင်တဲ့ အနေအထား ရှိပါတယ်" ဟု ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment