Wednesday 24 July 2013

ချင်းပြည်နယ်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် အဆိုကို ပြည်သူ့လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြု

ဇူလိုင် ၂၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ်တွင် ဆင်းရဲနွမ်း ပါးမှု ဖြေရှင်းရန်အတွက် အထူးစီမံချက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် ပြည်ထောင်စု
အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ချင်းပြည်နယ်မှ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ချင်းပြည်နယ်မှ တိုင်းရင်းသား အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အခြားဒေသများမှ စိတ်ပါဝင်စားသော ပညာရှင်များ ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေး စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မင်းတပ်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထန်လိန်းက တင်သွင်းခဲ့ရာ ပြည်သူ့ လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ယင်းအဆိုကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ဆွေးနွေးပွဲများ ပြုလုပ်သင့်ကြောင်း သဘောထား မှတ်ချက်ပေးခဲ့ပြီး ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ကလည်း ထောက်ခံခဲ့သည်။

အဆို တင်သွင်းခဲ့သော မင်းတပ်မဲဆန္ဒနယ်မှ ဦးထန်လိန်းက "ဆင်းရဲ မွဲတေမှုဟာ ချင်းပြည်နယ်မှာ အမြင့်ဆုံးဖြစ်နေတယ်။ ချင်းပြည်နယ်က ဆင်းရဲမွဲတေမှုဟာ ၇၃ ရာခိုင်နှုန်း ဖြစ်နေတယ်လို့ မှတ်တမ်းတွေ အရ သိရပါတယ်။ ၃၆ ရာခိုင်နှုန်းကို လျှော့ချပေးမယ်လို့လည်း သိရပါတယ်။ ချင်းအသိပညာရှင် အတတ်ပညာရှင်တွေနဲ့အတူ အခြားဒေသများက သူတွေနဲ့ ပြည်သူတွေရဲ့ အခက်အခဲကိုပါ တင်ပြနိုင် တဲ့ ပြည်သူ့ဗဟိုပြုထားတဲ့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်လိုကြောင်း အဆိုကို ပြည်သူ့လွှတ်တော် ကနေ တစ်ဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းလိုပါတယ်" ဟု ပြောကြား သည်။

Eleven Media Group

No comments:

Post a Comment