Wednesday 19 June 2013

တိုင်းရင်းသားပေါင်းစုံ ပါသည့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပပေးနိုင်မှ အပစ်ရပ်ရေး KIO သဘောတူမည်

မြစ်ကြီးနား ဆွေးနွေးပွဲတွင် ကချင် ဗိုလ်ချုပ်ဂွမ်မော်၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့်အတူ စကားလက်ဆုံကြနေသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး (ဓာတ်ပုံ- မေခ / ဧရာဝတီ)
တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲတရပ်ကို အစိုးရက ကျင်းပပေးနိုင်မှသာ အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ဘက်က လက်မှတ်ရေး ထိုးမည်ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က လိုင်ဇာမြို့၌ ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
အစိုးရအနေဖြင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၁ဖွဲ့နှင့် အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်တွင် ဇူလိုင်လအတွင်း ကျင်းပသွားရန် သမ္မတကြီးက စီစဉ်နေကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ၈ ကြိမ်မြောက် KIO နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အများစုမှာ ဖြစ်မြောက်နိုင်ခြင်း မရှိနိုင်သေးကြောင်း သုံးသပ်နေကြသည်။

“အလုံးစုံ အပစ်အခတ်ရပ်စဲရေး ဆိုတာက နိုင်ငံတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တိုင်းနဲ့ လုပ်ရမှာလေ။ အခုဟာက တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ပဲလို့ ပြောနေတယ်။ တကယ်က ၁၁ ဖွဲ့ဆိုတာ မဟုတ်သေးဘူး။ နာဂတို့ ဘာတို့တွေ လည်း ရှိသေးတယ်။ ဖြစ်စေချင်တာက တိုင်းရင်းသား တဖွဲ့တည်းနဲ့ပဲ ငြိမ်းချမ်းရေး ဆွေးနွေးတာမျိုး မလိုချင်ဘူး၊ အားလုံး ပါဝင်တာမျိုး လိုချင်တယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်က ပြောသည်။

ဆက်လက်ပြီး အစိုးရကျင်းပမည့် အလုံးစုံအပစ်အခတ် ရပ်စဲရေး ပဏာမ ဆွေးနွေးပွဲဟု သုံးနှုန်းထားသည့် အဓိပ္ပာယ်မှာ မရှင်း ကြောင်း၊ ပဏာမ ဆိုသည်မှာ မည်သည့် ဆိုလိုချက် သဘောဆောင်သည် မသိကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ မလုပ်ဘဲ အလုံးစုံ အပစ်အခတ် ရပ်စဲနိုင်ရေးမှာ မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (ခေါ်) ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) မှ ဗိုလ်မှူး စိုင်းလက “သူတို့ပြော တာက နိုင်ငံရေး ဆွေးနွေးပွဲလုပ်မယ် ပြောတာမဟုတ်ဘူး။ တနိုင်လုံး အပစ်အခတ် ရပ်စဲဖို့ လက်မှတ်ထိုးဖို့ ပြောတာ။ အဲဒီလို လက်မှတ် ထိုးဖို့ ကတော့ အပစ်အခတ် ရပ်စဲဖို့ ကျနော်တို့ လက်မှတ်ထိုးခဲ့ပြီးပြီ။ ဒါပေမယ့် တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ။ သမ္မတက ခေါ်ပြီး လက်မှတ်ထိုးဖို့ ပြောပေ မယ့်၊ လက်မှတ်ဘယ်လောက် ထိုးထိုး တပ်နဲ့က ပစ်ခတ်နေတာပဲ၊ ကျနော်တို့ ဆီလည်း ၀င်တိုက် နေတာပဲ။ ဒီပွဲလုပ်ဖို့ကလည်း အာမခံချက် ဘယ်လောက်မှ ရမယ်မထင်ဘူး။ ဖြစ်လာဖို့ကလည်း လက်မှတ် ဘယ်လောက် ထိုးထိုး ဖြစ်နေဆဲ ဆိုတော့ သိပ်တော့ ထူးမှာဟုတ်ဘူး ထင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အထူးဒေသ ၂ “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပြည်ပ ဆက်ဆံရေး ဒု – ဌာနကြီးမှူး ဦးဆမ်ခွန်းကလည်း လက်ရှိ တနိုင်ငံလုံး အတိုင်းအတာအရ လက်မှတ်ထိုးနိုင်ရန်မှာ မလွယ်သေးကြောင်း၊ တိုင်းရင်းသားတိုင်း လိုလားသည့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဆောင်နိုင်မှသာ အလုံးစုံ အပစ်အခတ် ရပ်နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိအချိန် အထိ အပစ်အခတ် ရပ်စဲရေးမှာလည်း အပြောသာ ရှိနေကြောင်း၊ သမ္မတ၏ အလုံးစုံအပစ်အခတ် ရပ်စဲ လက်မှတ်ထိုးပွဲမှာ မည်သည့် အာမခံချက်မှ မပေးနိုင်သေးသည့် ဆွေးနွေးပွဲတခုသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့တွင် ဧရာဝတီနှင့် တွေ့ ဆုံစဉ် သုံး သပ် ခဲ့သည်။

လက်ရှိတွင် နာဂ၊ ပလောင်နှင့် ABSDF၊ ရခိုင် စသည့် တပ်များနှင့်ပါ ပူးတွဲငြိမ်းချမ်းရေး ရယူသွားရန် လိုအပ်ကြောင်း၊ မည်သည့် ပမာဏပင် ရှိစေကာမူ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ကို ဖြစ်ပေါ်လာစေရန် KIOအနေဖြင့် ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်း KIOကိုယ်စား ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားသည်။

KIA အနေဖြင့် အစိုးရနှင့် ခိုင်မာတိကျသည့် အပစ်အခတ် ရပ်စဲနိုင်သည့်တိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်သို့ ၀င်ရောက်မည် မဟုတ်ကြောင်း၊ တိုင်းရင်းသား ပေါင်းစုံ နေထိုင် သည့် နိုင်ငံဖြစ်သောကြောင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်နိုင်မည့် အခြေခံဥပဒေ လိုအပ်နေသေးကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

“ဒုတိယပင်လုံ လုပ်ရမယ်လို့ မဆိုလိုဘူး။ ပင်လုံမလုပ်ဘဲ အစိုးရက လိုအပ်နေတာတွေ လုပ်ပေးရင် ဘာအစည်းအဝေးမှ လုပ်စရာမလိုဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင် ပေးလိုက်ရင် တိုင်းရင်းသားတွေ အနေနဲ့ ဘာမှ ပြောနေစရာ မလိုပါဘူး” ဟု ၎င်းက ပြောသည်။

ဒါ့အပြင် ဗိုလ်ချုပ်ဂွမ်မော်က အစိုးရဟု ဆိုရာ၌ တပ်မတော်ပါ ပါဝင်ရန် လိုအပ်သေးကြောင်း၊ လက်ရှိအချိန်အထိ တပ်မတော်နှင့် အစိုးရမှာ တသားတည်း ဖြစ်သည်ဟူသော အချက်မှာ လက်ခံရန် ခက်ခဲနေသေးကြောင်း၊ လက်တွေ့တွင် ပြောပြီးသည့် စကားများအတိုင်း တည်နိုင်ရန် လိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။

မေ ၃၁ ရက်နေ့တွင် KIO နှင့် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ နှစ်ဘက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင်လည်း တပ်မတော်မှ KIO ၏ တပ်စခန်း တခုဖြစ်သော တပ်ရင်း ၆ ၏ အနောက်ဘက် တောင်ကုန်းကို နယ်မြေ ငြိမ်းချမ်းရေး အကြောင်းပြချက်ဖြင့် တက်ရောက် ရှင်းလင်းရန် တောင်းဆိုမှု များရှိခဲ့ကြောင်း သိရသည်။

“သူတို့ဘက်ကို ခွင့်မပြုဘူးလို့ အကြောင်း ပြန်လိုက်တယ်။ ဒီနောက်ပိုင်းတော့ ဘာမှ အကြောင်း မပြန်တော့ဘူး။ ဒီမှာ ထပ်တက်လာရင်လည်း စစ်ဖြစ်ဖို့ပဲ ရှိတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော် က ပြော သည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ မြစ်ကြီးနားရှိ တပ်မတော် ဌာနချုပ် စခန်းတခုဖြစ်သော တပ်မ ၃၃ ဘက်သို့ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ၎င်းကိစ္စနှင့် ပတ်သတ်၍ ဖြေကြားနိုင်သည့် အရာရှိ မရှိကြောင်း ပြန် လည် ပြောဆိုခဲ့သည်။

“ငြိမ်းချမ်းရေးမှာက တပ်မတော်က ဘယ်လောက်အထိ ပါဝင်မလဲ ဆိုတာ အခုချိန်အထိ တိတိ ကျကျ ပြောဖို့ကတော့ ခက်ခဲ ပါသေးတယ်။ လက်တွေ့မှာက တပ်မတော်က အခုလို နားလည်လို့မရတဲ့ လုပ်ဆောင်ချက်တွေ ရှိနေသေးတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်နောက်ကျောက နေရာ တက်ရှင်းမယ် ဆိုတာက ဘယ်လို စဉ်းစားပေးရမှန်း မသိတော့ဘူး” ဟု ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။

တပ်မတော် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုး ပြီးသော်လည်း စစ်ပွဲများ ဆက်လက် ဖြစ်ပွားရခြင်းနှင့် ပတ်သတ်၍ စစ်ဆင်ရေးပိုင်းကို တာဝန်ယူထားသူ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးကို ဧရာဝတီမှ မေးမြန်းရာ ၎င်းက တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များ နားလည်မှု မရှိသေးသောကြောင့် ဖြစ်ကြောင်း ပြန် လည် ဖြေကြား ခဲ့သည်။

“ယုံကြည်မှု ရှိလာရင် ဘာမှ ဖြစ်လာစရာမရှိဘူး။ ဒီလိုဆိုတော့ ယုံကြည်မှုတွေ တည်ဆောက်ပြီးပြီ၊ ထပ်မဖြစ်ဖို့ အာမခံ နိုင်လား ထပ်မေးရင်တော့ အာမ မခံနိုင်သေးဘူး။ တချို့ဟာတွေမှာ နားလည်မှု လွဲနိုင်စရာတွေ ရှိသေးတယ်။ နားလည်မှု လွဲစရာတွေ ဖြစ်လာရင် နည်းနည်း ပါးပါးတော့ ဖြစ် ချင်ရင် ဖြစ် လာဦးမှာပဲ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဧရာဝတီသို့ ပြောခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းကမူ တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား အပစ်အခတ် ရပ်စဲပြီးသည့်တိုင် စစ်ပွဲများ ဆက်လက် ဖြစ်ပွား ရခြင်း မှာ ငြိမ်းချမ်းရေး လုပ်ငန်း လုပ်ကိုင်နေသည့် ၎င်း၏ လိုအပ်ချက်ကြောင့် ဖြစ်ကြောင်း၊ တပ် နေရာချထားရေး လုပ်ဆောင်ရာတွင် လိုအပ်ချက် ရှိခြင်းကြောင့် ဖြစ်ကြောင်း မေ ၃၁ ရက်နေ့က မြစ်ကြီးနားမြို့ မနောကွင်းတွင် မီဒီယာများနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အရှေ့၌ ပြော ဆို ခဲ့သည်။

ကချင် လွတ်လပ်ရေး တပ်မတော်အနေဖြင့် အစိုးရနှင့် ၈ ကြိမ်မြောက် ဆွေးနွေးမှုများ လုပ်ဆောင် နိုင် ခဲ့သော်လည်း အလုံးစုံအပစ်အခတ် ရပ်စဲရေး စာချုပ်ကိုမူ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

အစိုးရ အနေဖြင့် ၎င်းတို့ ကြေညာထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ဖွဲ့တွင် ၁၀ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုး နိုင်ခဲ့သော်လည်း KIO နှင့်မူ လက်ရှိအချိန်အထိ တိကျသော လက်မှတ်ရေးထိုးနိုင်မှု တစုံတရာ မရှိသေးဘဲ၊ လတ်တလော တွင် နှစ်ဘက် လေ့လာစောင့် ကြည့် သည့် အဖွဲ့ဖွဲ့ကာ နှစ်ဘက် လေ့လာမည့် အဆင့်အထိသာ သဘောတူညီချက် ရရှိထားသည်။

ဧရာဝတီ
 

No comments:

Post a Comment