Sunday 30 June 2013

နိုင်ငံပြတင်းတစ်ပေါက်စနစ် အဆိုပြု ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေး

ကုန်သွယ်မှု ပြုရာတွင် အကောက်ခွန် ရှင်းလင်းမှု လွယ်ကူလျင်မြန်စေမည့် နိုင်ငံ ပြတင်းတစ်ပေါက်စနစ် (Nation Single Window -NSW) အတွက် အဆိုပြုထားသော ကုမ္ပဏီများအနက်မှ ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေးကာ ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
ယင်း NSW စနစ်အတွက် ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့မှ ကုမ္ပဏီတို့က အဆိုပြုထားခြင်း ဖြစ်ပြီး ယင်းကုမ္ပဏီသုံးခု အနက်မှ ရွေးချယ်မည် ဖြစ်သော်လည်း အချိန်အတိအကျကို မသိနိုင်သေးကြောင်း ၎င်းကဆိုသည်။

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုဧရိယာ ဖြစ်လာမည့် ၂၀၁၅ ခုနှစ်တွင် ယင်းစနစ်ကို အသုံးပြုနိုင်ရန် သတ်မှတ်ထားသော်လည်း လတ်တလောတွင် e-Customs စနစ်ကို အကောက်ခွန် ရုံးချုပ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ ချိတ်ဆက်၍ အသုံးပြုသည်မှာ နှစ်လခန့်သာ ရှိသေးသည်။

ယင်းကုမ္ပဏီသုံးခုအနက် ဂျပန်က အဆိုပြုထားသော NACCS စနစ်သည် အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့် ကုန်ကျမည် ဖြစ်သော်လည်း ဂျပန်ဘက်က ကူညီထောက်ပံ့မှုတစ်ရပ် ရပ်ရှိနိုင်ကြောင်း၊ ယင်းစနစ်ကို အသုံးပြုဖြစ်ပါက မြန်မာနိုင်ငံအတွက် MACCS စနစ်အဖြစ် အသုံးပြုနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

ထို့အပြင် ဂျပန်နိုင်ငံ အကောက်ခွန်ဌာနမှ အရာရှိတစ်ဦးကို ၂ နှစ်သက်တမ်းနှင့် ညွှန်ကြားရေးမှူး အဆင့်ပေးကာ ယင်း NACCS စနစ်ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရေးအတွက် အကောက်ခွန် ဝန်ထမ်းများနှင့်အတူ လုပ်ဆောင်လျက် ရှိကြောင်း ယခုနှစ် ဇန်နဝါရီလ အတွင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အကောက်ခွန် ဦးစီးဌာနက တာဝန်ရှိသူများက ပြောကြားသည်။

NSW စနစ်သည် အကောက်ခွန် ရှင်းလင်းမှု ဦးစားပေးစနစ် ဖြစ်သော်လည်း ကုန်သွယ်မှုနှင့် နှီးနွှယ်ပတ်သက်သော ဘဏ်၊ အာမခံ၊ ကုန်သွယ်မှု အသိုင်းအဝိုင်း၊ သယ်ယူပို့ဆောင်ရေး၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) စသည့် ကုန်သွယ်မှု တစ်ခုပြုသည့် အခါတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက် အသုံးပြုသွားရမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်က နေပြည်တော်တွင် ပြုလုပ်သော အကောက်ခွန် ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု အလုပ်ရုံ ဆွေးနွေးပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကွန်ပျူတာ ကွန်ရက်စနစ်ကို အဓိကထား အသုံးပြုရမည့် ယင်း NSW စနစ်သည် ကုန်သွယ်မှု ပြုသည့်အခါ သတင်းအချက်အလက် အားလုံးသည် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း အသီးသီးသို့ ရောက်ရှိ သွားပြီး လုပ်ငန်းဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် လုပ်ငန်းရှင်၊ အေးဂျင့်များနှင့် ဝန်ထမ်းများ တိုက်ရိုက် ထိတွေ့မှု မရှိတော့သည့်အတွက် အကျင့်ပျက် ခြစားမှု ပပျောက်သွား နိုင်ကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

ယင်း NSW စနစ်ကို ကျင့်သုံးနိုင်ပါက အကျင့်ပျက် ခြစားမှုများ လျော့နည်း သွားနိုင်ပြီး၊ နိုင်ငံတကာမှ တတ်ကျွမ်း ပညာရှင်များနှင့် ပူးပေါင်း၍ ဝန်ထမ်းများကို သင်တန်းပေးရန် လိုကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန၏ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင်က မှတ်ချက်ပေးသည်။

ယင်း NSW စနစ်ကို ကြိုတင် အသုံးပြုနိုင်မှသာ အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ ဖြစ်လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ ပြတင်း တစ်ပေါက်စနစ် (Asean Single Window-ASW) ကျင့်သုံးသည့်အခါ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ အကြီးတန်းအရာရှိက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment