Sunday 30 June 2013

လားရှိုးပဋိပက္ခ ပါဝင်ပတ်သက်သူ ၂၀ ကျော်ကို တရားစွဲ

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည် ဟုဆိုကာ ဒေသခံ ၂၀ ကျော်ကို ဇွန်လ နောက်ဆုံးပတ်တွင် တရားစွဲဆိုခဲ့ကြောင်း လားရှိုးမြို့နယ် တရားရုံးမှ သိရှိရသည်။
ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည် ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသူ ၆၁ ဦး အနက် ဒေသခံ ၂၉ ဦးကို ဇွန်လ ၁၂ ရက်နေ့က တရားစွဲဆို ခဲ့ပြီးနောက် ယခုနောက်ထပ် ဇွန်လ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အမှုငါးခုဖြင့် လူ ၂၂ ဦးကို တရားစွဲဆိုခြင်း ဖြစ်သည်။ တရားစွဲခံရသူ ၂၂ ဦးအနက် ဂျာမေဗလီကို မီးရှို့မှုတွင် ပါဝင်ခဲ့သည်ဟုဆိုသူ ခုနစ်ဦး၊ လားရှိုး ဓာတ်ပုံတိုက်တွင်း ဝင်ရောက် ဖျက်ဆီး၊ ပစ္စည်းခိုးယူသည်ဟုဆိုသူ ခြောက်ဦး၊ အစ္စလာမ် မိဘမဲ့ကျောင်းကို ဖျက်ဆီးသည်ဟုဆိုသူ ၁၁ ဦး၊ မွတ်ဆလင် စာသင်ကျောင်း တံခါးကို ဖျက်ဆီးဝင်သူ၊ သံပန်းတံခါးများ၊ မီးအားမြှင့်စက်နှင့် Super Custom ယာဉ်ကို ဖျက်ဆီးခဲ့သည်ဟု ဆိုသူ ငါးဦး၊ လူတစ်ဦး သေဆုံးစေခဲ့ပြီး တစ်ဦးဒဏ်ရာရအောင် ပြုလုပ်ခဲ့သည်ဟုဆိုသူ ငါးဦးတို့ကို တရားစွဲခြင်း ဖြစ်ကြောင်း မြို့နယ်တရားရုံးထံမှ သိရှိရသည်။

ဗလီဖျက်ဆီးမှု၊ လားရှိုးဓာတ်ပုံတိုက် ဖျက်ဆီးမှု၊ အစ္စလာမ် မိဘမဲ့ကျောင်းကို ဖျက်ဆီးမှုဖြင့် တရားစွဲ ခံရသူများအနက် ခြောက်ဦးမှာ အမှုသုံးခုလုံးတွင် ပါဝင်ပတ်သက်မှုဖြင့် တရားစွဲဆို ခံထားရသည်။

အမှုလေးခုတွင် ပါဝင်ပတ်သက်သူ ရှစ်ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်များအရ သိရှိရသည်။
အမျိုးသမီးတစ်ဦးကို ဓာတ်ဆီပက် မီးရှို့ကာ ပဋိပက္ခ အစပြုခဲ့စေသူ ဦးနေဝင်းကို လားရှိုးမြို့နယ် တရားရုံးက ဇွန်လ ၁၁ ရက် နေ့က ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခဲ့ပြီး ပဋိပက္ခတွင် ပါဝင်ပတ်သက်ခဲ့သူ ၂၉ ဦးကို ဇွန်လ ၁၃ရက်နေ့က ခြေချုပ်မိန့်ဖြင့် ခြောက်လ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

လာရှိုးမြို့တွင် မေလ ၂၈ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူတစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ငါးလုံး၊ ရုပ်ရှင်ရုံ တစ်ရုံ၊ ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment