Monday 10 June 2013

ကချင်ပြည်နယ်ဒေသ တစ်ကျော့ပြန်စစ် ၂ နှစ်ပြည့်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှု အမြန်ဆုံး ရရှိရန် အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုမှ အထိမ်းအမှတ်ပွဲ ကျင်းပ

kachinpeace-june10

ကချင်ပြည်နယ်ဒေသ တစ်ကျော့ပြန်စစ် ၂ နှစ်ပြည့်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှု အမြန်ဆုံး ရရှိရန် အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုမှ ပူးပေါင်း၍ စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် နှစ်ဖက်စစ်သား များ၊ ဒေသခံပြည်သူများအတွက် ရည်စူးပြီး လွမ်းသူပန်းခွေချခြင်းနှင့် အထိမ်းအမှတ် လမ်းလျှောက် ဆုတောင်းခြင်း များကို ဇွန် ၉ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် စတင်ပြုလုပ်ခဲ့သည်။
အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုမှ လွမ်းသူပန်းခွေ ပန်းခြင်းများ ကိုင်ဆောင်လျက် စစ်ပွဲအတွင်း သေဆုံး ခဲ့သော နှစ်ဖက်စစ်သည်များ၏ ၀ိညာဉ်၊ စစ်ပွဲအတွင်း သေဆုံးခဲ့သော ပြည်သူများ၏ ၀ိညာဉ်များအသွင် သရုပ်ဆောင်ကာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆုတောင်းခြင်း များ ပြုလုပ်ခဲ့ကြ သည်။

အဆိုပါ လမ်းလျှောက်ဆုတောင်း သူများက "ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ"၊ "ပြည်တွင်းစစ်ကြီး ရပ်စဲ ပါစေ" ဟူသော ကြွေးကြော်သံများကိုလည်း လမ်းတစ်လျှောက်လုံး ကြွေးကြော်ခဲ့ကြသည်။

"ကျွန်တော်တို့ ကချင်ပြည်နယ် လုံးဝငြိမ်းချမ်းသွားဖို့အတွက် ကချင်လူမျိုး တစ်ယောက်အနေ နဲ့ နှစ်ဖက်ခေါင်းဆောင်တွေ ကို တောင်းဆိုပါတယ်။ ကချင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက် နှစ်ဖက်စစ်တပ် များ နေရာချထားရေးကို အဓိကထား ဆွေးနွေးနေတာ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အဖြေတစ်ခု မဟုတ်ပါဘူး။ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ ပေးရေး ကို နှစ်ဖက်ခေါင်းဆောင်များ အဓိကထား ဆွေးနွေးမယ်ဆိုရင် ကချင်ပြည်နယ် ငြိမ်းချမ်းသွားမှာပါ" ဟု အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုဂျော်ဂွန်းက ပြောကြားခဲ့သည်။

အဆိုပါ လမ်းလျှောက်ဆုတောင်း ပွဲအတွက် သက်ဆိုင်ရာမှ ခွင့်ပြုမိန့် ရယူကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့မှ အလုံမြို့နယ်ရှိ ဇောတနာ ရာမပရိယတ္တိ စာသင်တိုက်ထိ လမ်းလျှောက်ကာ ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် တပ်မတော်ကြားတွင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ရရှိခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိ တိုက်ပွဲပေါင်း အကြိမ် ၂၄၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု ၁၆ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ယခုအချိန်အထိ အပြီးသတ် ငြိမ်းချမ်းရေး ရယူနိုင်ခြင်း မရှိသေးပေ။ အဆိုပါ စစ်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက်မှာ ပြည်တွင်း၊ ပြည်ပ စုစုပေါင်း ဦးရေနှစ်သိန်းနီးပါးခန့် ရှိနေကြောင်း သိရသည်။

အဆိုပါ လမ်းလျှောက်ဆုတောင်းပွဲ ပြုလုပ်ခဲ့သည့် အရပ်ဘက် လူ့အဖွဲ့စည်း ၁၈ ခုတွင် ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်လူငယ်များ အဖွဲ့၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်၊ ငြိမ်းချမ်းရေး ကွန်ရက်၊ မြန်မာ့ အရေး ဆောင်ရွက်သူများ၊ ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေး ကွန်ရက်၊ အဖြူရောင် တွဲလက်များ အဖွဲ့၊ ကုန်ဈေးနှုန်း ကျဆင်းရေး အင်အားစု၊ Generation Wave စသည့်အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment