Saturday 4 May 2013

ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အိုကမ်းလှမ်း

သတ်မှတ်ရက် အကြိမ်ကြိမ်ရွှေ့ဆိုင်း ခဲ့ရသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပြည်တွင်း တွင် ပြုလုပ်နိုင်ရန် အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ကေအိုင်အိုက ကမ်း လှမ်းခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ ထံမှ သိရသည်။
ဆွေးနွေးပွဲတွင် ကေအိုင်အိုက လေ့လာသူအဖြစ် ဖိတ်ကြားလိုသော အမေရိကန်၊ ဗြိတိန်၊တရုတ်၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များကို အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီက တာဝန်ယူဖိတ်ကြားပေးရန် တောင်းဆိုထားကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ ထံမှ သိရသည်။

"လေ့လာသူတွေကို ဖိတ်ကြားဖို့ ညှိနှိုင်းတာ အဆင်မပြေရင် မေလအတွင်း ဆွေးနွေးဖို့ မဖြစ်နိုင်ဘူး"ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးက ဆိုသည်။

လေ့လာသူ ဖိတ်ကြားရေးကို ကေအိုင်အို က တောင်းဆိုထားသော်လည်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်   ရေး လုပ်ငန်း ကော်မတီ အနေနှင့်မူ ဆွေးနွေးနေဆဲ ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မြစ်ကြီးနားမြို့တွင် ဧပြီလ ၆ ရက် နေ့က တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ် ထားသော်လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အမေရိကန်၊ ဗြိတိန်နှင့် အီးယူနိုင်ငံ များအား လေ့လာသူအဖြစ် ဖိတ်ကြားခြင်းကို ကန့်ကွက်သည့် အတွက် ရက်ရွှေ့ဆိုင်းလိုက် ရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် လူမှုရေး အဖွဲ့အစည်းများက ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးကမူ မှန်ကန်မှု မရှိကြောင်း ငြင်းဆို ထားသည်။

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို တို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တစ်ကြိမ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တွင် တစ်ကြိမ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့ပြီး အပြုသဘောဆောင်သော နှစ်ဦးနှစ်ဖက် သဘော တူညီမှု ကြေညာချက် များ ထုတ်ပြန်နိုင်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment