Wednesday 10 April 2013

ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်ရန် နိုင်ငံတော် သမ္မတ ပြောကြား

သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ခုဖွဲ့စည်းကာ ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်ရန် နိုင်ငံတော် သမ္မတက ပြော ကြားခဲ့သည်။
ဧပြီလ ၉ရက် နံနက်က နေပြည်တော်ရှိ  နိုင်ငံတော်သမ္မတ အိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးခန်းမ၌ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုအကောင် အထည်ဖော် ဆောင်ရေး ကော်မတီအစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၂ ဇွန်လမှ အောက်တိုဘာလကုန်အထိ ရခိုင်ပြည်နယ်အတွင်း  နေထိုင်ကြသည့် ရခိုင်တိုင်းရင်းသား များနှင့်ဘင်္ဂါလီတို့အကြား အကြမ်းဖက်တိုက်ခိုက်မှုများ၊အကြမ်းဖက်သတ်ဖြတ်မှုများနှင့် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုဖြစ်စဉ် နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ  ၁၆၇ ဦး၊ ဒဏ်ရာရသူ ၂၂၃ ဦးရှိခဲ့ပြီး အိုးအိမ်နှင့် အခြားအဆောက်အအုံပေါင်း ၁၀၁၀၀ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန် ခဲ့သည်။  
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က''ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာက ဦးဆောင်ပြီး သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်း၍ စစ်တွေမြို့တွင် အခြေပြုကာ အကူအညီပေးရေး လုပ် ငန်းများ ဆောင်ရွက်ရန်နှင့် ယင်းအဖွဲ့သည် ဒုက္ခသည်များအတွက် လူနေအိမ်များကို သုံးလအတွင်း အပြီးဆောက်လုပ်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် ထူထောင်ပေးနိုင်ရေးတို့ အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်'' ပြောကြားခဲ့သည်။            
ထို့ပြင် နိုင်ငံတော်သမ္မတက''ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ မလွဲမသွေ လုပ်ဆောင်ရမည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကော်မတီအလိုက် လုပ်ဆောင်ဖွယ်ရာ ရှိသည် များကို အချိန်မဆိုင်းဘဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း  စားရေးနေရေး ကဏ္ဍများ အား လုပ်ဆောင်ပေးသည့်နည်းတူ ပညာရေး ကျန်းမာရေးစသည့် လူမှုရေးလုပ်ငန်းများကိုလည်း ဆက်လက် လုပ်ကိုင်ဆောင်ရွက်ပေးကြရန် လိုအပ်သည်''ဟု ပြောကြားခဲ့သည်။            
ရခိုင်ပြည်နယ်တွင် နေထိုင်သူ အများစုမှာ လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများအား အဓိက လုပ်ကိုင်လျက်ရှိရာ လာမည့်မိုးရာသီတွင် လုပ်ငန်းများလုပ်ကိုင်နိုင်ရန် လယ်ယာစိုက်ပျိုးရေးသုံး အထောက်အကူ ပစ္စည်းများနှင့် ငါးဖမ်းလှေ၊ ငါးဖမ်းပိုက် စသည်တို့ကို ပံပိုးပေးနိုင်ရေး အတွက် ပြည်နယ် အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့ ပူးပေါင်းလုပ်ဆောင်ကြ ရန်လည်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ သည်။      
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာအား ဖြေရှင်းရာတွင်  အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့ ခဲ့ရသော်လည်း ပြဿနာများ ပိုမိုမကြီး ထွားလာစေရန် မဖြစ်မနေ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်တွင်းရေးကို မိမိတို့ဘာသာ အေးချမ်းစွာ ဖြေရှင်းရန် လိုအပ်ကြောင်းနှင့် ဒေသ တည်ငြိမ်ရေး အတွက် လုံခြုံရေး အပြည့်အ၀ ဆောင်ရွက်ပေး ရမည် ဖြစ်ပြီး ပြန်လည် တည်ငြိမ်လာပါက လုံခြုံရေး တပ်ဖွဲ့အင်အား လျော့ချသွားရမည်ဖြစ်သည်''ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။            
ရခိုင်ပြည်နယ်၌ ပြဿနာများ ဖြစ်ပွားပြီးနောက်  ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀၀၊န.စ.ကတပ်ဖွဲ့ဝင် အင်အား ၁၀၀၀နှင့် တပ်မတော်တပ်ရင်း ၅၁ရင်းတို့အား ဖြန့်ကျက်ထားပြီး လုံခြုံရေးရယူခဲ့ကြောင်း သိရသည်။                  
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသည့် ပဋိပက္ခဖြစ်စဉ်များစတင် ဖြစ်ပွားခဲ့သည့် ဇွန်လမှ အောက်တိုလာလ ၂၆ရက်နေ့အထိ အကြမ်းဖက် ဖျက်စီးမှုများတွင် ပါဝင်သူ ၂၀၅၈ ဦး ကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
From....Eleven

No comments:

Post a Comment