Wednesday 13 February 2013

သမ္မတ၏ “စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း” နည်းလမ်း KIO ကြိုဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ “စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်း” နည်းလမ်းအား ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကြိုဆိုကြောင်း ဗုဒ္ဓဟူးနေ့က တုန့်ပြန်ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် KIO မှ အမြဲတမ်း ဗဟိုကော်မတီ ဦးဆွမ်လွတ်ဂမ်တို့ ဦးဆောင်သောအဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးပွဲသို့ ပေးပို့သော သမ္မတ၏ ဆုတောင်းမေတ္တာပို့သစာပါ သဘောထားအား ကြိုဆိုလိုက်ခြင်းလည်း ဖြစ်သည်။

“တိုင်းရင်းသားများအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းသည်သာ တခုတည်းသောနည်းလမ်းဖြစ်ကြောင်း” သမ္မတ က ယုံကြည်သည်ဟု ဆိုထားခြင်းဖြစ်သည်။

KIO ဗဟိုကော်မတီမှလည်း “စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်ရန် နှင့် တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံ ဆွေးနွေးကာ အဖြေရှာမည်ဖြစ်ပါသည်” ဟု ကြေညာလိုက်သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၄ ရက်နေ့ပါ KIO နှင့် မြန်မာအစိုးရတို့ ပူးတွဲကြေညာချက်ပါ အချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KIO အဖွဲ့ ကြေညာချက်က ဖော်ပြသည်။

အစိုးရနှင့် KIO တို့ ယခုလအတွင်း ထပ်မံ တွေ့ဆုံရန် သဘောတူထားခဲ့ကြသည်။

No comments:

Post a Comment