Wednesday 13 February 2013

ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ရရှိပါက ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား



မိမိအနေဖြင့် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများနှင့် ယခု ဒုတိယအကြိမ် ပြန်လည် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ကတိပြုခဲ့သည့်အတိုင်း တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများကို ပြည်ထောင်စုနေ့ အခမ်းအနားကြီးသို့ ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများသည် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အဆင့်တူညီသည်ဟု ဆုံးဖြတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်နှင့်အညီ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၏ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်များ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်း၊ မကြာမီ အကောင်အထည် ပေါ်လာတော့မည် ဖြစ်ပါကြောင်း။

တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု၊ နိုင်ငံ ရေရှည်ရပ်တည်နိုင်မှုတို့နှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို နှုတ်ဖြင့်သာ ပြောဆို တည်ဆောက်၍ မရပါကြောင်း၊တိုင်းရင်းသား အချင်းချင်း ထိတွေ့ဆက်ဆံမှု တစ်ဦးနှင့် တစ်ဦး ကိုယ်ချင်းစာနာ နားလည်မှု၊ တစ်ဦး၏ အခက်အခဲကို တစ်ဦးက နားလည်လက်ခံနိုင်မှု၊ တစ်ဦး၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို တစ်ဦးက တန်ဖိုးထားမှု စသည်တို့ဖြင့် ထိတွေ့ဆက်ဆံနေမှသာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများနှင့် အမြဲထိတွေ့ ဆက်ဆံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ အနေဖြင့်လည်း မိမိတို့ တိုင်းရင်းသားလူမျိုးစုများနှင့် ပတ်သက်၍ ကိစ္စရပ်များရှိပါက နိုင်ငံတော်သမ္မတရုံးသို့ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်နိုင်ရန် အတွက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို တာဝန်ပေးအပ်ထားသဖြင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း

မိမိတို့ အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် တစ်ဦးတစ်ယောက် နာမည်ကောင်းရရန်အတွက် ရည်ရွယ်ဆောင်ရွက်နေခြင်း မဟုတ်ပါကြောင်း၊ သန်း ၆ဝ သော ပြည်သူများ၏ ဆန္ဒဖြစ်သည့် တိုင်းပြည် တည်ငြိမ် အေးချမ်းစေလိုမှု၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေလိုမှုဟူသည့် ဆန္ဒနှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းသာ ဖြစ်ပါကြောင်း။

နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးအဖွဲ့အစည်း အားလုံးနှင့် သဟဇာတဖြစ်ပြီး ၎င်းတို့အနေဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်လာအောင် ဆောင်ရွက်ခဲ့ ပါကြောင်း၊ ထို့အတူ လွတ်လပ်ရေး ရရှိချိန်ကတည်းက ဖြစ်ပွားနေသည့် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင်လည်း ဆောင်ရွက် နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ကေအိုင်အေ တစ်ဖွဲ့နှင့်သာ ဆွေးနွေးနေဆဲအဖြစ် ကျန်ရှိနေပါကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့သည့် ရွှေလီ ဆွေးနွေးပွဲတွင် ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် မကြာမီတွင် ကချင်ပြည်နယ်၌ ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာတော့မည် ဖြစ်ပါကြောင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ရရှိပါက ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နောက်ဆုံး အဆင့်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပမည့် ဆွေးနွေးပွဲတွင် တိုင်းရင်းသားကိုယ်စားလှယ်ပေါင်းစုံ ပါဝင်ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းပါက တရားဥပဒေစိုးမိုးရေးကို ပို၍ ထိရောက်အောင် ဆက်လက်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း။

တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် မိမိတို့၌ သဘာဝ သယံဇာတပစ္စည်း အပါအဝင် ဖွံ့ဖြိုးမှု အခြေခံကောင်းများ ရှိသော်လည်း အရင်းအနှီး၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ ပြည့်စုံမှုမရှိသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်ရန်အတွက် လိုအပ်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှု များကို အဟန့်အတားဖြစ်စေသည့် စီးပွားရေး ပိတ်ဆို့တားဆီးမှုများကိုလည်း ပထမအဆင့်တွင် ဖြေလျော့စေရန်နှင့် ဒုတိယအဆင့်တွင် လုံးဝပယ်ဖျက်လာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးတွင် အရှေ့အနောက် မခွဲခြားဘဲ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိရာ နိုင်ငံတကာနှင့် ဆက်ဆံရေး တိုးတက်လာသည်နှင့်အမျှ စီးပွားရေး ပိတ်ဆို့မှုများလည်း ဖြေလျှော့ပေးခဲ့မှုများကို ရရှိနေပြီ ဖြစ်ပါကြောင်း၊ ယင်းအခြေအနေကောင်းများကို တိုင်းရင်းသားအားလုံး သိရှိ နားလည်ပြီး တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်းဖြင့် ပြောကြားသည်။

Read More: http://www.president-office.gov.mm/zg/briefing-room/news/2013/02/13/id-2603
 မှူးဇော် Facebook မှ

No comments:

Post a Comment