Friday 15 February 2013

i-Pay ကတ်များ နည်းစနစ် မှားယွင်းမှုကြောင့် အဆင်မပြေမှုများဖြစ်

ရန်ကုန်မြို့ရှိ ယာဉ်လိုင်း အချို့တွင် တပ်ဆင်အသုံးပြုနေသာ i-Pay ကတ်များမှာ လုပ်ဆောင်တပ်ဆင်သည့် နည်းစနစ် မှားယွင်းမှုကြောင့် ခရီးသည်များနှင့် ယာဉ်အကူများမှာ အဆင်ပြေမှု မရှိကြောင်း i-Pay ကတ်များ တပ်ဆင် သုံးစွဲ လျက်ရှိသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူများနှင့် ခရီးသည်များ၏ ပြောပြချက်အရ သိရှိရသည်။

မ.ထ.သ ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ''မြန်မာနိုင်ငံမှာ ဒီလိုမျိုး နည်းစနစ်တွေ လုပ်ပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ လုပ်ဆောင်တဲ့ နည်းစနစ်တွေ မှန်ကန်ဖို့နဲ့ အများအတွက် အကျိုးရှိဖို့တော့ လိုတယ်။ အခုလုပ်နေတဲ့ နည်းစနစ်က မှားနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီနိုင်ငံက လိုင်းကားတွေက အကုန်လုံး သိတဲ့အတိုင်းပါပဲ။ ပိုက်ဆံဖြတ်တဲ့ စနစ်ကလည်း မှားနေပါတယ်။ ကားပေါ် တက်လိုက်တာနဲ့ ကတ်နဲ့စက်ကို ပြလိုက်ရင် အလိုအလျောက် ပိုက်ဆံကို ဖြတ်သွားရမှာ။.အခုက ကားပေါ်တက်လိုက်ရင် ပိုက်ဆံဖြတ်ဖို့ ကြာနေတော့ စီးတဲ့သူနဲ့ ယာဉ်အကူတွေအတွက်က အဆင်မပြေနိုင်ဘူ။ ဒီစနစ်ကို ပြည်သူတွေကို အမှန်တစ်ကယ် သုံးစေချင်တယ်ဆိုရင်တော့ ပြည်သူတွေကို အခမဲ့ပေးလိုက်ပါ။ အခုက ဒီကတ်ကို သုံးမယ်ဆိုရင် အနည်းဆုံး ၁ဝဝဝ ရှိမှ သုံးလို့ရနိုင်မယ်။ ကတ်ကို ဝယ်တဲ့ပိုက်ဆံရယ် ထည့်ထားတဲ့ ပိုက်ဆံရယ် အဲ့နှစ်ခုက ဘယ်သူလက်ထဲမှာ ရှိမှာလဲ အခုဆိုရင် သုံးတဲ့သူတွေ သုံးသောင်းလောက် ရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီသူတွေရဲ့ ပိုက်ဆံတွေက ဘာလုပ်လို့ ရလဲဆိုတာ စဉ်းစားရင်တော့ လူတိုင်းသိနိုင်ပါတယ်'' ဟု ပြောသည်။
''အခုဆိုရင် အသုံးပြုတဲ့သူ သုံးသောင်း ကျော်လောက်တော့ ရှိပါတယ် နောက်ပိုင်းမှာလည်း ကျွန်တော်တို့ ဒီထက်ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်သွားဖို့ ရှိပါတယ် တပ်ဆင်အသုံးပြုတဲ့ နေရာမှာလည်း ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းနဲ့ လုပ်ကိုင်လိုတော့ မရပါဘူး။ အကုန်လုံးပါဝင် လုပ်ကိုင်မှသာ ဒီထပ်ပိုပြီးတော့ အသုံးပြုနိုင်မှာပါ'' ဟု i-Pay ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သုံးစွဲသူ တစ်ဦးကလည်း ''အကြွေအမ်းတာ သက်သာတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သုံးရသူတွေ အများစုက အဆင်မပြေပါဘူး။ ပိုက်ဆံကို နှစ်ခါ ဖြတ်တာလည်း ကြုံရတယ်။ တစ်ချို့ယာဉ်လိုင်းက ယာဉ်အကူတွေဆိုရင် ပိုက်ဆံ ပေးစီးတာကို ပိုပြီးတော့ ကြိုက်ကြတယ်။ လူတွေကျပ်တဲ့ အခါကျတော့ သူတို့အတွက်လည်း အဆင်မပြေဘူး'' ဟု ပြောသည်။
အဆိုပါ i-Pay ကတ်များကို ရန်ကုန်မြို့ရှိ ယာဉ်လိုင်းများတွင် ၂ဝ၁၂ ခုနှစ် ဧပြီလမှ စတင်ကာ လုပ်ဆောင်ခဲ့ပြီး ၁၂၄၊ ၂၃၇၊ ရွှေအင်းဝ၊ ၁၉၇၊ ပါရမီ၁၈၂၊ အဓိပတိအနီ၊ အဝါ၊ အပြာနှင့် စုစုပေါင်း ယာဉ်လိုင်း ၈ လိုင်း တပ်ဆင်ထားပြီး ယခုလက်ရှိ အချိန်ထိ သုံးစွဲသူ သုံးသောင်း ကျော်ရှိပြီး ရန်ကုန်မြို့ရှိ နေရာအများစုတွင်လည်း i-Pay အရောင်းဆိုင်များဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
EMG

No comments:

Post a Comment