ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ
မိဘပြည်သူများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ်များမှ
တစ်ဆင့် ပြော ကြားသည့် မိန့်ခွန်း
(၁ - ၂ - ၂၀၁၃)
နှစ်သစ်ကူးမိန့်ခွန်းမှာ ရေဒီယိုကနေတစ်ဆင့်
ကျွန်တော်တို့အစိုးရရဲ့ မူဝါဒများ၊ လုပ်ဆောင်ချက်များကို
အခါအခွင့်သင့်တိုင်း ဆက်သွယ်ပြောကြားသွားမယ်လို့ ပြောကြားခဲ့တဲ့အတိုင်း
ယခုလို ဆက်သွယ်ပြော ကြားခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့အခုရောက်နေတဲ့ နေရာကနေ
ပြန်လှည့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အစိုးရသက်တမ်း နှစ်နှစ်အတွင်းမှာ
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေများစွာ ပြုလုပ်နိုင်ခဲ့တာကို
တွေ့ရမှာဖြစ်ပါတယ်။ ဒီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ကတစ်ဆင့်
အောက်ခြေအဆင့် ပြည်သူလူထုအားလုံးအထိ သက်ရောက် မှုရှိစေမယ့် ပြည်သူ့ဗဟိုပြုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများကိုလည်းအကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါတယ်။
၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာ
မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် အရေးကြီး တဲ့ အောင်ဆန်း-အက်တလီ
စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၃
ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ဟာလည်း နိုင်ငံတကာ
ချေးငွေများလျှော့ချနိုင်မှုနှင့် တိုက်တိုက်ဆိုင်ဆိုင်
မြန်မာ နိုင်ငံစီးပွားရေးသမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်ကျန်ရစ်နေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ငွေကြေးဈေးကွက်များနှင့် စီးပွားရေး
အသိုက်အဝန်းထဲကို ပြန်လည် ဝင်ရောက်နိုင်ဖို့အရေးကြီးတဲ့ ခြေလှမ်းသစ်တစ်ခုကို စတင်နိုင်ခဲ့ လို့ပဲဖြစ်ပါတယ်။လက်ရှိဖွံ့ဖြိုးတိုးတက်နေတဲ့
နိုင်ငံများဟာတစ်ချိန်က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ကဲ့သို့ နိုင်ငံတကာဘဏ်များ၊အဖွဲ့များမှ ငွေကြေးအကူအညီရယူခဲ့ရပါတယ်။
ဖွံ့ဖြိုး တိုး တက်နေတဲ့ နိုင်ငံတိုင်းနီးပါးဟာ သန်းထောင်ပေါင်းများစွာသော
ငွေကြေးအကူအညီကို ရယူခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့
နိုင်ငံကြီးများ၊ တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများ
ဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတို့ဟာလည်း
ငွေကြေးအကူအညီများကို ရယူခဲ့ရပါတယ်။ အထီး ကျန်ဆန်တဲ့
နိုင်ငံတစ်နိုင်ငံအနေနဲ့ ဒီလို အကူအညီတွေ မရနိုင်သလို
ရှေ့ကိုတိုးတက်ဖို့လည်း အလွန် ခက်ခဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ
(၁ဝ)စုနှစ်များစွာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် နိုင်ငံ တကာချေးငွေ
အကူအညီများ ရယူ နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ယခုအခါမှာတော့ ကျွန်တော်တို့နဲ့
ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်း လဲရေး
ကြိုးပမ်း အားထုတ်မှုတွေကြောင့် အခြေအနေတွေကို ပြောင်းလဲ နိုင်ခဲ့ပြီဖြစ်
ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး
ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် အပါအဝင် နိုင်ငံတကာ
ချေးငွေအကူအညီ အတွက် အရေးကြီးတဲ့ နိုင်ငံကြီးများနှင့်လည်း
ညှိနှိုင်းမှုများကို အောင်မြင် စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်က တင်ကျန်ခဲ့တဲ့ နိုင်ငံတကာကြွေးမြီ များထဲ မှ ဒေါ်လာ သန်းပေါင်း
ခြောက်ထောင်ကျော်ကိုလည်း ဖြေလျော့နိုင်အောင် ညှိနှိုင်းဆောင်ရွက်
နိုင်ခဲ့ပြီဆိုတဲ့ သတင်းကောင်းကိုလည်း ပြည်သူလူထုကြီးကို ပြောကြားလိုပါတယ်။
ယခုလို အရေးကြီးတဲ့ အချိန်အခါမှာ မိတ်ဆွေကောင်း ဖြစ်ကြောင်း ပြသခဲ့တဲ့
နော်ဝေနိုင်ငံနဲ့ ဂျပန်နိုင်ငံအပါအဝင် ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံ များရဲ့
အကူအညီများကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ယခုအခါမှာ
ကျွန်တော်တို့ နိုင်ငံအနေနဲ့ နိုင်ငံတကာ အကူအညီ ချေးငွေများကို
ပြန်လည်ရရှိနိုင်ပြီး ဖြစ်ပါတယ်။ ဒီလိုရရှိနိုင်မယ့် သန်းပေါင်းများစွာသော
ရန်ပုံငွေတွေကို ကမ္ဘာ့နိုင်ငံများအလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့
နိုင်ငံ တစ်ခုအဖြစ် ရပ်တည်နိုင်ဖို့၊ တိုင်းပြည်စီးပွားရေး
ဖွံ့ဖြိုးဖို့အတွက် ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ အရေးကြီးတဲ့
စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လမ်းတံတားတွေ ဆောက်ဖို့၊ လျှပ်စစ်ဓာတ်အားတွေ
ထုတ်လုပ် ဖို့နဲ့ ရေကောင်းရေသန့်တွေ ရရှိနိုင်ဖို့ အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။ ယခုလိုဆောင်ရွက် ခဲ့မှု များဟာ ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်
အစည်းအဝေးမှာ ကျွန်တော် ပြောကြားခဲ့သည့် အဆင်းရဲ ဆုံး LDC
နိုင်ငံများစာရင်းမှ ရုန်းထွက်နိုင်အောင် ဆောင်ရွက်မည်ဆိုတဲ့ ကိစ္စရပ်နှင့်ပတ်သက်၍ ပထမခြေလှမ်းအဖြစ် ရရှိနေပြီဖြစ်တဲ့ တိုးတက်မှုဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ ရရှိလာမယ့်
နိုင်ငံတကာ ချေးငွေ အကူအညီတွေကို ပြည်သူ့ အကျိုးစီးပွား အတွက်
ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ဖို့
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့
စီးပွားရေးဦးမော့လာစေဖို့နဲ့ ဆင်းရဲမှုလျှော့ချရေးတွေမှာ အလွန်အရေးပါတဲ့
အသေးစား နဲ့ အလတ်စား စက်မှုလုပ်ငန်းများကိုလည်း အားပေးနိုင်ဖို့
စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အသေးစား နဲ့ အလတ်စားစက်မှုလုပ်ငန်းများကို
မြေတောင် မြှောက်ပေးနိုင်ဖို့အတွက် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတို့ကိုလည်း
ဖွဲ့စည်းခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းများအတွက် လိုအပ်မယ့်နည်းပညာ၊
အရင်းအနှီး၊ အကြံဉာဏ်တွေကို နိုင်ငံတကာက လုပ်ငန်းတွေနဲ့
ချိတ်ဆက်လုပ်ဆောင်မှုများ စတင်နေပြီ ဖြစ်ပါတယ်။ ယခုလည်း လိုအပ်သော
ချေးငွေများကို အသေးစား၊ အလတ်စားစက်မှုဖွံ့ဖြိုးရေးဘဏ်မှ
စတင်ထုတ်ချေးမှုများ ပြု လုပ်ပေး နေပြီ ဖြစ်ပါတယ်။ တစ်စတစ်စပိုပြီး
လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင် ဖို့ ဆောင်ရွက် သွား မှာဖြစ်ပါတယ်။ ထိုအတူ
မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ငွေကြေးနှင့်လိုအပ်သော
အထောက် အပံ့များ ရရှိစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ၁၉-၁-၂ဝ၁၃ ရက်နေ့မှာ
နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု
လုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး အစိုးရအဖွဲ့နဲ့အတူ ပြည်တွင်းပညာရှင်များ၊
စီးပွားရေး လုပ်ငန်းရှင်များပါဝင်တဲ့ ပထမအကြိမ်
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို
ကျင်းပနိုင်ခဲ့ပြီးစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ
မူဘောင်နဲ့ ပတ်သက်လို့ ဝိုင်းဝန်းဆွေးနွေးအကြံဉာဏ်များ ရယူနိုင်ခဲ့ပါတယ်။
ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ထိရောက်ဖို့အတွက် နေပြည်တော်
သဘောတူညီချက်ကိုလည်း သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့အစိုးရအနေနဲ့
ဆင်းရဲမှုလျှော့ချရေးနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နေတဲ့
ကိစ္စတွေလည်းရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ပြည်သူအများစုဟာ
စားဝတ်နေရေးအတွက် တစ်ဘဝလုံး ပင်ပန်ကြီးစွာ ရုန်းကန်ဆောင်ရွက် ကြရပါတယ်။
ဒါပေမယ့် မိမိနဲ့ မိမိရဲ့ မိသားစုကို နွေးထွေး လုံခြုံစေမယ့် ကိုယ်ပိုင်
အိမ်တစ်လုံးကိုတောင်မှ မပိုင်ဆိုင်နိုင်ဘဲချို့တဲ့စွာ နေထိုင်ရတဲ့
အခြေအနေမျိုးတွေရှိ ပါတယ်။ ဒီလိုအိမ်ပိုင်ယာပိုင်မရှိတဲ့
အခြေအနေမျိုးတွေကို လွန်မြောက်စေဖို့အတွက် တန်းဖိုးနည်းအိမ်ရာ
စီမံကိန်းများကိုလည်း ရန်ကုန်မြို့တစ်ဝိုက်မှာ စတင်စီမံဆောင်ရွက် နေပြီ
ဖြစ်ပါတယ်။ တခြားပြည်နယ်နဲ့ တခြားမြို့နယ်များမှာလည်း
တန်းဖိုးနည်းအိမ်ရာများကို ဆက်လက် ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်
နိုင်ငံရဲ့ အဓိကလုပ်သားအင်အား အများစုဖြစ်တဲ့ တောင်သူလယ်သမား များကိုလည်း
အမတော်ကြေး စိုက်ပျိုးစရိတ် လယ်တစ်ဧကကို ကျပ် ၈ဝဝဝဝ ကနေ ကျပ် ၁ဝဝဝဝဝ
နှုန်းအထိ တိုးမြှင့် ထုတ်ပေး နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယာတစ်ဧကကိုလည်း ကျပ်
၁ဝဝဝဝ ကနေ ကျပ် ၂ဝဝဝဝ နှုန်း အထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီလိုတိုးမြှင့်ပေးနိုင်ခဲ့ပေမယ့်လည်း အမှန်တကယ် လိုအပ်မည့်
စိုက်ပျိုးစရိတ် အတွက် ပြည့်မီနိုင်ခြင်းမရှိတာကို သတိပြုမိပါတယ်။ တည်ဆဲ
ဥပဒေများအရ လယ်ယာမြေ ပိုင်ဆိုင်ခွင့် များကို ခွင့်ပြုထားပြီဖြစ်တဲ့အလျှောက်
မိမိတို့ရဲ့ လယ်ယာမြေများကိုအာမခံထား၍ လိုအပ်တဲ့စိုက်ပျိုး
စရိတ် အရင်းအနှီးများ ချေးယူ စုဆောင်းနိုင်တဲ့ အခွင့်အလမ်းများ ရရှိစေရန်
လယ်ယာမြေပိုင်ဆိုင်မှု မှတ်ပုံတင် လုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။
လယ်ယာလုပ်ကိုင်သူ လယ်သမားထုကြီးကို
မိမိအနေနဲ့တိုက်တွန်းလိုတာကတော့လည်း ပွင့်လင်း လွတ်လပ်လာတဲ့ ဈေးကွက်နှင့်
လိုက်လျောညီထွေရှိမည့် ငွေကြေး စီမံခန့်ခွဲမှု နည်းလမ်းသစ်များနှင့် အခွင့်
အလမ်းတွေကို အမိအရဆုပ်ကိုင်ကြိုးပမ်း လုပ်ကိုင်ကြရန်ဖြစ်ပါတယ်။မိမိတို့ရဲ့
အဓိကကုန်ထုတ်အရင်း အနှီး ဖြစ်တဲ့လယ်ယာမြေများ တန်ဖိုးမြင့်တက်လာရန်လည်း
မိမိတို့ရဲ့ လယ်မြေများကို ပြုပြင်ကြစေ လိုပါတယ်။
ရေတိုစီမံခန့်ခွဲမှုများဖြင့် မိမိတို့ရဲ့ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့
လယ်မြေများ ဆုံးရှုံးမှု မရှိရန်ကို လည်း သတိပြုဆောင်ရွက် ကြရန်
တိုက်တွန်းလိုပါတယ်။ တစ်ဆက်တည်းမှာပင် လယ်ယာကဏ္ဍကို
ဈေး ကွက်စီးပွားရေးစနစ်နှင့်အညီတိုးတက်စေမယ့် ခေတ်မီလယ်ယာစိုက်ပျိုးရေးစနစ်သို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
ယခုနိုင်ငံရေးဖြစ်ထွန်းမှုဟာအစိုးရ၊လွှတ်တော်၊ တက်မတော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ပြည်သူ လူထုအားလုံးက
ကဏ္ဍအသီးသီးကနေ အားလုံး ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ဆိုတာ
ငြင်းလို့ မရပါ ဘူး။ ဒီမိုကရေစီဆိုတာဟာ ရွေးကောက်ပွဲ တွေ ကျင်းပရုံနဲ့
မလုံလောက်ပါဘူး။ အသိ အမြင်ကြွယ်ဝတဲ့ ပြည်သူ လူထုတစ်ရပ်လုံးက
ပြည်သူတို့ဘဝအတွက် ရွေးချယ်မှုတွေကိုဖိနှိပ်မှု၊ ချုပ်ချယ်မှု တွေမရှိဘဲ
ဆုံးဖြတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်သည်းကျစ်လျစ်၍
စည်းကမ်းရှိတဲ့အရပ်ဘက် လူ့အဖွဲ့ အစည်း တွေ ပေါ်ပေါက်လာဖို့လည်း
အလွန်အရေးကြီးပါတယ်။
ကျွန်တော်တို့ အစိုးရရဲ့ ရည်မှန်းချက်ကတော့
ခေတ်အဆက်ဆက်မှာအရေးပါတဲ့ အခန်းကဏ္ဍမှာရှိခဲ့တဲ့ အရပ်ဘက်လူအဖွဲ့အစည်းတွေ
ပြန်လည်အားကောင်းလာဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါ တယ်။
တစ်ချိန်တည်းမှာပဲ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်းလာဖို့က နိုင်ငံသား
တစ်ဦးချင်း စီမှာပဲလည်း တာဝန်ရှိပါတယ်။ ကျွန်တော်အနေနဲ့အားလုံးပူးပေါင်းပါဝင်တဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဖြစ်စဉ်တစ်ခု စနစ်တကျ
ဖြစ်ပေါ်လာစေဖို့အတွက် ၂ဝ-၁-၂ဝ၁၃ ရက်နေ့က လူထုအခြေပြု အရပ်ဘက်
လူ့အဖွဲ့အစည်းများနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
၂၇-၁-၂ဝ၁၃ ရက်နေ့ ကလည်း သက်ဆိုင်ရာအရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့
ကျွန်တော်တို့အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီး များနဲ့လည်း စားပွဲဝိုင်းဆွေးနွေးမှုများကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေကနေ
အစပြု ပြီး ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်ကစလို့
အစိုးရယန္တရား အဆင့်ဆင့်မှာ အရပ် ဘက်လူ့အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေပါဝင်တဲ့
အုပ်ချုပ်မှု ဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်မယ် လို့ ယုံကြည်ပါတယ်။
တစ်ဆက်တည်းမှာပင် ကျွန်တော်တို့
ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး များ အောင်မြင်စေဖို့ အတွက်
နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး တည်ဆောက် မှု တို့ကိုလည်း အလေးထားဆောင်ရွက်ရမယ့်
အချိန်ကာလလည်းဖြစ်ပါတယ်။ ယခုဖြစ်ပွားနေတဲ့ ပဋိ ပက္ခတွေရဲ့
အကျိုးဆက်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ၊ ပဋိပက္ခဖြစ်ပွားရာဒေသများက
ပြည်သူအများစု ခံစားနေရတဲ့ စိတ်ဒဏ်ရာ နာကျင်မှုတွေ ဟာလည်း မိမိတို့
လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့
ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက တိုင်းရင်းသား ညီအစ်ကိုများ အားလုံး အတွက်
လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေထိရောက်စွာပေးနိုင်ဖို့ အသင့်ပြင်ဆင်
လုပ် ကိုင်လျက်ရှိပါတယ်။ သင့်တော်တဲ့နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း
ဆက်သွယ်ဆောင်ရွက် လျက်ရှိ ပါတယ်။ တစ်ဖက်မှာလည်း ဆုံးရှုံးနစ်နာမှုများ
ရပ်ဆိုင်းနိုင်ဖို့နဲ့ အများပြည်သူလိုလားတောင့် တနေကြတဲ့ စစ်မှန်သော
ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မိမိတို့အားလုံး စားပွဲဝိုင်းမှာ
ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာ ရမယ့် အချိန်အခါကို ကျရောက်နေပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် သက်ဆိုင်တဲ့လူ့အဖွဲ့အစည်း အသီးသီး မှ ခေါင်းဆောင်များအားလုံး
စားပွဲဝိုင်းသို့လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းကြရန်ကျွန်တော့်အနေနဲ့
အလေး အနက်တိုက်တွန်းအပ်ပါတယ်။ မိမိတို့ ကြိုးပမ်းတည်ဆောက်လျက်ရှိတဲ့
ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ သိမ်မွေ့စွာ ကိုင်တွယ်ရမယ့်၊ ထိလွယ်ရှလွယ်
အဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် တိုက်ရိုက် ပါဝင်ကြိုး ပမ်း
လုပ်ဆောင်နေသူများနဲ့ ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ တညီတညွတ်တည်း
သဘောထား ကြီးကြီးနဲ့ ရုန်းကန်လုပ်ကိုင်မှသာ ဒီအကျပ်အတည်းကို ကျော်လွှားအောင်
မြင်နိုင်မှာ ဖြစ်ကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ အလေးအနက်
ပြောကြားလိုပါတယ်။
နိဂုံးချုပ် အနေနဲ့
ကျွန်တော်ပြောချင်တာကတော့ ယခုအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံအတွက်
အခက် အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပြီး
တစ်ချိန်တည်းမှာပဲ နှစ်ပေါင်းခြောက် ဆယ်ကျော် ကာလအတွင်းမှာ မရဖူးသေးတဲ့
အခွင့်အလမ်း တွေကိုလည်း ရရှိနေပါတယ်။ ပြည်သူတစ်ရပ် လုံးဟာ
ကျွန်တော်တို့နဲ့အတူ ဒီအခက်အခဲတွေကို ဝိုင်းဝန်းကျော်ဖြတ်ကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။ မကြာခင်မှာ ကျရောက်တော့မယ့် (၆၆)နှစ်မြောက်
မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တစ်မျိုးသားလုံး
စုစည်းခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည်းနှိုးဆွပြီး ပြည်သူ
တစ်ဦးချင်းစီ အနေနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့
တိုက်တွန်းရင်းနိဂုံးချုပ် အပ်တယ်။
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ။
No comments:
Post a Comment