Monday 4 February 2013

အသင်းလိုက် စုစည်းမှု မရှိခြင်းသည် ရလဒ်ဆိုးရွား နေခြင်း၏ အဓိက အကြောင်းရင်းဟု ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်း ဖွင့်ဟ

မီဒီယာများ၏ ၀ိုင်းဝန်း မေးမြန်းမှုကို ပြန်လည် ဖြေကြားနေသည့် ဒေါက်တာစိုင်း
လတ်တလောတွင် ရလဒ်များ ဆိုးရွားနေကာ အမှတ်ပေးဇယား နံပါတ်(၈) နေရာသို့ ရောက်ရှိနေသည့် ရတနာပုံ အသင်း၏ ပိုင်ရှင်ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းက အသင်း၏ ရလဒ်များ
ဆိုးရွားနေရခြင်းမှာ အသင်းလိုက် စုစည်းမှု မရှိသောကြောင့်ဟု ဖွင့်ဟခဲ့သည်။


ယမန်နေ့က ရတနာပုံ အသင်းနှင့် M-150 အချိုရည်တို့ ဂျာစီရင်ဘတ် စပွန်ဆာ အတွက် စာချုပ်ချုပ်ဆိုပွဲ ကျင်းပခဲ့ရာ အဆိုပါ စာချုပ်ချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့သည့် မီဒီယာများက
အခမ်းအနား အပြီးတွင် ဒေါက်တာစိုင်းအား တွေ့ဆုံ မေးမြန်းခဲ့ရာ ဒေါက်တာကြီးက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ "အသင်းလိုက် စုစည်းမှု အားနည်းနေတဲ့ အချက်က
အဓိကပဲ"ဟု ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောကြားခဲ့သည်။ ထို့အပြင် ရာသီအစတွင် အသင်းသို့ အခြားအသင်းများမှ ပြည်တွင်း ကစားသမားများကို
ဈေးကြီးပေးဝယ်ကာ မြင့်မားသည့် လစာများ ပေးချေနေခြင်းက အသင်း၏ စည်းလုံးမှုကို ထိခိုက်စေသည် ဟူသည့် သုံးသပ်ချက်ကိုလည်း ဒေါက်တာစိုင်းက လက်ခံခဲ့ပြီး အဆိုပါ
သုံးသပ်ချက်မှာ အထိုက်အလျှောက် မှန်ကန်မှု ရှိကြောင်း ဆိုခဲ့သည်။



ဒေါက်တာစိုင်းက "အသင်းက မညီညွတ်တော့ Team Work မရဘူး။ ဒီတော့ ရလဒ်ဆိုးနေတယ်။ ဘောလုံးမှာ တစ်ယောက်တည်း ကောင်းလို့ မရပါဘူး။ အင်္ဂလန် အသင်းကိုပဲ ကြည့်ပါ။ ပရီးမီးယားလိဂ်က ကမ္ဘာကျော်တွေချည်း ဖွဲ့ထားပေမယ့် သူတို့မှာ Team Work မရှိတော့ မအောင်မြင်ဘူး"ဟု လည်း ဒေါက်တာစိုင်းက ပြောကြားခဲ့သည်။ ထို့အပြင် အနားပေးလိုက်သည့် နည်းပြချုပ် ဘောရစ်၏ နည်းဗျူဟာများတွင်လည်း အားနည်းချက်များ ရှိနေခဲ့ကြောင်း ဒေါက်တာစိုင်းက သုံးသပ်ခဲ့သည်။ "ဘောရစ်မှာလည်း အားနည်းချက်တွေ ရှိတယ်။ အထူးသဖြင့် သူ့ရဲ့ ဘောလုံး နည်းပညာက အသင်းနဲ့ မအပ်စပ်ဘူး ဖြစ်နေတယ်။ ဇွဲကပင်ကို ရှုံးခဲ့တဲ့ ပွဲမှာ သူ့ရဲ့ လူစားလဲပုံက အများကြီး ပြောစရာ ရှိခဲ့တယ်။ ကိုယ်က အနိုင်ရနေတယ် ဆိုပြီး ပိုင်စိုးနဲ့ အောင်မြင့်အေးကို လူစားလဲခဲ့တာက လုံးဝမှားပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါက်တာ စိုင်းဆမ်ထွန်းက အသင်းအတွက် သင့်လျှော်မည့် နိုင်ငံခြားသား နည်းပြတစ်ဦးကို ရှာဖွေသွားမည် ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲမှာ လာမည့် ဖေဖော်ဝါရီ (၉)၊ (၁၀)ရက်များ၌ ကျင်းပမည့် ပွဲစဉ် (၅) အပြီးတွင် လက်ရွေးစင် အသင်း၏ AFC Chellenge Cup ပြိုင်ပွဲများကြောင့် တစ်လခွဲခန့် ရပ်နားမည် ဖြစ်ရာ ပွဲစဉ် (၆)မတိုင်မီ (၂)လခန့် အချိန်ရရှိသောကြောင့် အဆိုပါ ကာလအတွင်း အရည်အချင်းရှိသည့် နိုင်ငံခြားသား နည်းပြတစ်ဦးကို အချိန်ယူ ရှာဖွေသွားမည် ဖြစ်ကြောင်း ဒေါက်တာ စိုင်းက ဆိုခဲ့သည်။
soccermyanmar

No comments:

Post a Comment