Tuesday 19 February 2013

အစိုးရစစ်တပ်က ကလေးစစ်သားတွေ လွှတ်ပေးတဲ့အပေါ် ကုလသမဂ္ဂ ကြိုဆို


မြန်မာနိုင်ငံ အစိုးရစစ်တပ်က ကလေးစစ်သား ၂၄ ယောက် ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ က မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ကလေးသူငယ်အခွင့်အရေး ချိုးဖေါက်မှုတွေရပ်ဆိုင်းရေးအတွက် မြန်မာအစိုးရအနေနဲ့ မနှစ်က ကတိက၀တ် ပြုထားခဲ့တဲ့အတိုင်း ကလေးစစ်သား ပြန်လွှတ်ပေးတဲ့ကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက ကလေးစစ်သားတွေ ပြန်လွှတ်ရေးနဲ့ နောက်ထပ် စုဆောင်းမှုမရှိအောင် ကာကွယ်ရေးတွေအတွက် သတ်မှတ်ထားတဲ့အချိန်အတွင်း ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ ပါဝင်တဲ့ အစီအစဉ်တစ်ရပ်ကို ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
မနေ့ကတော့  မြန်မာ့တပ်မတော်ထဲက ကလေးစစ်သား (၂၄)ယောက်ကို တပ်ထဲက  တရားဝင်နှုတ်ထွက်ခွင့်ပြုတဲ့ အခမ်းအနားတစ်ရပ်ကျင်းပခဲ့ရာမှာ တပ်မတော်အရာရှိကြီးတွေ ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ကုလသမဂ္ဂအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် Mr. Ashok Nigam က  အခုလို ကလေး (၂၄) ယောက် ပြန်လွတ်လာတာဟာ ကလေးစစ်သား ပပျောက်ရေးလုပ်ငန်းစဉ် အကောင်အထည်ဖေါ်ဆောင်ရေးမှာ အစိုးရရဲ့ကြိုဆိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ တပ်မတော်ထဲက ကျန်ရှိနေသေးတဲ့ ကလေးစစ်သားအားလုံးကိုလည်း ပြန်လွှတ်ရေးကိုလည်း အရှိန်မြှင့်ပြီးဆောင်ရွက်စေလိုကြောင်း၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကိုလည်း  အလားတူဆောင်ရွက်စေလိုပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါတယ်။
အသက် (၁၈) နှစ်အောက်အရွယ် ကလေးစစ်သားတွေ အသုံးပြုနေတယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ နိုင်ငံ (၁၄) နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။
RFA

No comments:

Post a Comment