Saturday 1 December 2012

မိုဘိုင်းဖုန်းအင်တာနက် သုံးစွဲခ ပြင်ဆင်မည့် အစီအစဉ် ဆက်သွယ်ရေး ပြန်စဉ်းစားမည်

ယနေ့မှစတင် ပြောင်းလဲကောက်ခံသွားမည်ဟုဆိုသည့် မိုဘိုင်းအင်တာနက်အသုံးပြုခများကို Dat Volume စနစ်အား ယခုနှစ် ကုန်အထိ ရွှေ့ဆိုင်း လိုက်ကြောင်း ယင်းလုပ်ငန်း၏ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။

မိုဘိုင်းအင်တာနက် သုံးစွဲသူများအဆင်ပြေစေရန်အတွက် လက်ရှိ အသုံးပြုနေသည့် မိနစ်အလိုက်ဖြတ်တောက်သည့် စနစ်ကိုသာ လောလောဆယ်တွင် ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး ဒေတာအလိုက်ကောက်ခံမည့် စနစ်စတင်ပါကလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည့်နှုန်းထားများထက် ပိုမိုသက်သာအောင် ထပ် မံလျှော့ချရေး ဆွေးနွေးနေကြောင်းလည်း သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် နိုဝင်ဘာ ၃၀ က ရန်ကုန်အခြေစိုက် မီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် အချိန်အထိ ဒေတာစနစ်ဖြင့် ကောက်ခံမည်ဟု ယတိပြတ်ပြောဆိုခဲ့သည်။

သို့သော် သတင်းစာရှင်းလင်းပွဲအပြီး အွန်လိုင်းမီဒီယာများအပေါ်တွင် ဆက်သွယ်ရေး၏ ဆုံးဖြတ်ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ဆက်တိုက်ထွက်ပေါ်လာအပြီး နာရီပိုင်းအကြာတွင် မိနစ်အလိုက်ကောက်ခံမည့် လတ်တလောစနစ်ကိုသာ ယခုနှစ်ကုန်အထိ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး ဒေတာစနစ်တွင်လည်း နှုန်းထားများကို ထပ်မံလျှော့ချရန် စီစဉ်နေသည်ဆိုသည့်သတင်းကို ယင်းလုပ်ငန်းက ထုတ်ပြန်လာခြင်းဖြစ်သည်။

နှုန်းထားများ ပြင်ဆင်သတ်မှတ်ရန်ဆုံးဖြတ်လိုက်ခြင်းမှာ ၀န်ကြီးအဆင့်တာဝန်ရှိသူများနှင့် ညွှန်ကြားရေးမှူးချုပ်တို့ဘက်မှ ညွှန်ကြားချက်များ ထုတ်ပြန်လာခြင်းကြောင့် မိုဘိုင်းအင်ဂျင်နီယာချုပ်က 7Day News သို့ပြောသည်။

No comments:

Post a Comment