Sunday 4 November 2012

မိတ်ဟောင်းဆွေဟောင်း ဦးသိန်းစိန်ကို သက်ဆင်တွေ့ဆုံမည်

(Bangkok Post မှ 3 Nov 2012 ရက်စွဲပါ “ Thaksin to meet ‘Pal’ Thein Sein” သတင်းကိုဘာသာပြန်ဆိုသည်)
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ၃ ရက်ကြာ မြန်မာခရီးစဉ်၏ တစိတ်တပိုင်းအဖြစ် ကြာသာပတေးနေ့တွင် နေပြည်တော်သို့သွားရောက်၍ သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံလိမ့်မည်ဟု ၎င်း၏အနီးကပ် လက်ထောက်တစ်ဦးက ဆိုပါသည်။
စနေနေ့တွင်ပြီးဆုံးမည့် သက်ဆင်၏မြန်မာခရီးစဉ်ကို ၎င်း၏ဥပဒေအကြံပေး နိုပါဒွန်ပတ္တမာက မနေ့က အတည်ပြု ပြောကြားသည်။
သောကြာနေ့တွင် ထိုင်းနယ်စပ် မယ်ဆိုင်နှင့်မျက်နှာချင်းဆိုင် တာချီလိတ်မြို့တွင် ထိုင်းအစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ ထိုင်းနှင့်မြန်မာ လုပ်ငန်းရှင်များအား သက်ဆင်ကတွေ့ဆုံမည် ဖြစ်သည်။
တာချီလိတ်တွင် ရွှေတိဂုံပုံစံတူဘုရားကိုဖူးမျှော်မည့် သက်ဆင်သည် ယခုခရီးစဉ်တွေ့ဆုံမှုများတွင် စီးပွားရေးစာချုပ်များချုပ်ဆိုရန်မရှိဟု ၎င်းလက်ထောက်က ဆိုသည်။
“သက်ဆင်ရဲ့ခရီးစဉ်မှာ ဖုံးကွယ်ထားတဲ့အစီအစဉ်မရှိပါဘူး။ ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ သမ္မတဦးသိန်းစိန်ကို မိတ်ဟောင်း၊ ဆွေဟောင်းတစ်ဦး အနေနဲ့ တွေ့ဆုံခြင်းသာ ဖြစ်ပါတယ်”ဟု နိုပါဒွန်က ဆိုပါသည်။
ထိုင်းနယ်စပ်မှမယ်ဆိုင်သည် တာချီလိတ်ထက် ဟိုတယ်ခန်းများပိုမိုများပြားကာ ဈေးနှုန်းလည်းချိုသာသောကြောင့် သက်ဆင်နှင့်တွေ့ဆုံကြမည့် ရှပ်နီအုပ်စု ထောက်ခံသူများသည် သောကြာနေ့ညတွင် မယ်ဆိုင်၌ညအိပ်ကာ မနက်ခင်းတွင် တာချီလိတ်ဘက်သို့ ကူးလာကြမည်ဟု သိရှိရသည်။
သက်ဆင်၏ခရီးစဉ်သည် ထားဝယ်စီမံကိန်းရင်းနှီးမြှုပ်နှံမှုကိစ္စနှင့် ပတ်သက်နေသည်ဟူသော သတင်း များကို နိုပါဒွန်က ငြင်းဆိုသည်။ “ထားဝယ် စီမံကိန်းဟာ ထိုင်းနဲ့မြန်မာအစိုးရတွေကြားထဲက ကိစ္စတစ်ခုပါ”ဟု ၎င်းကပြောကြားသည်။
ဥပဒေအကြံပေး နိုပါဒွန်က“လတ်တလော အစိုးရအဖွဲ့ရာထူး အပြောင်းအလဲပြုလုပ်မှုတွင် ဝန်ကြီးနေရာဆုံးရှုံးသွားသော ဖြူထိုင်းလွှတ်တော် အမတ်များအား သက်ဆင်ကချော့မော့လိမ့်မည်ဟု မိမိမယုံကြည်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်းအား မည်သူကမှ ယင်းကိစ္စတင်ပြမည် မဟုတ်ကြောင်း” ရှင်းလင်း ပြောဆိုသည်။
တာချီလိတ်တွင် သက်ဆင်အား ရှပ်နီအုပ်စုများ လာရောက်တွေ့ဆုံမည့်အစီအစဉ်ကို မြန်မာအာဏာပိုင်များက  မီးစိမ်းပြထားသည်ဟုလည်း သိရှိ ရသည်။
ထိုင်းနိုင်ငံနှင့်အနီးဆုံးသို့ သက်ဆင်ရောက်လာခြင်းကို ထိုင်းအစိုးရစိတ်မသက်မသာ   ဖြစ်နိုင်သလား ဟူသောမေးခွန်းကို နိုပါဒွန်က ကန့်ကွက် ငြင်းဆိုသည်။ သက်ဆင်အား ဖမ်းဆီးရေးကိစ္စသည် အစိုးရနှင့်မဆိုင်သလို အင်တာပို၏တာဝန်လည်းမဟုတ်ဟု ၎င်းကပြောကြားသည်။ သက်ဆင်အား ဖမ်းဝရမ်းထုတ်ထားခြင်းသည် အာဏာသိမ်းသော အရှုပ်အထွေး၏အကျိုးဆက်တစ်ခုသာ ဖြစ်သောကြောင့် ယင်းဖမ်းဝရမ်းသည် ဥပဒေစိုးမိုးမှုကို အလိုအလျောက်ချိုးဖောက်ပြီး ဖြစ်နေသည်ဟု သက်ဆင်၏လက်ထောက် နိုပါဒွန်ပတ္တမာက ရှင်းလင်းပြောကြားသွားသည်။
From -Transparencymyanmarblog

No comments:

Post a Comment