“အိုဘားမား လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း”
(၁)
အိုဘားမားသည် ၎င်းနေထိုင်သမှုပြုရာ ထုံးဖြူသုတ်ထားသည့် အိမ်ဟောင်းကြီးရှေ့တွင်
“အိုတီး-(O-Tea)”အမည်ရှိ လက်ဖက်ရည်ဆိုင်တစ်ခုကို ဖွင့်လှစ်လိုက်သည်။
အဆိုပါ အိုတီးလက်ဖက်ရည်ဆိုင်အား သူ၏မိတ်ဆွေ အပေါင်းအသင်း များ၏
ဝိုင်းဝန်းတိုက်တွန်း လှုံ့ဆော်မှုကြောင့် ဖွင့်လှစ်ဖြစ်ခဲ့ခြင်း ပင်ဖြစ် သည်။
(၂)
ထိုအချိန်က မြန်မာဟူသည့် လူညိုများနေထိုင်ရာ
အရှေ့ပိုင်းရွာငယ်လေးတစ်ခုတွင် “လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု”ဆိုသော
ယဉ်ကျေးမှုတစ်ရပ် အတော်အတန်ကြီးမားထွန်းကားလျှက်ရှိလေသည်။ ယင်းရွာ ငယ်လေးရှိ
ရွာသူရွာသားအတော်များများမှာ နာရီ၊ စက္ကန့်၊ မိနစ်များစွာကို
လက်ဖက်ရည်ဆိုင်များထဲတွင် တမ်းတမ်းစွဲစွဲ ပြွတ်ပြွတ်သိပ်သိပ်အချိန်ပေးထိုင်တတ်ကြကြောင်း သတင်းများကြားရစဉ်က အိုဘား မားကြီး တစ်ယောက်
အံ့အားကြီးစွာဖြစ်ရ လေ ၏။
“အချိန်သည်ငွေ”ဟူ၍
သူတို့အနောက်ပိုင်းရွာသားများ အားသွန်ခွန်စိုက် ကြိုးစားလှုပ်ရှား၍
ငွေရရှိအောင် အချိန်ကိုပေးဆပ်နေကြရသည့် ကာလတွင် မြန်မာလူညိုများမှာကား
ငွေများပစ်ပေး၍ပင် အချိန်ကို ၀ယ်ယူ စည်းစိမ် ယစ်နေကြပါတကားဟု
အထင်ကြီးလေးစားစိတ်လည်း အံ့ဘနန်းဖြစ်ပေါ်ရချေသည်။
မြန်မာရွာသို့အလည်အပတ် အပျင်းပြေအပျော်ခရီးထွက်ဖူးကြသော သူ၏မိတ်ဆွေကြီးများက လည်း
မြန်မာ့ လက်ဖက် ရည်ဆိုင်ယဉ်ကျေးမှုအကြောင်းကို မစားရ၀ခမန်း
ပြန်လည်ဖောက်သည် ချလေ့ရှိကြသဖြင့် လက်ဖက် ရည်ဆိုင်ဟူသည့်အရာအား အိုဘားမားကြီး
စတင်စိတ်ဝင်စားခဲ့ရလေတော့သည်။
“ဒီလိုဗျာ... အဲဒီက
လက်ဖက်ရည်ဆိုင်တွေဆိုတာ... ကျုပ်တို့ဆီမှာရှိတဲ့ ကဖေးဆိုင်တွေလိုပါပဲ။
ဒါပေမယ့် ဒီမှာလို သောက်စရာရှိတာတစ်ခွက်သောက်၊ ပြောစရာရှိတာထိုင်ပြောပြီး
ပြန်သွားကြတာမျိုးမဟုတ်ပေဘူး အိုကြီးရဲ့။ သူတို့လက်ဖက်ရည်ဆိုင်တွေက
လက်ဖက်ရည်တစ်ခွက်သောက်၊ အဲ... သုံးခွက်လည်း ထိုင်သောက် ချင်သောက်၊ ပြီးရင်
ရေနွေးတစ်အိုးပြီးတစ်အိုးသောက်ပြီး တစ်နေကုန်တစ်နေခမ်း စပ်မိစပ်ရာ
ကွိစိကွ စတွေကိုချည်း အချိန်ပေးထိုင်ပြောကြရတာကိုးဗျ။ ဆိုင်ရှင်တွေကလည်း
ကြိုက်သလောက်ထိုင် ဘာမှမပြောတဲ့အပြင် သီချင်းလေး၊ ဗီဒီယိုလေး၊
ဘောပွဲလေးတွေပါ ပြပေးထားသေးတာဗျို့... ကျုပ်တော့ အဲ ဒီမြင် ကွင်းတွေကြည့်ပြီး
လူဖြစ်ရကျိုးနပ်လှချည်ကြရဲ့တကားလို့တောင် စိတ်ထဲကတွေးမိသေးတယ်” ဟု
ရွာပေါင်းစုံမှပြဿနာများကို ဒိုင်ခံရှင်းလင်းပေးနေရသည့်
တောင်ကိုရီးယားရွာသားကြီး ကုလဘန် ကီမွန်းကြီး က
သူမြန်မာရွာကိုအလည်ရောက်ခဲ့စဉ်က မြင်ကွင်းကို ပြောပြခဲ့ဖူးရာ အိုဘားမားကြီး
ပါးစပ်ေ ဟာင်းေ လာင်း ကလေးဖြင့် နားထောင်ခဲ့ရဖူးလေသည်။
ထိုသို့ဖြင့်
ယူအက်စ်အေ ရွာလူကြီး အိုဘားမားတစ်ယောက် လက်ဖက်ရည်ဆိုင်နှင့်ပတ်သက်သော
အချက် အလက်များကို ဟိုမေးဒီမြန်းဖြင့် လေ့လာရလေသည်။
(၃)
သူ့ရွာကိုရောက်နေကြသော မြန်မာရွာသားများ၏ ရှင်းပြချက်တို့အပြင်
မြန်မာရွာဆီသို့ အပျော်ခရီး ထွက်ဖူး ကုန်ကြသော ကုလအဖွဲ့မှရောင်းရင်းများ၊
သူ့တပည့်ကျော်များ၏ စီကာပတ်ကုံးပြောပြချက်များကို နားထောင်ရင်း
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်လိုစိတ်များ တဖွားဖွားပေါ်လာရတော့သည်။ သူ့မဟေသီ
မီလ်ရှဲအိုဘားမားကလည်း လက်ဖက်ရည်ဆိုင်ဖွင့်ပါက ကုန်ကျမည့်စရိတ်နှင့်
ပြန်ရမည့်အမြတ်ငွေတို့ကို မည်သို့မည်ပုံတွက်ချက်လိုက်သည်မသိ။
စာရင်းပေါင်းသော် အိုဘားမား၏ ရွာလူကြီးဝင်ငွေ၊
အတ္ထုပတ္တိ စာအုပ်များရောင်းရငွေ၊ အောက်ဆိုက်ရငွေတို့ထက်ပင်
ဖွတ်ကလိကဒင်္ဂါးပေါင်း ဘီလီယံသန်းနှင့်ချီ ထွက်ပေါ်လာ၍ ၀မ်းသာအားရပင်
လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရေး မဟာစီမံကိန်းကြီးကို
အမြန်ဆုံး အကောင် အထည်ဖော်ပါရန် အိုဘားမားကြီး အား
နှစ်ကိုယ်ကြားတစ်ချက် လွှတ်အမိန့်ထုတ် လိုက်လေေ တာ့သည်။
ထို့အပြင်မကြာသေးမီကလေးကပင် မြန်မာရွာသို့အလည်အပတ်သွားရောက်ခဲ့သောသူ့ပြိုင်ဖက် ရဲဘော်ကြီး ဘုရား ဒကာဂျွန်မက်ကိန်းက “မင်း ဒီရွာကို
ရွာလူကြီးအဖြစ်တာဝန်ယူနေပြီးတော့ လက်ဖက်ရည် ဆိုင်လေးတစ်ဆိုင်တောင်
ဖြစ်မြောက်အောင်မဖွင့်နိုင်ဘူးဆိုတော့ နောက်လာမယ့်ရွေးကောက်ပွဲမှာ
ခွေးဖြစ်မယ့်ကိန်းမြင်နေသကွယ့်” ဟုအဓိပ္ပာယ်ရသည့် စကားလုံးကြီးများဖြင့်
အိမ်ရှေ့မှလှမ်းအော်သွားသေးတာမို့ အိုဘားမားတစ်ယောက်
လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ရေးစီမံကိန်းကို စိတ်ဒုံးဒုံးချ
ဆုံးဖြတ်အကောင်အထည်ဖော်ပါတော့၏။
တဆက်တည်းမှာပင်
မြန်မာ့လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုအကြောင်းကို
ရပ်ကျော်ရွာကျော် သတင်းမီဒီ ယာကြီးများက စာဖြင့်တဖုံ၊ ရုပ်သံဖြင့်တစ်မျိုး
နေ့စဉ်ရက်ဆက်ဖော်ပြလာကြတာကြောင့် သူ့ရွာကြီးရှိ ရွာ သူရွာ သားများမှာ
လက်ဖက်ရည်ဆိုင်ပိုးဝင်ကာ လှုပ်လှုပ်ရွရွဖြစ်လာကြလေသည်။ သတင်းများ တွင် လည်း
မြန်မာ့လက်ဖက်ရည်ဆိုင်အကြောင်း၊ သတင်းများ၊ ဆောင်းပါးများကို
ဓာတ်ပုံ များဝေေ၀ ဆာ ဆာဖြင့် မြန်မာရွာသို့
ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရိုက်ကူးတင်ဆက်ဖော်ပြလာကြသည်။
ရွာသူရွာ သားတချို့ကလည်း ရွံ့ပုပ်ရောင်လက်ဖက်ရည်ခွက်ပုံများကိုရေးဆွဲထားသော
ဆိုင်းဘုတ်များ၊ ဗီနိုင်းများကို ကိုင်ဆောင်ကာ သူနေထိုင်ရာ
ထုံးဖြူသုတ်အိမ်ဟောင်းကြီးတစ်ဝိုက် စီတန်းလှည့်လည်ရင်း “We Can Change”၊
“We Can Change” ၊ “We Can Change”၊ ဟူ၍ အားတိုင်းယားတိုင်း
လာလာအော် ဟစ်နေကြလေသည်။
“လက်ဖက်ရည်ဆိုင်ဖွင့်မယ်ဆိုရင်၊ စားပွဲနဲ့
ခုံပုလေးတွေလိုပါမယ်။ လက်ဖက်ရည် ခွက်သေးသေးလေးတွေ လိုပါမယ်။
ရေနွေးကြမ်းအိုးနဲ့ ရေနွေးပန်းကန်လုံးတွေလိုပါမယ်။ နို့ဆီနို့စိမ်း၊
လက်ဖက်ခြောက်စ သဖြင့် လိုအပ်ပါမယ်။ လူအနေနဲ့ အဖျော်ဆရာ၊ အကြော်ဆရာနဲ့
စားပွဲထိုးကလေးတွေ လိုအပ်ပါ မယ်။ ဆေးလိပ် ကိုလည်း
တစ်လိပ်ချင်းရောင်းချပေးနိုင်ရပါမယ်။ သီချင်းဖွင့်ရပါမယ်။ ဘောပွဲပြရပါမယ်။
ရှယ်ဆိုရင်ဇွန်း တပ်ပေးပြီး ရိုးရိုးဆိုရင် ဇွန်းမထည့်ရပါဘူး။
ပလိန်းလို့ပြော ရင် ကော်ဖီမစ်ထုပ် ကိုရေနွေးနဲ့ ချပေး ရပါမယ်..................
” စသည့် အစီရင်ခံစာအပြည့်အစုံတစ်ခုအား မြန်မာရွာတွင်နေထိုင်သည့်
သံတို သံ စရောင်း သူတပည့်ကျော်တစ်ဦးက လှမ်းပို့ပေးလိုက်သောအခါ
လိုအပ်သောပစ္စည်းပစ္စယများကို ချက်ချင်း စုဆောင်းလိုက်ခြင်းအားဖြင့်
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ရန် အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။
သူ၏
ကျေးရွာအုပ်ချုပ်ရေးရုံးမှ လက်အောက်လူကြီးများကလည်း ဤကဲ့သို့
လက်ဖက်ရည် ဆိုင်တစ် ဆိုင် ဖွင့်လှစ်လိုက်ခြင်းအားဖြင့် လူပေါင်းများစွာသည်
လက်ဖက်ရည်သောက်ရင်း အချိန်ကုန်ခံကြတော့ မည်ဖြစ် ရာကျွန်ုပ်တို့ရွာကြီးတွင်ဖြစ်ပေါ်လျှက်ရှိသည့်အလုပ်လက်မဲ့ပြဿနာကြီးအားအလိုလိုဖြေရှင်းနိုင်တော့ မည်ဖြစ် ပါကြောင်း၊
ပင်စင်စားအဘိုးကြီးအဘွားကြီးများကလည်း
လုပ်စရာမရှိတိုင်းလက်ဖက် ရည်ဆိုင်လာ ထိုင်နေတော့မည်ဖြစ်သဖြင့်
ပင်စင်လစာပြဿနာများကိုလည်း အလိုလိုမေ့လျော့ သွားကြလိမ့် မည်ဖြစ် ပါ
ကြောင်းဖြင့် အဖက်ဖက်မှဝိုင်းဝန်း၍ အချွန်ဖြင့်မ ကြလေကုန်၏။
ထိုသို့ဖြင့်...... ထိုသို့ဖြင့်
“အိုတီး” ဟု အမည်သမုတ်သည့်လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်မှာ
ယူအက်စ်အေဆိုသည့်ရွာကြီးရှိ ထုံးဖြူ သုတ်ထားသောအိမ်ဟောင်းကြီးရှေ့တွင်
အောင်မြင်စွာပေါ်ထွက်လာခဲ့လေတော့သည်။
(၄)
အဆိုပါ
အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ပွဲသို့ ကျေးရွာအသီးသီးမှ
ရပ်ရွာခေါင်းဆောင်ကြီးများ တက်ေ ရာက် ချီးမြှင့်ကြပြီး
ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်
ဖဲကြိုးဖြတ်စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သောကြောင့် မီဒီယာ များ တွင်
အအောင်မြင်ဆုံး ဆိုင်သစ်ဖွင့်ပွဲတစ်ခုအဖြစ် ဝေေ၀ဆာဆာဖော်ပြပါရှိလာလေ၏။
ဆိုင်ဖွင့်ပွဲ အထိမ်း အမှတ်အဖြစ် တည်ခင်းဧည့်ခံသော
ပထမဆုံးလက်ဖက်ရည်တစ်ခွက်ကို တစ်ငုံသောက်ကြည့်သော အင်္ဂ လန်ကျေး ရွာလူကြီး
အမျိုးသမီးကြီး ၀ိတိုရိယအဲလိဇဘက်ပင်လျှင်
အရသာထူး ကဲသော လက်ဖက် ရည်ချိုဆိမ့်ကြောင့် အင်တန်နှစ်ခြိုက်စွာဖြင့် “အိုး...
ဂွတ်... အိုး..အိုး..ဂွတ်” ဟူ၍ စိတ်လွတ် ကိုယ် လွတ်မြည်ကြွေးမိလေ၏။ယူအက်စ်အေရွာသားအပေါင်းတို့မှာကားမူ ၀မ်းမြောက်ဝမ်းသာ အားပေးလိုက်ကြ သည်မှာ
ဆိုဖွယ်ရာပင်မရှိပြီ။
ဆိုင်ဖွင့်သည့်နေ့မှာပင်လက်ဖက်ရည်ခွက်ပေါင်းတစ်သန်းကျော်ရောင်းချလိုက် ရလေရာ ကောင်တာနောက် မှာထိုင်၍ ပိုက်ဆံသိမ်းနေသော
မီရှဲလ်အိုဘားမားတစ်ယောက် ပြုံးပန်းပီတိဂွမ်းဆီထိကာ “အဟိ.. အဟိ ..ခွိခွိ ခွိ”
ဖြင့် အူမြူးနေပေတော့သည်။
ဆိုင်ဖွင့်ပွဲအခမ်းအနားအား ရုပ်သံအသီးသီးမှ
Live ထုတ်လွှင့်ပြသရာ စောင့်ကြည့်သူပေါင်း သန်း တစ်ထောင်တိတိရှိလေကြောင်း
Time အမည်ရှိလက်ကမ်းစာစောင်တစ်ခုတွင် ဖော်ပြပါရှိလာ၏။ အိုဘား မား ပါးစပ် လည်း
နားရွက်တက်ချိတ်နေပါတော့၏။
အိုတီးလက်ဖက်ရည်ဆိုင်တွင် အိုစပါယ်ရှယ်
အစားအသောက်များမှာ လွန်စွာမှ လူကြိုက်များလှသည်။ ထိုအရာ များကား
အိုတီးရှယ်လက်ဖက်ရည်၊ အိုကြာကွေး၊ မီရှဲလ်ပလာတာ၊
အိုရှဲစမူဆာတို့ပင်ဖြစ်ကြသည်။ လက်ဖက်ရည်စားပွဲများကို ဆိုင်အတွင်းမှာသာမက
ဆိုင်အပြင်ဖက် ထင်းရှူးပင်များအောက်တွင်လည်း ခင်းကျင်းထားရှိသည်။
အိုဘားမားမှာလည်း အိုတီးလက်ဖက်ရည်ဆိုင်ကို အနောက်ပိုင်းတခွင်
စတင်ဖွင့်လှစ်သူအနေနှင့် ဟုန်း ဟုန်းတောက်နာမည်ကျော်ကာ
ဂရင်းနစ်စံချိန်တင်သွားလေသည်။ ရွာအသီး သီးရှိ ကျောင်းသင် ခန်းစာများ တွင်လည်း
“ယူအက်စ်အေရွာကြီးမှာ ပထမဆုံး လက်ဖက်ရည်ဆိုင်ဖွင့်လှစ်သူအမည်နှင့်
ဆိုင်အမည် ကိုဖော်ပြပါ” စသဖြင့် ထည့်သွင်းသင်ကြားကြရသည့်အဆင့်ထိ
ရောက်ရှိခဲ့လေသည်။
ယူအက်စ်အေရွာကြီးသို့ အလည်အပတ်လာရောက်ကြကုန်သော
လူများမှာလည်း အိုတီးလက်ဖက်ရည် ဆိုင်နောက်ခံနှင့် ဓာတ်ပုံရိုက်ပါမှ
လူရာဝင်ရသလိုလိုဖြစ်ကုန်ကြသည်။
(၅)
အိုဘားမားနှင့် ဇနီးသည်မီရှဲလ်တို့ ကောင်တာဘေးတွင် တိုးတိုးတွတ်တွတ် စကားများနေကြသည်။ မီရှဲလ် က -
“ရှင်က ဒီရွာကလူကြီးပဲ... သူတို့ကို လက်မခံလို့ရတာပဲ”
အိုဘားမားက စိတ်ကျဉ်းကျပ်နေသည့်မျက်နှာမည်းလေးဖြင့်-
“မဖြစ်ပေဘူးကွ...သူတို့တွေကငါ့ရဲ့မိတ်ဆွေတွေ။ပြီးတော့ဒီလူတွေကသူတို့ရွာမှာရွာလူကြီးတွေ ပဲ။ လောေ လာ ဆယ်တော့
ဒို့ဆိုင်လေးကိုမထိခိုက်သရွေ့နည်းနည်းတော့ စောင့်ကြည့်ပါဦးကွာ”
“သတိတော့ထားနော် ကိုကိုဘား... ကျွန်မကတော့ အဲဒီလူတွေကို သိပ်မသင်္ကာဘူး။ အာမက်ဒီနီဂျက် ဆိုတဲ့လူကို ပိုကြည့်မရဘူး”
အကြောင်းမူကား အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ပြီး နှစ်ပတ်အကြာတွင်
ဆိုင်၏မလှမ်းမကမ်း၌ အီရန်ကျေး ရွာမှ ရွာလူကြီး
အာမက်ဒီနီဂျက်ဆိုသည့်ပါးသိုင်းမွေးနှင့်လူက “ကွမ်းမှာဘုရင်၊
အာမက် သခင်”ဟူသည့် ကွမ်းယာဆိုင်လာဖွင့်သောကြောင်းဖြစ်သည်။ သူနှင့်
မရှေးမနှောင်းမှာပင် တရုတ်ရွာမှ ဟူကျင်တောင် ဆိုသည့် အဘိုးကြီးကလည်း
“အသားကိုယူ၊ အဆီကိုစား၊ ပေါက်ဖော်အာရှကျား”အမည်ဖြင့်
ဝက်သား တုတ် ထိုးဆိုင်လာဖွင့်လေသည်။ အိုဘားမားလည်း
ကိုယ့်လိုလက်ဖက်ရည်ဆိုင်လာဖွင့်တာမှမဟုတ်ဘဲလေ ဆိုပြီး
ဒီတိုင်းကြည့်နေလိုက်၏။
ဟူကျင်တောင်၏ ၀က်သားတုတ်ထိုးဆိုင်ကြောင့်
အိုဘားမား၏ ဖောက်သည်ကောင်မလေး တချို့လျော့ နည်းသွားတာ သိပ်ကိစ္စမရှိပေမယ့်
အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်ကြောင့် သူ့ရွာရှိရွာသားတော်တော် များများ
ကွမ်းစားတတ်ကုန်သည်။ လူကြီးလူငယ်များ၏ ပါးစပ်တွင်
ကွမ်းသွေးများနီရဲစွာမြင်လာရသည်။ ဘီကလင်တန်၊ ဟီလာရင်ကလင်တန်လင်မယားဆိုလည်း
အမြဲကွမ်းပလုတ်ပလောင်းတွေဖြစ်နေသည်။ သူနေ ထိုင်ရာ ထုံးဖြူသုတ်အိမ်ကြီး
ပတ်ပတ်လည်မှာ ကွမ်းတံတွေးများ တဗျစ်ဗျစ် လာထွေးထားကြတာ ကိုလည်း
နေ့တိုင်းရှင်းလင်းနေရသည်။
အိမ်နှင့်ရန်ဖြစ်ကာ ထွက်ပြေးလာသော
အိမ်ခြေရာမဲ့ သက်ဆင်ဆိုသည့် ထိုင်းရွာသားတစ်ဦးကို
စားပွဲထိုးခေါင်းဆောင်ခန့်ပြီး အောက်ခြေသိမ်းအလုပ်များကို
ကြီးကြပ်ရှင်းလင်းခိုင်းထားရသည်။ အရေး ထဲမှာအိန္ဒိယကျေးရွာမှမန်မိုဟာဆင်းန်ခေါင်းဆောင်ေ သာ နွားနို့ပို့သည့်ဘာဘူကြီးတွေက လည်း နွားနို့ထဲ
ရေတွေအဆမတန်ရောလာကြသဖြင့် သတိပေးထားရသေးသည်။
(၆)
အိုတီး
လက်ဖက်ရည်ဆိုင်လေးထဲမှာ လူစည်ကားနေသည်။ လင်းဆေးလိုဟန်၊ ဘရစ်တနီစပီးယား၊
အင်ဂျလီနာဂျိုလီ၊ ဂျနီဖာလိုပက်ဇ် တို့ဝိုင်းက ကျယ်လောင်ကျယ်လောင်ဖြင့်
လေပန်းနေကြ၏။ ဒီကောင်မလေးတွေက မူးယစ်ဆေးနည်းနည်းသုံးထားပုံရသည်။
သူမတို့ဝိုင်းကို အက်ဖ်ဘီအိုင်နှင့် စီအိုင်အေသတင်းပေးများက
တခြားဝိုင်းမှနေလှမ်းအကဲခတ်နေကြသည်။ ဂျိုလီက အီကြာကွေးကြီး တစ်ချောင်း ကို
ပါးစပ်ထဲအတင်းထိုးထည့်ပြီး အကဲခတ်နေသည့် ငနဲများကိုလှောင်ပြနေသည်။
“ဘုန်း”
ဆိုင်ထဲကိုဘောလုံးတစ်လုံးဝင်လာပြီး ဆိုင်နံရံကိုထိမိသံဖြစ်သည်။ မီရှဲလ်က ကောင်တာမှနေ အပြင်သို့ လှမ်းအော်သည်။
“ဟဲ့.... ရွန်းနီတို့ ဘက်ခမ်းတို့၊ ဒိုလေးတို့ ဒရော့ဘာတို့ .. ဆိုင်နဲ့ဝေးဝေးမှာသွားကစားကြကွယ်... ဒီမှာ စားသောက်သူတွေရှိနေတယ်”
ဆိုင်ထဲရှိချောင်ကျကျဝိုင်းတစ်ခုမှာတော့ မြောက်ကိုရီးယားအဘိုးကြီး
ကင်ဂျုံအီးတစ်ယောက် တည်း ထိုင်နေ သည်။ ညကများထား၍ အရက်နာကျနေပုံလည်းရသည်။
သူ့ဝိုင်းကို ကွမ်းယာ သည်အာမက် ဒီနီ ဂျက် ခဏလာထိုင်ပြီး
တိုးတိုးကျိတ်ကျိတ်စကားပြော၍ ဟိုကြည့်ဒီကြည့်ပြန် ထွက်သွားတာ ကို
တွေ့လိုက် ရ သဖြင့် အိုဘားမားနည်းနည်းမသင်္ကာဖြစ်သွားသည်။
ဆိုင်ထဲသို့
အာရပ်သုံးဦးဝင်လာသည်။ “ချိုဆိမ့်သုံးခွက်”ဟုမှာပြီး
ဝိုင်းအလွတ်တစ်ခုမှာ ၀င်ထိုင် ကာ ကောင် တာဖက်လှည့်၍ “
အိုမာကြီးအခွေဖွင့်ပေးပါဦး” ဟုတောင်းဆိုတာကြောင့် မီရှဲလ်
စီဒီစက်ကိုဖွင့် လိုက်၏။ အိုမာကြီးဆိုတာ မကြာသေးမီက သေဆုံးသွားသော
အိုစမာဘင်လာဒင် ကိုချစ်စနိုးေ ခ်ါကြခြင်းဖြစ်သည်။
ဘင်ဘာဒင်မသေမီနောက်ဆုံးထုတ်သွားခဲ့သော “အကြမ်းပတမ်းဖက်ပစ်လိုက်မယ်” ဟူသည့်
ရော့ခ်သီချင်းခွေမှာ လူငယ်များကြားရေပန်းစားလျှက်ရှိလေသည်။
“သေနတ်ကလေးကိုဆွဲ... မူရာမများတဲ့ ဒို့က... အကြမ်းဖက်မှာပဲ... ဟူးရေး...
ဝါး ဂါး.ဂရား” ဆိုပြီးရော့ခ် ကာကြီး အိုစမာ၏
ကျယ်လောင်သောသီချင်းသံကြီးထွက်လာပြီးနောက်မှာ လက်လှုပ်ခြေလှုပ်ဖြင့်
စည်းဝါးလိုက်နေကြသော အာရပ်သုံးဦးကိုအိုဘားမားကြည့်နေစဉ်မှာပင်
ဆိုင်ရှေ့သို့ ပိုလာဝက်ဝံတံ ဆိပ်ကပ် ဂျစ်ကားလေးတစ်စီးထိုးရပ်လာလေသည်။
ဆင်းလာသူများက ရုရှားရွာမှရွာလူကြီးနှစ်ဦးဖြစ်သော မက်ဒီဗက်နှင့်
ဗလာဒီမာပူတင်တို့ပင်ဖြစ်သည်။
သူတို့နှစ်ဦးက အိုဘားမားဆီလျှောက်လာပြီးနှုတ်ဆက်ကြသည်။ မက်ဒီဗက်က-
“ဒီလိုအိုဘားမားရဲ့... ဒီက ကျုပ်ဆရာ ဗလာဒီမာပူတင်ကြီးက
ခင်ဗျားဆိုင်ဘေးမှာ ဆိုင်တစ်ဆိုင် ဖွင့်ချင် လို့တဲ့... အဲဒါ
ကျုပ်လိုက်ပြောပေးတာ”
အိုဘားမားတုန်လှုပ်စွာဖြင့်- “ဟင်.... ပူတင်က ဆိုင်ဖွင့်မယ်.. ဟုတ်လား... ဘာ..ဘာဆိုင်တုန်း”
“ပူတီ ဆိုင်လေ... ရုရှားဝက်ဝံလေးပူတင်ရဲ့ပူတီ ဆိုပြီးဖွင့်မလို့...
အဲဒါနေရာတစ်နေရာပေးလိုက်စမ်းပါဗျာ... ခင်ဗျားအာဖဂန်လွင်ပြင်မှာ
အမဲလိုက်ထွက်ရင်သုံးလို့ရအောင် ကျုပ် ဒုံးကျည်လေးတစ်လုံးပို့လိုက်ပါ့မယ်”
“ဟင်.. အမဲလိုက်ဖို့ ဒုံးကျည်....”
ပြောချင်ရာပြောပြီး ပြန်ထွက်သွားသော မက်ဒီဗက်ကိုကြည့်ကာ အိုဘားမား
ပါးစပ်ဟောင်းလောင်းေ လးဖြစ်နေသည်ကို ပူတင်ကြီးက
နဖူးပြောင်ကလေးပွတ်ကာပွတ်ကာဖြင့် ပြုံးပြုံးကြီးကြည့်နေလေသည်။
အိုဘားမား တစ်ဖြည်းဖြည်းနှင့် ဒေါပွလာသည်။
“တောက်...
ဘယ်လိုလူတွေလဲ.... ဟိုတစ်နေ့ကပဲ ပြင်သစ်ရွာက ဆာကိုဇီဆိုတဲ့ကောင်
အနှိပ်ခန်းလာ ဖွင့်ထားသေးတယ်.... ပါကစ္စတန်က ပါဗက်ဇ်မူရှာရက်ဖ်ဆိုတဲ့ငနဲကလည်း
အာဖဂန်က ဟာမစ်ကာ ဇိုင်းဆိုတဲ့လူနဲ့ပေါင်းပြီး ဘိလိယက်ခုံလာထောင်သေးတယ်....
ခု နောက်တစ်ယောက်ထပ်လာပြန်ပြီ... ဂျပန်က အကီဟီတို ဆိုတဲ့ဂျပုအဘိုးကြီးလည်း
ဆူနာမီဒုက္ခသည်တွေအတွက်ဆိုပြီး လက်ဖက် ရည်တွေဝယ်သွားတာ
ခုထိအကြွေးလာမပေးသေးဘူး... တောက်”
(၇)
အိုတီးလက်ဖက်ရည်ဆိုင်ဖွင့်ထားသည်မှာ တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။
အိုဘားမားတို့ လင်မယား လည်း ၀င်ငွေအကောင်းဆုံးစာရင်းဝင်များဖြစ်ကာ
ရွာတကာမှာအချမ်းသာ ဆုံးပုဂ္ဂိုလ် ဖြစ် လာကြလေ သည်။ နေ့စဉ်ဝင်ငွေရလာကြသော်လည်း
သူ့ရွာကြီးရှိလူများမှာ တဖြည်းဖြည်းနှင့်မသိမသာ ပျက်စီးစပြု လာလေသည်။
ပူတင်ဆိုတဲ့ရုရှားက ပူတီရောင်းသလိုလိုနှင့် ဗော်ဒကာဟုခေါ်သော
ရုရှားဘီအီးများကို အရက်ပုန်းရောင်းလျှက်ရှိရာ တစ်ရွာလုံးအရက်သမား
ကွမ်းသမား ဘိလိယက် သမားတွေ ဖြစ် ကုန်ကြ သည်။ စားပွဲထိုးခေါင်းခန့်ထားသော
သက်ဆင်ဆိုတဲ့ကောင်က သူမသိအောင် “ချဲထီ”ဟုခေါ် သည့်လောင်း ကစား တစ်ရပ်ကို
ကြိတ်လုပ်နေသည်ဟု စီအိုင်အေမှသတင်းရပြီးနောက် ဂုတ်ကိုဆွဲကာ
ဆိုင်ကကန် ထုတ်လိုက် ရသေးသည်။
ရွာသူရွာသားလူငယ်များမှာလည်း ပူတင်၏
အရက်ဆိုင်မှာ တစ်လုံးဝင်မော့။ အာမက်ဒီနီဂျက်၏ ကွမ်းယာ တစ်ထုတ်ဝယ်ဝါးကာ
မူရှာရက်ဖ်နှင့် ဟာမစ်ကာဇိုင်းတို့၏ ဘိလိယက်ခုံမှာတစ်ပွဲဝင်ထိုးကြ။
ဒီကြားထဲ သက်ဆင်ဆီမှချဲထီတစ်ကွက်လောက်ပေါက်လိုက် လို့ကတော့ ဆာကိုဇီရဲ့
အနှိပ်ခန်းထဲ ကို ရောက်ရောက် သွားကြတော့သည်။ တလောကလည်း ၀က်သားအသိုးတွေကို
လောဘကြီးပြီး ခပ်တည် တည်ရောင်း ချရာမှ ကောင်မလေးများ ချီးပန်းကုန်ကြသဖြင့်
ဟူကျင်တောင်အဘိုးကြီးကို ၀မ်နင်ထုတ်ထားရသေးသည်။
အဲဒါတွေကြောင့်ပင်
အိုဘားမားတစ်ယောက် စိတ်ညစ်နေရသည်။ မနေ့ညက ကင်ဂျုံအီ အဘိုးကြီး ကို
ကောင်မလေးဆယ်ယောက်နှင့် ရွာထိပ်တွင် တွေ့ရာမှ မသင်္ကာ၍
ရွာလုံခြုံရေးများကပ်သွားကြရာ ကင်ဂျုံအီကြီး ဖိနပ်လေးခါးကြားထိုးပြီး
သုတ်ခနဲလစ်ပြေးသွားသဖြင့် ရွာသူကလေးဆယ်ဦးကို လူကုန်ကူး ခံရမည့်ဘေးမှ
လက်မတင်လေး ကယ်တင်လိုက်နိုင်လေသည်။ ထိုစဉ် ရုတ်ရုတ်သဲသဲအသံကြား၍
လှမ်းကြည့်လိုက်ရာ သူ့ဆိုင်မှာ ထိုင်နေကျ အာရပ်သုံးဦးကို
အက်ဖ်ဘီအိုင်နှင့် စီအိုင်အေအဖွဲ့ဝင်များက လက်ပြန်ကြိုးတုပ်ဖမ်းဆီးလာတာ
တွေ့လိုက်ရသည်။ အိုဘားမားလည်း ထိုင်ရာမှထလိုက်ရသည်။
“ဘာဖြစ်လာကြတာလဲဟေ့”
“ဒီကောင်သုံးကောင် လူကြီးမင်းရဲ့ အိမ်ဖြူကြီးကို လေးခွနဲ့လှမ်းပစ်နေကြလို့ ဖမ်းလာတာပါ။ မှန်နှစ်ချပ် ကွဲသွားပြီ”
“ဟေ... ”
အာရပ်သုံးဦးကို စစ်ကြည့်လိုက်တော့ အာရပ်ယောင်ဆောင်ထားသော
သူခိုးဓားပြသုံးကောင်ဖြစ်ေ နလေ သည်။ တစ်ယောက်က သူ့နာမည်ကို
“ဆိုမာလီ”ဟုပြောသည်။ နောက်တစ်ယောက်က “တာလီဘန်” ဟုဆိုသည်။ နောက်တစ်ယောက်ကတော့
“အယ်ကိုင်ဒါ”ဟု သိရသည်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ကဗျာဆရာများဟု
အခိုင်အမာပြောဆိုနေကြသည်။ “စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်.....
သူတည်း တစ်ယောက်၊ ကောင်းမှုရောက်ဖို့.... အို...နေခြည်ကလည်း
မထိုးရပါသလား....” စသဖြင့် ပါးစပ်ထဲပေါ်ရာ ကဗျာများကို တစ်ယောက်တစ်ပေါက်
ကောက်ရွတ်ပြလိုက်ကြသေးသည်။ တကယ်တမ်းတွင် သူတို့သုံးေ ယာက်မှာ
နှလုံးသားနုနယ်လှသည့် ကဗျာဆရာစင်စစ်များပင်ဖြစ်ပါကြောင်း၊ အိမ်ဖြူကြီး ကို
လေးခွနှင့် ပစ်တာကလည်း “ပါဖောင့်မဲန့်” အနုပညာတစ်ရပ်ကို
တင်ဆက်ကြခြင်း ပင်ဖြစ် ပါကြောင်း တော င်ပြေြာေ မာက်ပြော လျှောက်ပြောကြသည်။
သို့နှင့် အိုဘားမားကလည်း ကဗျာဆရာများ ကိုခံစားနားလည်စွာဖြင့်
ထိပ်တုံးေ လးပဲခတ်လိုက်ရလေသည်။
ပြဿနာတစ်ခုရှင်းလို့မပြီးသေးခင်မှာပဲ
အရပ်ထဲမှ ဇာတ်သမ လင်းဆေးလိုဟန်နှင့် ဘရစ်တနီစပီးယားတို့
အူရား ဖားယားပြေးလာပြီး အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်နောက်ဖက်တွင်
မသင်္ကာစရာ များတွေ့ ခဲ့ကြောင်း၊ဓာတ်ငွေ့လိုလိုအငွေ့များလည်း ထွက်နေပြီး
အနံ့အသက်မှာ ပြင်းထန်စူးရှလှကြောင်း၊ အထဲမှ “ပြာ ကျအောင်တော့မလုပ်နဲ့” ဟူသော
အသံကြီးကိုလည်း ကြားခဲ့ရကြောင်း အိုဘားမားကိုတိုင်ကြသည်။ အိုဘားမားနှင့်
တာဝန်ရှိသူများလည်း ပျာယာခတ်သွားသည်။ တခဏချင်းမှာပင် ---
“အာမက်ဒီနီဂျက်ရဲ့ ကွမ်းယာဆိုင်ထဲမှာ နြူကလီးယားလက်နက်တပ်ဆင်နေတယ်” ဟုသော
သတင်းက တစ်ရွာလုံးပျံ့နှံ့သွားပြီး ပြေးကြလွှားကြနှင့်
ရှုက်ယှက်ခတ်ကုန်တော့သည်။
အိုဘားမားခေါင်းဆောင်သော
ကျေးရွာလုံခြုံရေးတပ်ဖွဲ့များ အာမက်ဒီနီဂျက်၏ ကွမ်းယာဆိုင်ကို
ချက် ချင်းဝင်စီးလိုက်သည်။ ကွမ်းယာဆိုင်ပတ်ပတ်လည်
ထွက်ပေါက်မရှိအောင် ၀ိုင်း လိုက်ပြီး နောက်ဖက် တံခါးချပ်လေးကို
ခြေနှင့်ကန်ဖွင့်လိုက်တော့ အထဲမှာ ပြောင်းတစ်ချောင်းဖြင့်
ဆေးခြောက်ခိုးရှုနေကြသော အာမက်ဒီနီဂျက်နှင့် ဆုငွေထုတ်ခံထားရသည့်လစ်ဗျားရွာမှတောပုန်းကြီးကဒါဖီတို့ကို
မျက်လုံးလေး ကလယ် က လယ်နှင့်တွေ့လိုက်ရသည်။
အာမက်ဒီနီဂျက်နှင့် ကဒါဖီက ဖမ်းဆီးခေါ်ဆောင်ရာနောက်လိုက်လာရင်း မကျေမချမ်းနှင့်ရေရွတ် သွား သည်။
“တောက်... ကောင်မတွေ... သူတို့ကိုဆေးပေးမရှုခိုင်းတာနဲ့ပဲ ငါတို့ကိုချောက်ချတယ်”
(၈)
အိုတီးလက်ဖက်ရည်ဆိုင်လေးကို ရာသက်ပန်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း
ရုပ်သံမီဒီယာများမှ တဆင့် ကြေငြာ လိုက်ပြီးတာနှင့် တဆက်တည်းပင်
အိမ်ဖြူကြီးပတ်ပတ်လည်မှာလာဖွင့်ထားကြသော တခြားရွာများ မှ
ဆိုင်ခန်းများအားလုံးကို ဘော်ဒိုဇာဖြင့် ကော်ထိုးကာ
အားလုံးဖျက်ဆီးပစ်လိုက်သည်။ ဆိုင်ပိုင်ရှင်အ သီးသီးကိုလည်း
တင်းတင်းမာမာရာဇသံပေးကာ ယူအက်စ်အေရွာကြီး မှ မောင်းထုတ် လိုက်သည်။
ခုတော့ ထုံးဖြူသုတ်ထားသည့်အိမ်ကြီးတစ်ဝိုက်မှာ ယခင်အတိုင်းပင် ပြန်လည် ရှင်းလင်းသွားပြီဖြစ်သည်။
အိမ်ဖြူကြီး ၀ရန်တာမှရပ်ရင်း အိုဘားမား သက်ပြင်းမောကြီးချလိုက်မိသည်။ စိတ်ထဲမှလည်း----
“တကယ်တော့လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဆိုတာငါတို့နဲ့ဘယ်လိုမှမအပ်စပ်ပါ လား ကွယ်.... ပြဿနာေ ပါင်းသောင်းခြောက်ထောင်တို့
စုဝေးရာနေရာဌာနကြီးကို လက်ဖက်ရည် ဆိုင် လို့ ခေါ်ဆိုကြသလားပဲ” ဟု
တွေးတောဆင်ခြင် သံဝေဂရမိသည်။ ရွာလူကြီးတစ်ယောက်အနေဖြင့်
ကိုယ့်အိနြေ္ဒနှင့် ကိုယ်မနေ တတ်ဘဲ ဟိုစပ်စပ်ဒီစပ်စပ် ဆတ်ဆော့ချင်၊
ကမြင်းကြောလေးထချင်သော ကိုယ့်ကိုယ်ကိုယ် လည်း ဒေါ သဖြစ်မိသည်။
ဘာပဲဖြစ်ဖြစ် ယူအက်စ်အေရွာလူကြီးအဖြစ်က အနားယူပြီးလျှင်တော့
မြန်မာလူညိုများနေထိုင်ရာ ရွာငယ်လေးရှိ တက္ကသိုလ်ဟောင်းကြီးထဲမှ ကမ္ဘာကျော်
“ဦးချစ်” လက်ဖက်ရည်ဆိုင်လေးသို့ မီရှဲလ်နှင့် သမီးများကိုခေါ်ကာ
တစ်ခေါက်လောက် အရောက်သွားဖြစ်အောင်ကြိုးစားဦးမည်ဟု
အိုဘားမားဆုံးဖြတ်လိုက်သည်။ ဦးချစ်ဆိုင်မဟုတ်ရင်တောင်မှ
လှည်းတန်းဆိုတဲ့အရပ်က ..ရွှေ...ဆိုတဲ့..
လက်ဖက်ရည်ဆိုင်လေးလောက်ဖြစ်ဖြစ်ပေါ့လေ။ ။
ဥက္ကာကိုကို
၃၁၊ ၅၊ ၂၀၁၁။
(ည:သန်းခေါင်ကျော်၂နာရီ)
(ဖတ်ဖူးတဲ့လူတွေများပေမယ့် မဖတ်ရသေးတဲ့ သူငယ်ချင်းတွေအတွက် အမှတ်တရ ပြန်တင်လိုက်ပါတယ်။)
ref:ဥက္ကာကိုကို
No comments:
Post a Comment