Wednesday 17 October 2012

Viber ဆော့ဖ်ဝဲကိစ္စ ဝေဖန်သံများညံ

အင်တာနက်စနစ်ချိတ်ဆက်ထားသောမိုဘိုင်းဖုန်းများမှတစ်ဆင့်ပည်ပသို့ဖုန်းခေါ်ဆိုနိုင်သည့်Viber ဆော့ဖ်ဝဲ စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားမ၀င်ကြောင်း သတ်မှတ်ပြီး အသုံးပြုခွင့် ပိတ်မည် ဟူသော သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးအပေါ် ဝေဖန်မှုများပေါ်ထွက်လျက်ရှိသည်။

"တစ်ကမ္ဘာလုံးသုံးနေတဲ့ ဆော့ဖ်ဝဲကို ဘယ်နိုင်ငံက အော်ပရေတာကမှ ပိတ်တာမကြားဖူးဘူး။ နိုင်ငံတကာ သုံးလို့ ရနေပြီးမှ ဘာလို့ ကိုယ့်နိုင်ငံမှာ ဒီလိုပြည်သူတွေ အဆင်ပြေနေပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ နည်းလမ်းတွေကို ပိတ်ပင်နေရတာလည်းဆိုတာ အခုတလောဖြစ်နေတယ်"ဟု ရန်ကုန်အခြေစိုက် နည်းပညာနယ်ပယ်မှ လူငယ်တစ်ဦးကပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အဆိုပါ Viber စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုခြင်းသည် ၄င်းတို့ လုပ်ငန်းက ပြဋ္ဌာန်းထားသော ဥပဒေနှင့်မညီသဖြင့် ယခုကဲ့သို့ တရားမ၀င် ဖုန်းခေါ်ဆိုခြင်းအဖြစ် သတ်မှတ် ရခြင်းဖြစ်ကြောင်း ယင်းလုပ်ငန်း၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းဌာန တစ်ခု၏ ရေးသားမှုကို အွန်လိုင်းပေါ်တွင် ဖြန့်ဝေကြပြီးနောက် သုံးစွဲသူများ က ဝေဖန်မှု အမျိုး မျိုး ပြုလုပ်ခဲ့ကြသည်။

အဓိကအားဖြင့် ယင်းသို့တစ်ကမ္ဘာလုံး အခမဲ့သုံးစွဲခွင့် ပေးထားသည့် ၀န်ဆောင်မှုများအား တားမြစ်ခြင်း အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မျိုးလွင်က "ခေတ်ကြီးပြောင်းလဲလာတော့ ဥပဒေတွေ လည်း ပြောင်းဖို့လိုနေပြီ။ မိုဘိုင်းဖုန်းတွေကို အင်တာနက်တွေ ချိတ်ထားပေးပြီးတော့မှ မိုဘိုင်းဖုန်းမှာ သုံးလို့ရတဲ့ ဆော့ဖ်ဝဲတွေကို ပိတ်တယ်ဆိုတာက တစ်ခုခုမှားနေတယ်။ ဥပဒေဆိုတာ အားလုံးကို ညီမျှရတယ်။ နိုင်ငံတကာမှာ ဒီလိုဥပဒေတွေ ရှိမှမရှိတာဘဲ"ဟု သုံးသပ်ပြောကြားသည်။

အင်တာနက်စနစ်ရှိသော မိုဘိုင်းဖုန်းများပေါ်မှတစ်ဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်သည့် အဆိုပါ Viber စနစ်သည် သုံးစွဲသူများအတွက် အဆင်ပြေနေသည့် နည်းပညာတစ်ခုဖြစ်နေပြီး နိုင်ငံတကာတွင်လည်း တွင်ကျယ်နေသောစနစ်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြီးခဲ့သည့်နှစ်က အများပြည်သူသုံး အင်တာနက်ဆိုင်များမှ တစ် ဆင့် ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်သည့် VOIP တယ်လီဖုန်းစနစ်များကိုလည်း ဆက်သွယ်ရေးဥပဒေနှင့် ငြိစွန်းပြီး နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေ ထိခိုက်သည်ဟုဆိုကာ တရားမ၀င်ကြောင်း သတ်မှတ်ခဲ့သေးသည်။
 
ref:7daynews 

No comments:

Post a Comment