Saturday 25 August 2012

iPay ကတ် သုံးစွဲသူ နှစ်သောင်းခွဲကျော်ရှိ


ရန်ကုန်မြို့တော်၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် ရေပန်းစား လာသည့် iPay Card ကို ၂၀၁၁ ဧပြီလမှ စ၍ ယခု သြဂုတ်လအထိ သုံးစွဲသူ အရေအတွက် နှစ်သောင်းခွဲကျော် ထိရှိကြောင်း iPay Card စီမံကိန်း မန်နေဂျာ ဦးအောင်ကျော်က ပြောကြားသည်။


ခရီးသည် တင်ယာဉ်များမှာ အသုံးပြုမှု အနေနှင့် စုစုပေါင်း iPay Card အရေအတွက် တစ်သောင်း ရှစ်ထောင်ကျော် ရောင်းချခဲ့ပြီး iPay Card စနစ် အသုံးပြုမှုကို အဓိပတိ အပြာ ၆၃ စီး၊ အဓိပတိ အနီ ၄၈ စီး၊ မထသ ယာဉ်လိုင်း ဖြစ်တဲ့ ၁၂၄ မြောက်ပိုင်း ခရိုင် ယာဉ်လိုင်းမှာ ၃၆ စီး၊ ရွှေအင်းဝ ၁၉၇ ယာဉ်လိုင်း ၆ စီး စသည်တို့တွင် တပ်ဆင် အသုံးပြုနေပြီ ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

" ရန်ကုန်မြို့မှာ ရှိတဲ့ City Bus တွေ အကုန်လုံးကို iPay ကဒ် သုံးစွဲလာဖို့ ပစ်မှတ် ထားပါတယ် " ဟု ၄င်းက ပြောကြားသည်။

ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့် သင်္ဘော ၂ စီးမှာ ဇွန်လ ၁ရက် နေ့မှ စတင်ကာ iPay Card စနစ်ကို အသုံးပြုခဲ့ပြီး iPay Card အရေအတွက် နှစ်ထောင့် ခြောက်ရာကျော် ၀န်းကျင် ရောင်းချခဲ့ပြီး အဆိုပါ iPay Card တစ်ကတ်ကို ၃၀၀ ကျပ်နဲ့ ရောင်းချပေးပြီး အနည်းဆုံးကျပ် ၇၀၀ မှ အများဆုံး ကျပ် တစ်သိန်း အထိ ဖြည့်သွင်း နိုင်ကြောင်း ကစ္စပနဒီ ကုမ္မဏီထံမှ စုံစမ်း သိရှိရသည်။

"လိုင်းကားပေါ်က လူတွေ ချောင်ချောင်ချိချိ စီးဖို့နဲ့ ယာဉ်ကြော ပိတ်တာတွေ နည်းဖို့ရယ်က iPay ကတ်ထက် ပိုအရေးကြီးပါတယ်" ဟု ယာဉ်လိုင်းစီး ခရီးသည် လှည်းတန်းနေ ဒေါ်မိုးမိုးမြင့်သူက ၄င်း၏ အမြင်ကို ပြောဆိုသည်။

အဆိုပါ iPay Card ကို သက်ဆိုင်ရာ ခရီးသည်တင် ယာဉ်လိုင်းများတွင် ၀ယ်ယူနိုင်ပြီး ရန်ကုန်မြို့တော်၊ ၃၆ လမ်းထိပ်၊ ရွှေဂုံတိုင်၊ သမိုင်း ဘုရားလမ်း၊ စော်ဘွားကြီးကုန်း၊ ပါရမီကားဝင်း၊ ဗိုလ်တထောင် ဆိပ်ကမ်း စသည့် နေရာများ မှာရှိပြီး လမ်းဆုံများမှာပါ iPay Station ၁၁ ခုကို ထပ်မံ ဖွင့်လှစ် သွားဖို့ စီစဉ်လျက် ရှိကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်း သိရှိရသည်။

No comments:

Post a Comment