Saturday 25 August 2012

“ပြည်ထောင်စုအဆင့်အငြင်းပွားမှု” ပြဿနာကို ဖြေရှင်းကြရာဝယ် (Tu Maung Nyo)

(ကျနော်မိတ်ဆွေနဲ့ကျနော် “ပြည်ထောင်စုအဆင့်အငြင်းပွားမှု”ကိစ္စ အမြင်ဖလှယ်ခဲ့ကြပါတယ် ၊ မိတ်ဆွေများလည်း စိတ်ပါဝင်စားတယ်ဆိုရင်ဖြင့် ပါဝင် ဆွေးနွေးနိုင်ရန် ဝေငှလိုက်ပါတယ်)
 ၂ နှစ်တောင်မပြည့်သေးဘူး။ “၂၀၀၈ အင်ဂျင်”ဂျမ်းဖြစ်ပြီဗျ။

“၂၀၀၈ အင်ဂျင်” ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကိုပြောတာမဟုတ်လားဗျ။
မှန်ပါ့ဗျာ။ ဒီလို ဂျမ်းဖြစ်တော့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက သတ္တိခဲတွေလည်း ချိန်ခါမီ ပေါ်လာတယ်ဗျ။
ဒေါ်ဒွဲဘူ ကိုပြောတာမဟုတ်လား။
 သူကလည်း “ဆန်ရှင်”နဲ့ဆိုင်တဲ့ အရေးကြီးအဆိုတင်သူ ဒေါ်နန်းဝါနု လို  ဦးရွှေမန်းတို့ လွှတ်တော်ဂိုဏ်း သားဗျ။ အဲ ဂိုဏ်းသူ။ ကချင်တိုင်းရင်းသူဒေါ်ဒွဲဘူကလည်း ရှမ်းတိုင်းရင်း သူ ဒေါ်နန်းဝါနုလိုတိုင်းရင်းသူသတ္တိခဲပဲနော်။ လွှတ်တော်ဥက္ကဋ္ဌကြီးဘက် ကပြတ်ပြတ် ရပ်တာပဲနော်။ ဗွီအိုအေနဲ့အင်တာဗျူးမှာဒေါ်ဒွဲဘူပြောသွားတာများ သမ္မတဦးသိန်းစိန်ကို လွှတ်တော်ထဲမှာ စွပ်စွဲပြစ်တင်တဲ့ အဆိုတင် သွား သလားအောက်မေ့ရတယ်။  
အခုဟာကတော့ လွှတ်တော် ၂ ရပ်အစည်းအဝေးဖျက်ပြီး။ (ကာလုံ) အစည်းအဝေးထိုင်ရတဲ့ အခြေအနေပေါ့ဗျာ။ လွှတ်တော် အစည်းဝေး ကျင်းပမယ့်နေ့ရက်တောင် သတင်းစာမှာ ထည့်ပြီးမကြေညာနိုင်တော့ဘူးဗျ။
“ပြည်ထောင်စုအဆင့်အငြင်းပွားမှု” ပြဿနာကိုဘယ်လိုပြေလည်အောင်ဖြေရှင်းကြမှာတဲ့လဲဗျ။
အစကတော့ ၂ နည်းဗျ။ ခပ်လွယ်လွယ်ပြောရရင် “ဦးသိန်းစိန်နည်း” နဲ့ ဦးရွှေမန်းနည်း” ပေါ့ဗျာ။
ရှင်းပါဦးဗျ။ “ဦးသိန်းစိန်နည်း” နဲ့ ဦးရွှေမန်းနည်း” ဆိုတာဘယ်လိုလဲ။
“ဦးသိန်းစိန်နည်း” က ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့နည်းပေါ့ဗျာ။  ဦးရွှေမန်း နည်း” ကတော့“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ အရ ခုံရုံးဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်တဲ့နည်း”ဖြစ်တယ်ဗျ။
            ဒါပေမယ့် မနေ့က (သြဂုတ် ၂၃) ရက်နေ့ ပြည်ထောင်စုလွှတ်တော် (ဒသမ)နေ့ အစည်းအဝေးမှာတော့  ပျော်ဘွယ်မဲဆန္ဒ နယ်က ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်စိုး (ကြံ့ဖွံ့ပါတီ) ကအရေးကြီးအဆိုတစ်ရပ်တင်သွင်းလိုက်တယ်ဗျ။
            ဒါဆို အထက်ခင်ဗျားပြောနေတဲ့ နည်း ၂ နည်းနဲ့မဖြေရှင်းတော့ဘူးပေါ့ဟုတ်လားဗျ။
           
            အဓိကပယ်ချလိုက်တာကတော့“ဦးသိန်းစိန်နည်း”(ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနည်း)ကို လွှတ်တော်ဘက်က ပြတ်ပြတ် သားသားပယ်ချလိုက်တာဖြစ်ပါတယ်။
 ပြည်ထောင်စုလွှတ်တော်မှာ တင်တဲ့အရေးကြီးအဆိုကလည်း အခြေခံအားဖြင့်ပြောရရင် “ဦးရွှေမန်းနည်း” ကို လမ်းကြောင်း တစ်မျိုးနဲ့သွားတာပါပဲဗျာ။ သိပ်မထူးပါဘူး“ဦးရွှေမန်းနည်း”ပါပဲ။ ကျနော့်အမြင်ကတော့ ပိုပြီးတောင်ပြင်းထန်နေသေးတယ်လို့ယူဆတယ်။
            ပြင်းထန်တယ်ဆိုတာ ဘာတွေပါနေလို့လဲဗျ။
            အကျဉ်းချုပ်ကတော့ ဒီလို “မှားယွင်းစွာ ဆုံးဖြတ်မိခြင်း ဖြစ်ကြောင်းကို ခုံရုံးကကြေညာချက် ထုတ်ပြန်ပေးရန်” ဆိုတာပါပဲ။
ဘာကြောင့်ပြင်းထန်တယ်လို့ပြောရတာလဲဆိုတာ ပိုရှင်းအောင် အရေးကြီးအဆို မူရင်း ကို ဟောဒီမှာ ဖတ်ကြည့်ဗျာ။
“လွှတ်တော်ကော်မတီ အသီးသီးကဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်းဆုံးဖြတ်ခဲ့သည့်ဆုံးဖြတ်ချက်သည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေများအရ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍မှားယွင်းစွာ ဆုံးဖြတ်ခဲ့ ခြင်းဖြစ် ပါသဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသည် မှားယွင်းဆောင်ရွက်မိခဲ့ကြောင်း ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ကြေညာချက်ထုတ်ပြန်ပေးရေး အတွက် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးရန်”
တော်တော်ပြင်းထန်တာပဲဗျ။ ခင်ဗျားပြောသလို အရေးကြီးအဆိုက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ အရ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ ဝင်တွေကို စွပ်စွဲပြစ်တင်တဲ့နည်း၊ “ဦးရွှေမန်းနည်း” ပါပဲ။
အရေးကြီးအဆိုထဲမှာပါတဲ့ “လုပ်ပိုင်ခွင့်မရှိဘဲလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး — တည်ဆဲဥပဒေများပါပြဋ္ဌာန်း ချက်များကို ဆန့်ကျင်၍ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တယ်” ဆိုတာရဲ့ အနှစ်သာရက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ(က) မှာပါရှိတဲ့ (၂) (၃)  (၅) တို့ကို ဖောက်ဖျက် ကျူးလွန်တယ်လို့ စွပ်စွဲပြစ်တင်လိုက်တာပဲဗျ။
ဟုတ်တယ်ဗျ။ ခင်ဗျား ပုံမှန်ပဲစဉ်းစားကြည့်ဗျ ခုံရုံးဥက္ကဋ္ဌ ဖြစ်တဲ့ ဦးသိန်းစိုး ကိုတော့ စစ်တပ်ကလာတဲ့ စစ်ဗိုလ်မို့ အထက်က လာတဲ့ အမိန့်နာခံရမယ်ဆိုတာမဆန်းပါဘူးဗျာ။ ဒါပေမယ့် ကျန်တဲ့ ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း ၊ဦးဆန်းမြင့် ၊ ဦးမြင့်ကြိုင်နဲ့ ဒေါ်မိမိရီ တို့ဟာ အရပ်သားတွေဗျ။ ဥပဒေပညာကိုစနစ်တကျလေ့လာသင်ယူထားကြတဲ့ ပုဂ္ဂိုလ် တွေဗျ။ သူတို့တတွေဟာ သူတို့ တာဝန်ဝတ္တရားဘာလဲဆိုတာကို တိတိကျကျနားလည်ထားကြ သူတွေဖြစ်လိမ့်မယ်ဗျ။ လုပ်ပိုင်ခွင့် မရှိဘဲ၊ တည်ဆဲဥပဒေတွေကိုဆန့် ကျင်ပြီးမှားယွင်းစွာဆုံးဖြတ်ဝံ့ပါ့ မလားဗျ။ သူတို့သင်ယူထားတဲ့ ပညာတွေနဲ့ချိန်ဆလေ့လာပြီး သူတို့တွေ့ ရှိတဲ့ အတိုင်းအဖြေ ထုတ်ပေးခဲ့ကြတာပဲမဟုတ်လား။သူတို့သင်ကြားခဲ့တဲ့ပညာရပ်၊ သူတို့တက်ရောက် ပညာသင်ကြားခဲ့ကြတဲ့ တက္ကသိုလ်တွေ ကို လေးစားထောက်ထားပြီးပညာရှင်စိတ်ဓါတ်တော့ သူတို့မှာ ခိုင်ခိုင်မာမာရှိတန်ကောင်း ပါရဲ့ဗျာ။
“ဆိုကရေးတီးစိတ်ဓါတ်”ရှိမယ်ဆိုရင်တော့ အဆိပ်ခွက်ကိုသာ လက်ကမ်းကြမယ်နဲ့တူပါတယ်ဗျာ။ ဒီလို မှားယွင်းစွာဆုံးဖြတ်မိ ပါတယ်လို့ ကြေညာပေးရမှာကတော့ဖြင့် တကယ့်ရှက်ဖွယ်လိလိကိစ္စပဲဗျ။
ဥပဒေပညာမှာ “တာဝန်ဝတ္တရားဆိုသည်မှာ မဆောင်ရွက်လျှင်မရသော ပြုလုပ်မှုပင်ဖြစ်သည်။ အကယ်၍ မဆောင်ရွက်ပါက မတော်မတရားမှု ဖြစ်ပေမည်။ အပြန်အလှန်သဘောအားဖြင့် မတော်မ တရားမှုကို ပြုလုပ်ခြင်းသည် တာဝန်ဝတ္တရားပျက်ကွက်ခြင်းပင် ဖြစ်သည်။ တာဝန်ဝတ္တရားကို ဆောင်ရွက်ခြင်းသည် မတော်မတရားမှုကို ရှောင်ခြင်းပင်ဖြစ်သည်” လို့ဆိုထားတယ်ဗျ။
ခင်ဗျားဆိုလိုချင်တာက ခုံရုံးက လူတွေဟာ တာဝန်အရဆောင်ရွက်ခဲ့ကြတာဖြစ်တယ်၊ မတော်မတရားမှုကို ရှောင်ရှားခဲ့ကြ တယ်လို့ ဆိုလိုချင်တာလား။
ဒီလိုဗျ။ သူတို့ဟာ နိုင်ငံတော်သမ္မတကိုယ်စား နိုင်ငံတော်ရှေ့နေချုပ်က သက်ဆိုင်ရာ စည်းကမ်းနည်းလမ်းနဲ့အညီ တင်ပြ မေးမြန်းလာတာကိုဖြေကြားခဲ့ကြတာဗျ။ သူတို့သဘောနဲ့ သူတို့ဖြေတာမဟုတ်ဘူး။  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂ မှာပြဋ္ဌာန်းထားတဲ့ တာဝန်တွေကိုတိတိ ကျကျထမ်းဆောင်ခဲ့ကြတာပဲဗျ။ပြီးတော့  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ အရပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးကချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်ဟာ “အပြီးအပြတ်နဲ့အတည်” (final and conclusive) လို့အတိအလင်းပြဋ္ဌာန်းထားတာဖြစ်တယ် ဗျ။ လွှတ်တော်နဲ့ဦးရွှေမန်းတို့လုပ်နေတာက ခုံရုံးကဆုံးဖြတ်ကြေညာပြီးတဲ့ “အပြီးအပြတ်နဲ့ အတည်” (final and conclusive)လို့ ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်းချက်ကို ပြင်ဆင်ခိုင်းနေတာဖြစ်တယ်။
အကယ်၍ ပြည်ထောင်စုလွှတ်တော်မှာ ပျော်ဘွယ်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်အမတ် ဦးမြင့်စိုး (ကြံ့ဖွံ့ပါတီ)တင်သွင်းခဲ့တဲ့ အဆိုသာ အနိုင်ရသွားခဲ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ နဲ့  အဖွဲ့ဝင်တွေအားလုံးနှုတ်ထွက်ပေးရမှာပေါ့နော်။
ဟုတ်တယ်ဗျ။ နုတ်ထွက်ပေးဖို့ပဲရှိတယ်။ တခြားမရှိဘူးဗျ။
ဒါကသူတို့ စိတ်ကြိုက်ရေးဆွဲအဓမ္မအတည်ပြုခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ရဲ့မွေးရာပါအကြပ်အတည်းပဲဗျ။ ဒီလိုအကြပ် အတည်းတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဂျမ်းဖြစ်မှုတွေ ရှေ့ရှောက်တွေ့ရဦးမှာဗျ။
သူတို့အတွက် နှိုင်းယှဉ်ခြင်းအားဖြင့်ပွတ်တိုက်မှုနဲနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်း ကို ဘာကြောင့်မရွေးတာလဲ။
 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့သဘောထားမရှိလို့ပေါ့ဗျ။  ဒီပြဿနာက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ထိပ်တိုက် တွေ့ကြရာမှာ တရားဥပဒေမဏ္ဍိုင်ထဲက တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအြေ ခခံဥပဒေဆိုင်ရာခုံရုံးက ဓါးစားခံ၊ တရားခံဖြစ်ရတာပဲဗျ။ ကြားညှပ်ခံ ရမှာကတော့ အရပ်သားဥပဒေပညာရှင်တွေပဲဗျာ။ သူတို့ဟာ အုပ်စိုးသူအကြိုက် အသုံးတော်ခံခဲ့ကြတယ်။ ဥပဒေတွေရေးသားပေး ခဲ့ကြရပြီး အခုတော့ သူတို့ရေးတဲ့ဥပဒေတွေက သူတို့လည်ပင်းကြိုးကွင်းစွပ်တာခံနေကြရပြီပေါ့ဗျာ။ မင်းခစား ကမ်းနားသစ်ပင်တဲ့ဗျ။
ကျနော်တို့ကြည့်မြင်သင့်တာတော့ ဒီပြဿနာရဲ့အဆုံးအဖြတ် နဲ့ အဖြေက ပြည်ထောင်စုလွှတ်တော် ထဲမှာရှိတာမဟုတ်ဘူးဗျ။ ပြည်ထောင်စုလွှတ်တော်ရဲ့တာဝန်က ရရှိလာတဲ့အဆုံးအဖြတ်နဲ့အဖြေကို တံဆိပ်တုံးထုပေးဖို့ပဲဖြစ်တယ်ဗျ။
ဒါဆို အဆုံးအဖြတ်နဲ့အဖြေက ဘယ်ကလာမှာလဲ။ မိုးပေါ်ကကျလာမှာလား။
အဆုံးအဖြတ်နဲ့အဖြေဟာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) က လာမှာဖြစ်ပါတယ်။
 (ကာလုံ) ဆိုတာက လွှတ်တော်အားလုံးရဲ့ လွှတ်တော်ချုပ်ပဲ။ ပြည်ထောင်စုလွှတ်ေ တာ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့ရဲ့အထက်မှာရှိတယ်။(ကာလုံ) ကပေးမယ့်အဆုံးအဖြတ်နဲ့အဖြေကို လွှတ်တော်တွေထဲမှာရှိကြတဲ့ ကြံ့ဖွံအမတ်တွေအားလုံး က နာခံကြရမှာဖြစ်သလို၊ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်သားအမတ်တွေ ကလည်းနာခံကြရလိမ့်မယ်။
 (ကာလုံ) ကပေးတဲ့အဖြေသာလျှင် “အပြီးအပြတ်နဲ့ အတည်” (final and conclusive)ဖြစ်တယ်။
ဒါကြောင့် ဗိုလ်(ဦး)သိန်းစိုး လည်းနာခံရလိမ့်မယ်။
ဘယ်လိုအဖြေမျိုးဖြစ်မလဲ။ ပြည်ထောင်စုလွှတ်တော် ပိတ်ကားပေါ်မှာစောင့်ကြည့်ကြပါစို့။ 

No comments:

Post a Comment