Saturday 21 July 2012

အမေ ဘာတွေလုပ်နေတာလဲ..




        ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အမေစု(သို့)အဘွားစုကတော့ တစ်နေ့တစ်မျိုး၊ မရိုးစေရ၊ လုပ်ကွက်ပြပြန်ပါပြီ။ ရခိုင်အရေးအခင်းကလည်း အခုထိမပြတ်သေး။ ဘေးကကြည့်တဲ့ ကျွန်တော်တို့တောင် ရင်တစ်လှပ်လှပ်ကာလပါ။ ရခိုင်အရေးအခင်းစဖြစ်တော့ပြည်ပထွက်ပြီး လုပ်ကွက်တစ်မျိုး၊ ပြန်ဝင်လာတော့လည်း လွှတ်တော်ချက်ချင်းမတက်သေးတဲ့ ပြကွက်တစ်ချို့၊ လွှတ်တော်ကို (၈)လ လုပ်မယ်ဆိုတော့လည်း ပြည်သူနဲ့ ထိတွေ့ချိန်  နည်းတယ်ဆိုတဲ့ အချိုးတစ်ပုံစံ၊ နောက်ဆုံး ဟော့နေတာကတော့ စီးပွားရေးပိတ်ဆို့မှု အလုံးစုံပယ်ဖျက် ရေးနဲ့ ပတ်သက်မှု။
          ကျွန်တော်တို့ အချက်အားလုံးကို သာမန်သဘောထားလို့ မရပါဘူး။ အရေးကြီးတဲ့အချက်ဆိုတာ တွေချည်းမို့ပါ။ ရခိုင်ကိစ္စ၊ ဒေါ်စုက ပြတ်သားတဲ့အဖြေမပေးဘူး။ အစိုးရအသုံးမကျကြောင်း အဖြေပဲထွက်လာတယ်။ အရင်အစိုးရ အားနည်းတယ်ဆိုတာကို ထောက်ပြတယ်။ ကဲ ဒါဖြင့် လက်ရှိကိစ္စဘာလုပ်မလဲ။ မဖြေဘူးဗျ။ လွှတ်တော်(၈)လလုပ်မယ်ဆိုတော့ ပြည်သူနဲ့ ထိတွေ့မှုနည်းတယ်။ မကြိုက်ဘူးတဲ့။ ဒါဖြင့် ဒေါ်စု လွှတ်တော်နားတဲ့ ကာလ ဘာတွေလုပ်လဲ၊ ကြည့်ရအောင်။ အနောက်နိုင်ငံကိုပတ်တယ်။ သူ့ရဲ့ ရွေးချယ်ခံ ကော့မှူး(၁)ရက်သွားတယ်။ ကျန်တဲ့ရက်နားတယ်။ အချိုးချကြည့်ဗျာ။ အဖြေတစ်ခုထွက်လိမ့်မယ်။ အခုနားရင် အမေရိကန်သွားရဦးမယ်။

          ကဲ လတ်တလော ဟော့လာတဲ့ စီးပွားရေးပိတ်ဆို့မှုကိစ္စ။ ကျားဖြူပါတီက ဒေါ်နန်းနုဝါ အဆိုတင်တယ်။ ထောက်ခံဆွေးနွေးကြတယ်။ ထပြီး ကန့်ကွက်တဲ့လူပေါ်တယ်။ အပြင်မှာ ကန့်ကွက်ကြတယ်။ ဆွေးနွေးမှုစုံတယ် ဆိုပါတော့။ သချာင်္သမားမဟုတ်ပေမဲ့ အချိုးချကြည့်ရအောင်။ ထားဦးဗျာ သူတို့က အသင့်ပြင်လာကြတာတဲ့။ ဒါကို လက်ခံတယ်လို့ ယူဆနိုင်မလား။ မဟုတ်နိုင်ဘူးဗျ။ သာမန်ပဲ စဉ်းစားရအောင် ဒေါ်နန်းနုဝါက ကျားဖြူပါတီက။ ထ ထောက်ခံတာက ကြံ့ခိုင်ရေးနဲ့ ရခိုင်ပါတီ။ အဲဒီပါတီတွေက ရွေးကောက်ပွဲကာလက ပေါင်းပြီးစည်းရုံးခဲ့ကြလား။ ကလေးစကားနဲ့တည့်သလား။ မဟုတ်ခဲ့ဘူးဗျ။ သာမန်ပြောရင်မတည့်ဘူး။ ကိန်းခင်းကြီးကြီးနဲ့ပြောရင် ပြိုင်ဆိုင်မှု ပြင်းထန်တယ်။
          သူတို့က ထောက်ခံတယ်ဆိုတော့ ကန့်ကွက်တဲ့လူရှိသလား။ အဆိုကို လက်ခံပါတယ်။ ဒါပေမဲ့ဆိုတဲ့စကားနဲ့ လုံးချသွားတာက NLD အမတ် ဦးနိုင်ငံလင်း နုနယ်တဲ့ နိုင်ငံရေးလုပ်သက်မှာ ပါတီရဲ့ မူဝါဒစွဲနေတာက စီးပွားရေး ပိတ်ဆို့မှုဟာ သူတို့ပါတီရဲ့ လက်ကိုင်ဒုတ်ဆိုတာ သိထားတဲ့အတွက် ကန့်ကွက်ချင်တယ်။ နုနယ်တဲ့ နိုင်ငံရေးသမ္ဘာ အရမပြောတတ်ဘူး။ ဘာကြောင့်၊ ဘာဖြစ်လို့လဲဆိုတာကို မမေးရဲခဲ့ဘူး။ နောက်လူတစ်ယောက်ကတော့ ထဖို့အတွက် အဆင်မပြေလိုက်ဘူးတဲ့။
          ခေတ်စကားနဲ့ အကြီးကြီးတွေးကြည့်ရအောင်။ သုံးပါတီနဲ့ တစ်ပါတီ ဘယ်သူတွေမှန်လဲ၊ မှားလဲ။ အဖြေရှိရ မယ်။ ဆွေးနွေးမှု အဆိုတင်မှုကို လွှတ်တော်က အတည်ပြုတယ်။ အသံတွေထွက်လာတယ်။ ညီညွတ်မှုရှိတဲ့ NLD တစ်ပါတီထဲကလူတွေဗျ။ တိုင်းရင်းသားအတွက် မားမားမတ်မတ်တင်ပြခဲ့တဲ့ ဦးသိန်းညွန့်တို့ ထပ်ပြီးတော့ ပြည်သူ့အတွက် ရပ်တည်တယ်။ ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတာက ကျန်တဲ့ပါတီကိုယ်စားလှယ်တွေ။ သူတို့သဘောပေါက်တဲ့ ပိတ်ဆို့မှုဖယ်ရှားရခြင်းရဲ့ အဓိပ္ပါယ်နဲ့ ကျွန်တော်သိတဲ့ ပိတ်ဆို့မှု ဖယ်ရှားရေး အဓိပ္ပါယ် လွဲနိုင်တယ်။ ရည်ရွယ်ချက်တော့ တူနေမှာအမှန်ပဲ။ ပြည်သူတွေ ကြီးပွားရင် ကျေနပ်တယ် ဆိုတာပဲ။
          NLD က လူတွေ ပြောကြတယ်။ ဘယ်လောက်ငြိမ်းချမ်းပြီလဲ။ ဘယ်လောက်လွတ်လပ်ပြီလဲ။ အဓမ္မအလုပ် ခိုင်းစေမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်။ ဒါ့ကြောင့်  ပိတ်ထားသင့်တယ်လို့ မပြောသေးပေမဲ့ အပွေးမြင် အပင်သိပါတယ်။ ပိတ်ထားစေချင်တာ ဘာလို့လဲ အပေါ်ကအချက်တွေကြောင့်လို့ ဖြေမှာပဲ။ ဒါဆိုရင် အထက်က အချက်တွေက တိုးများလာလို့လား။ မဟုတ်ဘူးဗျ။ လျော့ကျလာတာ။ လုံးဝမရှိတော့တာလေ။ ဘာလို့များ ဒီဟာကြောင့်လို့ ခေါင်းစဉ်တပ်ချင်ရတာလဲဗျာ။
          ကျွန်တော်တစ်ခု ဥပမာယူကြည့်မယ်။ ဆီပိတ်နေတဲ့ ကားနဲ့ ဆီမပိတ်တဲ့ကား ဘယ်ကားက မြန်မလဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးသွားနေပြီဗျ။ ဆီပိတ်နေတယ်။ ပိတ်ဆို့မှုတွေကြောင့်လေ။ ကျွန်တော်တို့ ဒီမိုကရေစီပန်းတိုင်ကို မြင်နေရပြီ။ ရောက်ချင်လှပြီဗျ။ ဆီချေးတွေ ဖောက်ချလိုက်ရအောင်ပါဗျာ။ စကားနာထိုးနေလို့ မရတော့ဘူး။ သူက တူ ၊ ကိုယ်ကဂွ၊ ပလာယာက တစ်ယောက်ကိုင် ပြင်လိုက်ကြရအောင်ဗျာ။

ဝဏ္ဏမြကြယ်စင်။

No comments:

Post a Comment