Saturday 18 February 2012

ပြည်သူ့ထံသို့ပေးပို့သော သ၀ဏ်လွှာ ကြောငြာချက်အမှတ်(၁/၂၀၁၂) (ပေးစာ-၈)


ပြည်သူလူထုအပေါင်းတို့ခင်ဗျား-
          ယနေ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် အတိုက်အခံအင်အားစုတို့၏ စိန်ခေါ်မှုများကို ကျွန်တော်တို့မှ အောက်ပါအတိုင်း ရှုမြင်ပါသည်။
          ဒီမိုကရေစီအသွင်ကူးပြောင်းရေး တပ်မတော်အစိုးရမှသည် ဒီမိုကရေစီကူးပြောင်းရေးသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ အခြေခံဥပေဒေပေါ်ပေါက်ရေး အမျိုးသားညီလာခံတစ်ရပ် ခေါ်ယူကျင်းပကာ လမ်းပြမြေပုံ(၇)ရပ် အကောင်အထည်ဖော်၍ (၂၀၁၀)ရွေးကောက်ပွဲခေါ်ယူကျင်းပပြီးသည့်နောက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများကို အရှိန်အဟုန်မြှင့်ကာ နှစ်ပေါင်း(၆၀)ကျော် သမိုင်းတစ်ခေတ်ကို ကူးပြောင်းစေခဲ့ပါသည်။ သို့သော် အသွင်ကူးပြောင်းရေးမူအရ အတိုက်အခံအင်အားစုအဖြစ် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် (၂၀၁၂)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီထူထောင်ခွင့်လျှောက် ထား၍ လစ်လပ်သော (၄၈)နေရာတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီစည်းရုံးရေးများ၊ မဲဆွယ်ရေးများတို့ကို လမ်းပေါ်ထွက် နိုင်ငံရေးအသွင်သဏ္ဍာန်ဖြင့် စိန်ခေါ်ပွဲစတင်နေကြောင်း တွေ့ရှိရပါသည်။ အသွင်ကူးပြောင်း ရေးသည် ပြည်သူ့လွှတ်တော်၌ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင် (၃)ရပ်အပေါ် NLD ၏ လွှတ်တော်အတွင်းဝင်ရောက်ရေးတွင် စိန်ခေါ်မှုများဖြစ်ပေါ်လာနိုင်မည်ဟု သုံးသပ်ရပါသည်။
၁။       ရင်ကြားစေ့ရေးလမ်းစဉ်
        NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့တွေ့ဆုံခြင်းသည် ပြည်သူများ၏ရင်တွင်း၌ မဖြစ်နိုင်သော အသွင်တစ်ခုအား ဖြစ်ပေါ်လာခဲ့သဖြင့် အထူးအံ့သြတုန်လှုပ်ခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေး ရေးအသွင်တစ်ရပ်အား ဦးသိန်းစိန် အစိုးရလက်ထက် NLD ၏ တောင်းဆိုချက်များအား ဖြည့်ဆည်းပေးခဲ့ သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ နိုင်ငံတကာမှ ပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းသွားစေရန် သမ္မတကြီးနှင့် လွှတ်တော်နှစ်ရပ်မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ သို့သော်လည်း နိုင်ငံကြီးတစ်ချို့မှ စောင့်ကြည့်နေဆဲကာလဖြစ်သဖြင့် နိုင်ငံတော်အစိုးရသစ်နှင့် NLD ပါတီ ဒေါ်အောင်ဆန်းစုကြည်တို့ အားပြိုင်မှုကို ပါတီစည်းရုံးရေးခရီးစဉ်၌ စတင်အားပြိုင်မှု ပေါ်ပေါက်လာခဲ့သည့် အတွက် ရင်ကြားစေ့ရေး အဖြေလမ်းကြောင်းစောင့်ကြည့်ရပေမည်။ ပြည်သူလူထုအပေါင်းတို့ ခင်ဗျား-
၂။       NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေး
          (၂၀၁၂)ခုနှစ်တွင် NLD ပါတီအနေဖြင့် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်၍ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရခြင်းသည် ပြည်သူတို့အတွက် အထူးအံ့သြရပါသည်။ NLD ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ စိန်ခေါ်မှုအရ (၂၀၁၀)ရွေးကောက်ပွဲအား ဘွိုင်းကောက်လုပ်၍ NO ဟု ကြွေးကြော်ခဲ့ပါသည်။ (၂၀၀၈)အခြေခံဥပဒေအားကန့်ကွက်ခြင်း၊ မဲမပေးရေး၊ မဲရုံသို့မသွားရေး စည်းရုံး လှုံ့ဆော်ခဲ့ပါသည်။ NLD ဗဟိုအလုပ်အမှုဆောင်များ CRPP မှလည်း လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်များမှာလည်း ရွေးကောက်ပွဲအား ဆန့်ကျင်ခဲ့ကြပါသည်။
၃။       လွှတ်တော်ပြင်ပနှင့် လွှတ်တော်တွင်းအခြေအနေ
          NLD ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ (၄၈)နေရာအားလုံး ပါဝင်ယှဉ်ပြိုင်မည်ဟု ကြွေးကြော်ခဲ့ပြီးနောက် NLD ဗဟိုအဖွဲ့မှ  ကိုယ်စားလှယ်အမည်စာရင်း အပြည့်အ၀ မတင်ထားခဲ့ပါ။ ၎င်း အပြည့်အ၀မတင်ထားခဲ့ခြင်းသည် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွှတ်မြောက်လာမည့်နေ့အား စောင့်ဆိုင်း၍ ချန်လှပ်ထားခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများအား နိုင်ငံတော်သမ္မတကြီးမှ လွတ်ငြိမ်း ချမ်းသာခွင့်ပြုပြီးနောက် ထပ်မံတိုးချဲ့၍ အသက်(၄၈)အောက်လူငယ်များ၊ ပညာရှင်များ အစားထိုးရွေးချယ် ကြေငြာခဲ့ပြန်ပါသည်။ (၈၈)မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့်အဖွဲ့တို့သည် ၎င်းရွေးကောက်ပွဲအား မလိုလားကြပါ။ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကြောင့် မပြောသာလက်ခံခဲ့ကြသော်လည်း ပါဝင်ယှဉ်ပြိုင် ခြင်းမရှိကြပါ။ သို့သော် လွှတ်တော်ပြင်ပ နိုင်ငံရေးဗျူဟာအရ အတိုက်အခံအင်အားစုတစ်ရပ်အဖြစ် ရပ်တည်၍ လွှတ်တော်အတွင်း ၀င်ရောက်သွားသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD လွှတ်တော် ကိုယ်စားလှယ်များ၏ လွှတ်တော်သပိတ် (ပါလီမန်သပိတ်) ဆင်နွဲရန် ပြင်ဆင်ကူးပြောင်း ရပ်တည်ခြင်းဟု သုံးသပ်ရပါသည်။
၎။       ပါတီစည်းရုံးရေး(သို့) မဲဆွယ်စည်းရုံးရေးခရီးစဉ်
        (၂၀၁၂) ရွေးကောက်ပွဲအကြိုကာလတွင်လည်း (နသ) မှတ်ပုံတင်ခွင့်အရ ဒီလှိုင်းဂျာနယ်အား တည်ထောင်၍ NLD ၏သဘောထားများ၊ ယခင် အစိုးရအား ဝေဖန်သော အရေးအသားများ၊ (၂၀၀၈) ဖွဲ့စည်းပုံကို ဝေဖန်ရေးသားသော အဆိုးအမြင်ဝါဒအဖြစ် တည်ဆဲဥပဒေကို ဝေဖန်မှုများပြုကြပြန်သည်။ ၎င်းနောက် ဒီလှိုင်းဂျာနယ်ကို အရှိန်မြှင့်တင်ကာ (၁)လ (၂)ကြိမ်မှ (၁)လ (၄)ကြိမ်ထုတ်ဝေ၍ ဒေါ်စုကြည် ခရီးစဉ်ဟုဖော်ပြပြီး မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ်နေသည်ကို တွေ့ရပါသည်။ သို့သော် ဒေါ်စုကိုယ်တိုင် မဲဆွယ်စည်းရုံးခြင်းမဟုတ်ကြောင်း၊ ပါတီစည်းရုံးရေးခရီးစဉ်ဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပြန်သည်။ ဒီလှိုင်း ဂျာနယ်သည် ပြည်သူ့ထံသို့အမြန်ရောက်ရန် အရှုံးခံ၍ဖြန့်ဝေနေခြင်း၊ (နသ)မပါသော ဒေါ်စု ခရီးစဉ် ဓာတ်ပုံစာသားများ ၀ါဒဖြန့်၊ ဖြန့်ချိဝေငှ၊ နံရံကပ်ခြင်းများ ပြုလုပ်နေခြင်းသည်လည်း တရားဥပဒေစိုးမိုးရေး အားချိုးဖောက်သည်ဟု ယူဆပါသည်။ ၎င်းဂျာနယ်များတွင် ဒေါ်စုအား အနောက်နိုင်ငံကြီးများမှ ဂုဏ်ထူးဆောင်ဆုများ၊ ခရီးသွားဟန်လွဲလက်ရောက် ချီးမြှင့်ခဲ့သည်ကိုလည်း ဖော်ပြခြင်း၊ ပထမဦးဆုံး အကြိမ် လက်ရောက် ဆုပေးခဲ့သော ပြင်သစ်နိုင်ငံသမ္မတ ဆာကိုဇီ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကိုလည်း ထည့်သွင်းဝါဒဖြန့်ခြင်း၊ ပါကစ္စတန် သမ္မတ အာဆစ်အလီဇာဒါရီမှ ရှာဟစ်ဘနာဇီယာဘူတို ဆုကို လက်ဝယ်အရောက် ချီးမြောက်ခြင်းများကိုလည်း ကြည့်ခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ဓာတ်၊ ဒေါ်စုအား ယုံကြည်မှုပြည့်ဝလာစေရန် ၀ါဒဖြန့်ခြင်းဟု ယူဆရပါသည်။ အကောင်းမြင်ရ ကောင်းသော်ငြားလည်း မြန်မာနိုင်ငံသည် ကိုလိုနီစနစ်သဏ္ဍာန် ခေတ်သစ် နီယိုကိုလိုနီစနစ်ဟန်ဖြင့် ခရီးသွားနေသည်ဟု သုံးသပ် မိပါသဖြင့် ၀ါဒဖြန့်ခြင်းသည် လူနဲ့ မူ မခွဲခြားဘဲ လူအားဦးတည် အထောက်အကူပြုနေသဖြင့် ပဒေသရာဇ် စနစ်မှလွှမ်းမိုးရေး ခေတ်သစ် နီယိုကိုလိုနီဝါဒ ပြန်စနေပြီဟုသုံးသပ်၍ အကောင်းမြင်ခြင်းမှ အဆိုးမြင် အသွင်တစ်ရပ် မကူးပြောင်းကြစေရန် လိုအပ်ပါသည်။
၅။       လမ်းပေါ်နိုင်ငံရေးနှင့် NLD ပါတီလမ်းစဉ်
        (၂၀၁၂)ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ အနိုင်ရရှိလာသော အများစု NLD ပါတီနှင့် အခြားပါတီ များသည် လွှတ်တော်တွင် အားသွန်မှုအခြေအနေ ရောက်ရှိနိုင်ပါသည်။ ဒေါ်စုပါတီနှင့် ဒေါ်စုမှ အနိုင်ရခဲ့ သော် လွှတ်တော်အတွင်းတွင် လွန်ဆွဲပွဲများ၊ စိန်ခေါ်ပွဲများ မဖြစ်မနေရောက်ရှိလာတော့မည်။ ယခုလည်းပဲ လွှတ်တော်ပြင်ပနှင့် လွှတ်တော်အတွင်း (၂)ရပ် ပေါ်ပေါက်လာနိုင်ပါသည်။ လွှတ်တော်ပြင်ပ ဆိုသည်မှာ (၈၈)မျိုးဆက်ကျောင်းသားများ၊ သံဃာအဖွဲ့များ၊ အတိုက်အခံနိုင်ငံရေးအဖွဲ့များသည် လွှတ်တော်အတွင်း NLD ပါတီ၏ အတိုက်အခံပြုမှုကို ပြင်ပလူထုအား အားပြုလျှက် အတိုက်အခံအင်အားစုကြီးတစ်ရပ် ပေါ်လာစေရန် ပြင်ပကွန်ယက်များဖြင့် ချိတ်ဆက်ပြု၍ အတိုက်အခံပြုကြမည်ဟု ယုံကြည်ပါသည်။ ၎င်း ယုံကြည်မှုကြောင့် တရားဥပဒေစိုးမိုးရေးအား ထိပါးလာနိုင်ပါသည်။ ဦးဝင်းတင်မှ လမ်းပေါ်နိုင်ငံရေးဟု ဆိုထားသဖြင့် လူထုလှုပ်ရှားမှုကို လက်ဦးမှုရယူ၍ လွှတ်တော်ပြင်ပ သပိတ်အား လူထုအားဖြင့် ပြသကြ တော့မည်မှာ မလွဲပါဟု ယုံကြည်မိပါသည်။
၆။       NLD ပါတီနှင့် အမေရိကန်ဦးဆောင်သော အနောက်အုပ်စု နိုင်ငံရေးဗျူဟာ
          ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေးပွင့်လင်းလာသည့်နှင့်အညီ အမေရိကန်ဦးဆောင်သော အနောက် အုပ်စု ကြီး(၅)ကြီးစာရင်းဝင် နိုင်ငံများသည် မြန်မာနိုင်ငံအတွင်းသို့ ခြေခြင်းလိမ်ဝင်ရောက်လာကာ ၎င်းတို့၏ နီယိုကိုလိုနီ လက်သစ်ဝါဒအဖြစ် ဒေါ်စုကြည်နှင့် NLD ပါတီအား ကျောထောက်နောက်ခံပေး၍ ရန်ကုန်- ပုသိမ်ခရီးစဉ်၊ ညောင်ဦး-ပခုက္ကူ ခရီးစဉ်များတွင်လည်း လေယာဉ်ခရီးစဉ်ကို ဗြိတိသျှသံရုံးမှ အဲယားပုဂံ လေကြောင်းလိုင်း စင်းလုံးငှားပြီး ဆောင်ရွက်ပေးခဲ့ခြင်း၊ ခရီးစဉ်တိုင်းတွင် မော်တော်ကားများဖြင့် သယ်ဆောင်ပေးခြင်း၊ ၎င်းကုန်ကျငွေများအား အမေရိကန်သံရုံး၊ ဗြိတိသျှသံရုံးမှ ကိုယ်ထိလက်ရောက် စီစဉ်ဆောင်ရွက်ပေးခြင်း၊ အကူအညီများပေး၍ ဗြောင်ကျကျ ပါဝင်စွက်ဖက်လာမှုများသည် မြန်မာနိုင်ငံ အတွက် အလွန်အန္တရာယ်ကြီးမားကြောင်း သတိထားရတော့မှာ ဖြစ်ပါသည်။ သက်သေအဖြစ် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ တောင်ကိုရီးယားလို ဒီမိုကရေစီဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပြည်သူတွေ ရွေးချယ်တင်မြောက်ခဲ့တဲ့ အရပ်သား သမ္မတတွေ ၀န်ကြီးတွေကိုယ်တိုင် ထောင်နန်းစံ ခံစားနေရပြီး ဒီမိုကရေစီ အဟောသိကံစနစ်ဖြင့် စစ်ရေး၊ စီးပွားရေးလွှမ်းမိုး ချုပ်ကိုင်လာတာတွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်လာတဲ့ ပြည်ထောင်စုအစိုးရရဲ့ လိုက်လျောပေးမှု၊ နိုင်ငံရေးပွင့်လင်းမြင်သာလာမှု အပေါ်တွေကို အခွင့်ကောင်းယူပြီး ဒေါ်စုကြည် NLD ပါတီနှင့် အမေရိကန် အနောက်အုပ်စုတွေက အဆစ်တောင်းရုံမက အလေးပါခိုးတဲ့အထိ ရရှိတဲ့အခွင့်အရေးကို ဥပေဒပြင်ပမှ လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။
၇။       ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေး
          ပြည်တွင်းငြိမ်းချမ်းရေး ကနဦး စခဲ့သည်မှာ NLD ပါတီမှ ဦးဝင်းတင်ဟု ဆိုရပါမည်။ အကြောင်းမှမူ ဦးဝင်းတင်မှ (၂၁)ရာစု ပင်လုံညီလာခံ ပင်လုံစိတ်ဓာတ်ဟု ကြွေးကြော်လာသော ပင်လုံညီလာခံမှ (ဖက်ဒရယ်မူ)ခွဲထွက်ရေးမူ စတင်ခဲ့သဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ပြည်ထောင်စုအစိုးရသစ်မှ အတော်လေး ကြိုးစားရမည်ဟုဆိုရပါမည်။ ဒေါ်စုကြည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မည်ကဲ့သို့ အားစိုက် ပါသနည်းဟုမေးလျှင် ယနေ့ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့ပုံဖော်ရမည့်အစား မတည်ငြိမ်သော နေရာ ဒေသများသို့ ထောက်ပံ့ကူညီ အားပေးခြင်းဖြင့် မဲဆွယ်ခြင်း၊ ၀ါဒဖြန့်ခြင်း၊ သွေးထိုးခြင်းများ ပြုလုပ်နေ သည်ဟု သုံးသပ်ရပါသည်။
          သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတ နိုင်ငံတော်ကြီးတွင် NLD ပါတီနှင့် အနောက်အုပ်စုတို့၏ စစ်ရေး၊ စီးပွားရေး လွှမ်းမိုးချုပ်ကိုင်လာတဲ့ နီယိုကိုလိုနီ လက်သစ်ဝါဒ ပြည်ပသြဇာခံအဖြစ် နိုင်ငံသူ/နိုင်ငံသားများ၊ ပြည်သူအများ မခံစား မကျရောက်ရအောင် ကျွန်တော်တို့ တတိယပြည်သူ့အင်အားစုမှ အမျိုးသားရေး အသိဖြင့် ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းကာကွယ် စောင့်ရှောက်သွားမည်ဟု ကတိပြုကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ရှေ့ရှု၍ ဝေဖန်ပိုင်းခြားနိုင်ရန် အမျိုးသားရေးသတိဖြင့် တပ်လှန့်နှိုးဆော် လိုက်ရပါသည်။


                                                                                             တတိယပြည်သူ့အင်အားစု

ကမ္ဘာ့သမိုင်းမှာ
တိုင်းပြည်တစ်ပြည်ဟာ အခြားတိုင်းပြည်တစ်ပြည်ကို
စွက်ဖက်သိမ်းပိုက်တယ်ဆိုတာ စေတနာရှိလို့ မဟုတ်ဘူး၊
လိုချင်လို့သာ ၀င်ရောက်စွက်ဖက် သိမ်းပိုက်ထားခြင်းဖြစ်တယ်၊
ပြီးတော့လည်း ပြန်လက်မလွတ်ချင်တော့ဘူး။
                                                                                     ဗိုလ်ချုပ်အောင်ဆန်း (၂၆-၂-၁၉၄၆)
                                                                                   ညောင်ရွှေလူထုအစည်းအဝေးပွဲမိန့်ခွန်း

No comments:

Post a Comment