လူထုစိန်ဝင်း
(၂၀၁၁ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ထုတ် Weekly Eleven ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။)
'မိကျောင်းမင်း ရေခင်းပြသလို' ဖြစ်မှာတော့ စိုးတယ်။ ဒါပေမဲ့ 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်ဖို့အတွက် ရေးသင့် ရေးထိုက် တာလေးတွေတော့ ရေးပါရစေ။ ဒီလိုရေးဖို့အတွက် စာနယ်ဇင်း သမား ဆိုတာ ရှိနေရတာ မဟုတ်လား။
ရာထူးကြီးလေ ဇိမ်မရှိလေ
ခေါင်းဆောင်တွေ ဆိုတာက နေ့စဉ်နဲ့အမျှ စားချိန်၊ အိမ်ချိန်မှာတောင် တိုင်းရေး ပြည်ရေးတွေ စဉ်းစားရင်းနဲ့ စားကြ အိပ်ကြရတာပါ။ ရာထူးကြီးလေ ဇိမ်မရှိလေလို့တောင် ဆိုနိုင်တယ်။ အရေးကြီးကိစ္စ မှန်သမျှ ကိုယ်တိုင် ဆုံးဖြတ် ရတာ ဖြစ်လေတော့ တာဝန် သိပ်ကြီးပြီး စိုးရိမ် ကြောင့်ကြရတာတွေ သိပ်များတယ်။ ကိစ္စကြီးတွေကို ခေါင်းထဲ ထည့်ထားပြီး စက္ကန့်နဲ့အမျှ စဉ်းစားခန်း ထုတ်နေရတာကြောင့် တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေ တတ်တယ်၊ အဲဒီလိုမျိုးမှာ သတင်းစာတွေကို အားကိုး အားထားပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ်။
ထမင်းစား ရေသောက်သလို
သတင်းစာ ဆိုတာက လူ့လောက အတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးငယ် မျှသမျှ ရေးသားဖော်ပြကြတာ ဖြစ် လေတော့ သာမန် အချိန်တွေမှာ သတိမထားမိတဲ့ ကိစ္စလေးတွေကို သတိထားမိ သွားတတ်တယ်။ အဲဒါကြောင့် တိုင်းရေး ပြည်ရေး ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်သမျှ သတင်းစာတွေကို နေ့စဉ် ထမင်းစား ရေသောက်တဲ့ အလုပ်တွေ လုပ်သလို တာဝန်တစ်ရပ် အဖြစ် သဘောထားပြီး မဖြစ်မနေ ဖတ်ဖို့ လိုအပ်တယ်။ သတင်းစာ မဖတ်သူဟာ ဘယ်နည်းနဲ့မှ တာဝန်ကျေတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် မဖြစ်နိုင်ပါဘူး။
ခွဲခြမ်းစိတ်ဖြာပေးရ
သတင်းစာတွေကလည်း စတုတ္ထမဏ္ဍိုင်ပီသဖို့အတွက် ခေါင်းဆောင်တွေ အပါအဝင် တိုင်းသူပြည်သား အားလုံး သိရှိသင့်တဲ့၊ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စမှန်သမျှကို ကိစ္စကြီး ကိစ္စငယ် မခွဲခြားဘဲ ဖော်ထုတ် ရေးသားကြဖို့ လိုအပ်တယ်။ အကြောင်းအရာ အလိုက် ဆစ်ပိုင်းပြီး ခွဲခြားစိတ်ဖြာ ပြသင့်တဲ့အခါလည်း ပြရတယ်။ သတင်းစာ ဖတ်သူတိုင်းဟာ အားလပ် နေကြသူတွေ မဟုတ်ဘူး။ သတင်းစာက ခွဲခြမ်းစိတ်ဖြာ ပြတဲ့အတွက် အချိန်ကုန် သက်သာပြီး အများကြီး အထောက်အကူ ဖြစ်စေတယ်။ ဒါကြောင့် တာဝန်သိ သတင်းစာ သမားတိုင်း ဒီကိစ္စကို အထူး အလေးထား လုပ်ဆောင် ကြရတယ်။
ကျန်နေတဲ့ အားအင်ကလေးနဲ့
အသက် ခုနစ်ဆယ်ကျော်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ သက်တမ်းအရ ပြောရရင် နောက်ဆုံး ဆယ်စုနှစ်ထဲ ရောက်နေပြီလို့ ပြောရမှာပါ။ ကွေးသော လက်မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အချိန်မရွေး ဖြုတ်ခနဲ ကြွေကျ သွား နိုင်တယ်။ ဒီအချိန်မှာ ပိုက်ဆံရဖို့တို့၊ နာမည်ကြီးဖို့တို့ မလိုတော့ပါဘူး။ ကျန်ရှိနေသေးတဲ့ အားအင်ကလေးနဲ့ တိုင်းကျိုး ပြည်ကျိုး အများအကျိုးကို သယ်ပိုး ထမ်းရွက်လိုတဲ့ စိတ်ပဲ ရှိပါတော့တယ်။ ဒီစိတ်ကလေးနဲ့ပဲ ရေးသင့် တယ် ထင်တာလေးတွေ ရေးနေပါတယ်။ အခုရေးမယ့် ကိစ္စကလည်း ဘယ်သူ့အပေါ်မှာမှ အမြင် မကြည်လင်လို့ မဟုတ်ပါဘူး။ 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်စေချင်လို့ပါ။
အာဏာရှင်စော်နံ
သတင်း မီဒီယာတွေ နားထောင်၊ ဂျာနယ်တွေဖတ် လုပ်တဲ့ အခါတိုင်း သမ္မတကြီး ဦးသိန်းစိန် အပါအဝင် နိုင်ငံ ခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ ပြောကြားနေတဲ့ ဒီမိုကရေစီဆိုတဲ့ စကားသံတွေနဲ့ မအပ်စပ်တဲ့ စကားသံ တွေလည်း ကြားကြား နေရတဲ့ အတွက် ရေးဖြစ်တာပါ။ ဒီစကားသံတွေ ကတော့
"သမ္မတကြီး ညွှန်ကြားတဲ့ အတိုင်း"
"သမ္မတကြီး ပြောကြားတဲ့ အတိုင်း"
"သမ္မတကြီး ဆုံးဖြတ်တဲ့ အတိုင်း"
ဆိုတဲ့ အသံတွေ ဖြစ်တယ်။ ဒီစကားတွေက အရာရာကို သမ္မတကြီး တစ်ယောက်တည်းရဲ့ သဘောနဲ့ ဆုံးဖြတ် လုပ်ကိုင်နေတယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ အစိုးရအဖွဲ့၊ အထူးသဖြင့် ဒီမိုအရေစီ လမ်းကြောင်း လိုက်နေတဲ့ အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေတယ်။ အာဏာရှင် စနစ်အောက်မှာ ဆိုရင်တော့ နားလည် နိုင်တယ်။ ဒါပေမဲ့ ဦးသိန်းစိန် အစိုးရဟာ မဲဆန္ဒရှင် ပြည်သူ လူထုက ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ ဆိုတော့ အာဏာရှင်စော်နံတဲ့ ဒီစကားမျိုးတွေ မသုံးသင့်တော့ဘူး။
အမြော်အမြင်ရှိသူ
သမ္မတကြီး ဦးသိန်းစိန်ဟာ အမြော်အမြင်ရှိပြီး စိတ်နေ သဘောထား ပြည့်ဝသူ ဖြစ်တယ်လို့ သိရှိထားပါတယ်။ ဒီမိုကရေစီ စနစ်ကို လိုလားသူလို့လည်း ယုံကြည်ပါတယ်။ ပုဂ္ဂိုလ် ကိုးကွယ်မှု ဆန်လွန်းပြီး အာဏာရှင်အနံ့ အသက်မကင်းတဲ့ ဒီလို ချီးပင့်မြှောက်စား ပြောစကားမျိုးကို နှစ်သက်လိမ့်မယ်လို့ မထင်ဘူး။ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်တို့၊ ပြည်သူ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တို့ ဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ ကျင့်သားရအောင် သုံးသင့်တယ်။
အပ်ကြောင်းထပ်အောင်သုံး
အစိုးရဘက်ကတင် ဒီစကားမျိုး သုံးနေတာ မဟုတ်ဘူး။ နိုင်ငံရေး ပါတီတွေ ဘက်ကလည်း ဒီစကားမျိုးကို အပ်ကြောင်း ထပ်အောင် သုံးနေကြတယ်။ ဆေးခန်းဖွင့်ပွဲ လုပ်တာလည်း "အန်တီစု ညွှန်ကြားချက်အရ"၊ ပရဟိတ ကျောင်းဖွင့် စာသင်တာလည်း "အမေစု တာဝန်ပေးချက် အရ"၊ စာကြည့်တိုက် ဖွင့်တာလည်း "အန်တီစု လမ်းညွှန်ချက် အရ" ဆိုတာမျိုးချည်း ကြားနေရတယ်။ ဒီစကားတွေ ကြားရတော့ တစ်ခေတ် တစ်ခါက ဘောလုံးပွဲ နိုင်တာလည်း "ဥက္ကဌမော် ခေါင်းဆောင်မှုကြောင့်"၊ ရေနံတွင်း တွေ့တာလည်း "ဥက္ကဌမော်ကြောင့်" မီးရထားလမ်း ဖောက်နိုင်တာလည်း "ဥက္ကဌမော်ကြောင့်" ဆိုတဲ့အသံတွေ ညံနေအောင် ကြားခဲ့ရတာကို ပြန်အမှတ်ရမိတယ်။
အရိယာမဟုတ်
ဒေါ်အောင်ဆန်းစုကြည်လည်း ဉာဏ်ပညာကြီးသူ၊ စိတ်နှလုံးဖြူစင်သန့်ရှင်းသူ၊ တရာရှိသူ ဖြစ်တယ်ဆိုတာ နည်းနည်းလေးမှ ယုံမှား သံသယမရှိပါဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုး စွန့်လွှတ်တဲ့ နေရာမှာလည်း အံ့မခန်း လောက်အောင်ကို ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆိုတာ အရိယာတွေ မဟုတ်ကြဘူး။ ပုထုဇဉ် လူသား မှန်သမျှ ချီးပင့် မြှောက်စားမှုမှာ သာယာ တတ်တယ်။ ကောင်းတဲ့ စကားကို ကြားလိုတယ်။ ဂုဏ်ပြုခံရရင် ဝမ်းသာ ပီတိ ဖြစ်တတ်တယ်။ ဒါသဘာဝ ဖြစ်တယ်။
ငါမှငါ
ချီးပင့် မြှောက်စားမှုက တစ်ဆင့်တက်ရင် ပုဂ္ဂိုလ် ကိုးကွယ်မှု ဖြစ်သွားတတ်ပါတယ်။ ပုဂ္ဂိုလ် ကိုးကွယ်မှု လွန်ကဲ လွန်းရင်၊ ကိုးကွယ်ခံရသူမှာ ငါမှငါဆိုတဲ့ အတ္တစိတ် ကြီးထွားလာလေ့ ရှိတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို ရှောင်ရှားနိုင်အောင် အထူး သတိထားကြဖို့ လိုအပ်ကြောင်း သတိပေး ရေးသား လိုက်ပါတယ်။
လူထုစိန်ဝင်း
No comments:
Post a Comment