Wednesday 19 October 2011

ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ဆတက်ထမ်းပိုး တိုးတက် အောင်မြင်ပါစေ

မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး လူအများက စိတ်ဝင်စားနေကြ သလို မီဒီယာတိုင်းကလည်း ဒီကိစ္စကို ပုံစံအမျိုးမျိုးနဲ့ ဝေဖန်သုံးသပ် ရေးသား ထုတ်လွှင့်လျက် ရှိကြပါတယ်။ ဒီစီမံ ကိန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကြီးက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ပြီး နောက်ပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံ ဘက်မှာရော၊ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ မီဒီယာတွေက သူ့သဘောသူ ဆောင်ပြီး အမျိုးမျိုး ရေးသားဝေဖန် နေကြပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး ထိုးနှက်မှုတွေ ရှိနေတာကိုလည်း တွေ့ ရှိရပါတယ်။
မြစ်ဆုံဆည် စီမံကိန်းကို ၂ဝဝ၆ ခုနှစ်က တရုတ် China Power Investment Corporation(CPI) နဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနတို့ စာချုပ်ချုပ်ဆိုပြီး စတင်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် ဒေါ်လာ သန်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံ စီမံကိန်းအပါအဝင် မေခ၊ မလိခ မြစ်ပေါ်ရှိ ရေအားလျှပ်စစ်ဆည် ခုနစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝ လောက် ရှိတယ်လို့ ဆိုပါတယ်။ သို့သော် မြန်မာပြည်သူတွေ ဘက်ကလည်း ဒီမြစ်ဆုံဆည် စီမံကိန်းတွေကြောင့် ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးသွားမှာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး နောက်ဆက်တွဲ ထိခိုက်ဆုံးရှုံးမှုတွေ ခံစားရမှာ စတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီစိုးရိမ် ပူပန်မှုတွေ ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့်၊ ထဲထဲဝင်ဝင် ဖြစ်လာတဲ့အချိန်မှာ နိုင်ငံတော် အစိုးရအနေနဲ့လည်း ပြည်သူများရဲ့ စိုးရိမ်ပူပန်မှုတွေကို အလေးထား ဖြေရှင်း ဆောင်ရွက်ပေးဖို့ တာဝန်ရှိလာ ပါတယ်။ ဒါကြောင့် လက်ရှိအစိုးရ လက်ထက်မှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတကြီးက လွှတ်တော်ကတစ်ဆင့် ပြည်သူကို အသိပေး ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ ပီပီ ပြည်သူများရဲ့ဆန္ဒကို အလေးထား ဦးထိပ်ပန်ဆင်ပြီး ဆုံးဖြတ်ဆောင် ရွက်လိုက်ခြင်း ဖြစ်တဲ့အတွက် အားလုံးက ကြိုဆိုရမယ့် ဆောင်ရွက်မှု တစ်ရပ်သာ ဖြစ်ပါတယ်။

သို့သော် ဒီလိုမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်တဲ့အတွက် တရုတ်မြန်မာဆက်ဆံရေး အပေါ် ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိလာမလဲဆိုတဲ့ Issue အသစ်တစ်ခု ဖြစ်လာပြန်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတကြီးရဲ့ သဝဏ်လွှာထဲမှာ အိမ်နီးချင်း မိတ်ဆွေနိုင် ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ အဲဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံအောင် ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ပါ တယ်လို့ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
တကယ်တော့ တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ နှစ်နိုင်ငံနယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြပြီး သမိုင်းကြောင်း တစ်လျှောက် ခင်မင်ရင်းနှီးစွာ ဆက်ဆံ လက်တွဲနေထိုင်လာခဲ့တဲ့ မိတ်ဆွေ ရင်းချာ နိုင်ငံတွေ ဖြစ်ပါတယ်။ သမိုင်း အစဉ်အလာရှိတဲ့ ဆွေမျိုးပေါက်ဖော် ညီအစ်ကိုဆက် ဆံရေးအဆင့် ကနေ ယခုအခါ ဘက်စုံ မဟာဗျူဟာမြောက် ဆက်ဆံရေး အဆင့်သို့ ရောက်ရှိနေတဲ့ မိတ်ဖက် နိုင်ငံတွေလည်း ဖြစ်ပါတယ်။
နှစ်နိုင်ငံအကြား တည်ရှိခဲ့ပြီဖြစ်တဲ့ အပြန်အလှန် နားလည်မှု၊ ခင်မင် ရင်းနှီးတဲ့ အိမ်နီးချင်း ဆက်ဆံရေးနဲ့ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းမှုများကို အရှိန်အဟုန် မြှင့်တင်နိုင်ဖို့ အစဉ်တစိုက် လက်တွဲ ကြိုးပမ်းနေကြတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့ချိန်က စပြီးနှစ်ပေါင်း ၆ဝ ကျော်အတွင်း နှစ်နိုင်ငံအကြား တန်းတူရည်တူရှိမှု၊ စာနာထောက်ထားမှု၊ နားလည်မှုများနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ နိုင်ငံများ ဖြစ်ပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက်ဆံရေး သတ်မှတ် နိုင်ခဲ့ခြင်းဟာ တရုတ်နဲ့ အခြားနိုင်ငံများအကြား ဆက်ဆံရေးမှာ အဆင့်အမြင့်ဆုံး ဆက်ဆံရေး ဖြစ်တဲ့အပြင် မြန်မာ-တရုတ် ဆက်ဆံရေး သမိုင်းကြောင်းမှာ သမိုင်းစာမျက်နှာသစ်အဖြစ် မှတ်ယူရမယ့် တိုးတက် ဖြစ်ထွန်းအောင်မြင်မှု ဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံစလုံးအနေနဲ့ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးအဖြစ် အဘက်ဘက်က ကြိုးပမ်းလက်တွဲ ပူးပေါင်း ဆောင်ရွက်လျက် ရှိတာကိုလည်း အထင်အရှား တွေ့နိုင်ပါတယ်။
အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းမှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပူးပေါင်း ပံ့ပိုး ကူညီမှုတွေ အများကြီး ပေးခဲ့ပါတယ်။ ထင်ရှားတဲ့ တံတားကြီးတွေ၊ အဆောက်အအုံကြီးတွေ၊ စက်ရုံကြီးတွေကို တရုတ်ဘက်က စိုက်ထုတ်ကျခံ တည်ဆောက်ပေးခဲ့သလို နည်းပညာ အကူအညီတွေလည်း အများကြီး ပေးခဲ့ပါတယ်။ ထောက်ပံ့ငွေ၊ အတိုးမဲ့ချေးငွေ၊ စီးပွားရေး ချေးငွေတွေလည်း အကြိမ်ကြိမ် အထပ်ထပ် ကူညီပေးခဲ့ပါတယ်။ စွမ်းအင်၊ လျှပ်စစ်၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍစီမံကိန်းသစ် အမြောက်အမြားမှာလည်း ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင် နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း မြန်မာ-တရုတ် နယ်စပ်မှ တစ်ဆင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျောက်ဖြူစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဇုန်၊ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းစသဖြင့် ပူးပေါင်းဆောင်ရွက် နေတာတွေလည်း အများအပြား ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနဲ့ ၂ဝ၁၄ မှာ အာဆီယံ ထိပ်သီး အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ အကူအညီများကိုလည်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကုန်သွယ်မှုအရ ကြည့်ရင်လည်း တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်မှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံ နီးပါးရှိခဲ့ပြီး ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှာတော့ ၆ ဘီလီယံအထိ မျှော်မှန်းထားကြောင်း တွေ့ရှိရပါတယ်။ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလည်း တရုတ်ဟာ မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ ဖြစ်ပါတယ်။ စုစုပေါင်းစီမံ ကိန်း (၇၂) ခုမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလီယံရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရပါတယ်။
ဒါ့အပြင် မကြာခင် ပေါ်ပေါက်လာတော့မယ့် ထားဝယ် အထူးစီးပွားရေးဇုန်မှာလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုများ အမြောက်အမြား ဝင်ရောက်လာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာမျက် နှာစာမှာ မြန်မာနိုင်ငံဘက်က အစဉ်တစိုက် ရပ်တည်ပေးခဲ့တဲ့ မိတ်ဆွေကောင်းနိုင်ငံ ဖြစ်ပါတယ်။ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဘက်က မားမားမတ်မတ် ရပ်တည်ပြီး အမှန်တရားဘက်က ခုခံ ကာကွယ်ပေးခဲ့သလို မြန်မာတို့ရဲ့ အမျိုးသား အကျိုးစီးပွားကိုလည်း အလေးထား ကာကွယ်စောင့်ရှောက် ပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးကို အလေးထား လေးစားပြီး နယ်စပ်ဒေသ ဖြစ်စဉ်ဖြစ်ရပ်များမှာလည်း စိတ်ရင်း စေတနာမှန်စွာ အပြည့်အဝ ပူးပေါင်းဆောင် ရွက်ပေးခဲ့တာကို တွေ့နိုင်ပါတယ်။
အပြန်အလှန်အားဖြင့် မြန်မာ နိုင်ငံဘက်ကလည်း တရုတ် တစ်နိုင်ငံတည်း မူဝါဒကို စွဲမြဲစွာကျင့်သုံးခဲ့ပြီး ထိုင်ဝမ်၊ တိဗက်နဲ့ ရှင်းကျန့်ဝေဂါ ကဲ့သို့သော ကိစ္စများမှာ ကြီးမားတဲ့ ထောက်ခံမှုများ ပေးခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ ကုလသမဂ္ဂ ပြန်လည် ဖွဲ့စည်းရေး ကိစ္စမှာလည်း တရုတ်ဘက်မှ အပြည့်အဝ ရပ်တည်ပေးခဲ့ ပါတယ်။ ယခုအခါ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်တာနဲ့အညီ အပြန်အလှန် ပူးပေါင်းပြီး မဟာဗျူဟာမြောက် ထောက်ခံမှုများ ပြုလုပ်သွားနိုင်တော့မှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က မြန်မာနဲ့ တရုတ်နိုင်ငံ တို့ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြပြီး နိုင်ငံတကာမှာရော ဒေသတွင်းမှာပါ တူညီတဲ့ အကျိုးစီးပွားများ ရှိနေကြပါတယ် ။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ တရားမျှတတဲ့ အကျိုးစီးပွားအတွက် ကာကွယ် စောင့်ရှောက်သွားမှာ ဖြစ်သလို တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ တရားမျှတတဲ့ အကျိုးစီးပွား အတွက် ကာကွယ် စောင့်ရှောက်မှု ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တရုတ်-မြန်မာ ဆက်ဆံရေးဟာ သာမန် ဆက်ဆံရေးမျိုး မဟုတ်ဘဲ ထာဝရ အဓွန့်ရှည် တည်တံ့ခိုင်မြဲနေမယ့် မဟာဗျူဟာမြောက် ဆက်ဆံရေးဆိုတာကို အထင်အရှား တွေ့မြင်နိုင် ပါတယ်။
ဒီအချက်တွေကို ခြုံကြည့်ရင် မြစ်ဆုံကိစ္စ တစ်ခုတည်းကြောင့်တော့ မြန်မာ-တရုတ် ဆက်ဆံရေး ထိခိုက်သွားလောက်စရာ မရှိနိုင်ပါဘူး။ နှစ်နိုင်ငံအပြန် အလှန် အကျိုးကျေးဇူး ပြုနေတာတွေ၊ အပြန်အလှန် အမှီသဟဲ ပြုနေတာတွေ၊ လက်ရှိ နှစ်ဖက် ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ဒါ့အပြင် အနာဂတ်မှာ ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်သွားရမယ့် လုပ်ငန်းစဉ်တွေ စသဖြင့် အပြန်အလှန် ရှေ့ဆက် လက်တွဲသွားကြရမယ့် ကိစ္စတွေ အများကြီး ရှိနေပါသေးတယ်။ ဒီမြစ်ဆုံ ကိစ္စကိုလည်း တရုတ် CPI ကုမ္ပဏီနဲ့ အပြန်အလှန် ညှိနှိုင်းပြီး ချစ်ခင်နားလည်မှုမပျက် ပြေလည်အောင်ဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်။ အစဉ်အဆက် ဆွေမျိုးပေါက်ဖော် ညီရင်းအစ်ကိုလို ဆက်ဆံနေထိုင် လာခဲ့ကြတဲ့ အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်တဲ့အတွက် ဒီကိစ္စ ကို အောင်မြင်စွာ မဖြေရှင်းနိုင်စရာ အကြောင်းမရှိပါဘူး။ တစ်ချိန်မှာ နှစ်ဖက် နားလည် ယုံကြည်သဘောတူ လက်ခံနိုင်တဲ့ အဖြေကောင်းတစ်ခု ရလာနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
တကယ်တော့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ မိသားစုကြီးတစ်ခုနဲ့ အလားသဏ္ဌာန် တူပါတယ်။ နိုင်ငံတော် ဗဟိုဟာ မိဘဖြစ်မယ်ဆိုရင်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေဟာ သားသမီးတွေဖြစ်ပါလိမ့် မယ်။ မိဘအနေနဲ့ ရရှိလာသမျှ အကျိုးအမြတ်တွေကို သားသမီးအားလုံးကို မျှမျှတတ အကျိုးခံစားခွင့် ပေးနိုင်ဖို့ ကြိုးပမ်းမှာဖြစ်သလို သားသမီးတိုင်း ကလည်း ကိုယ်ရှာဖွေလို့ ရသမျှကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲဖို့ပဲမကြည့်ဘဲ မိသားစုအတွက် ပြန်ကြည့်ဖို့လိုပါတယ်။ မြစ်ဆုံကိစ္စဟာ ကချင်ပြည်နယ်မှာ ရှိလို့ ကချင်ပြည်နယ်ရဲ့ ကိစ္စပဲဆိုပြီး ပစ်ပယ်ထားလို့ မရသလို အဲဒီက ဖြစ်ပေါ်လာမယ့် အကျိုးအပြစ် အားလုံးကိုလည်း တစ်နိုင်ငံလုံးက မျှဝေစံစား၊ ခံစားရမှာ ဖြစ်ပါတယ်။ အလားတူ ရခိုင်ကမ်းလွန်မှာ ရှိတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဆိုင်ရာ အကျိုးအပြစ်များသည်လည်း ရခိုင်ပြည်နယ်အတွက်သာ သက်ဆိုင်တာ မဟုတ်ဘဲ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ပြီး တစ်နိုင်ငံလုံးက ကောင်းရင်လည်း ခွဲဝေစံစား၊ မကောင်းရင်လည်း မျှတခံစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘနဲ့သားသမီး ဆက်ဆံရေးမျိုးနဲ့ မိသားစု စိတ်ဓာတ်ဟာ အရေးကြီးပါတယ်။ မြစ်ဆုံ ကိစ္စသည်လည်း တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် မိသားစုတစ်စုလုံးက ဝိုင်းဝန်းပြီး မိသားစု စိတ်ဓာတ်နဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြဖို့ လိုအပ်လှ ပါတယ်။
ချုပ်ပြီးပြောရရင် မြစ်ဆုံ ကိစ္စကြောင့်တော့ဖြင့် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်ပျက်ပြားစရာ အကြောင်းမရှိပါ။ သမ္မတကြီး ကိုယ်တိုင်ကလည်း နှစ်နိုင်ငံ မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံအောင် ညှိနှိုင်းဆောင်ရွက် သွားပါ့မယ်လို့ ဆိုထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးဟာလည်း သမိုင်းအစဉ်အဆက် ခိုင်မာတဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမျိုးဖြစ်ခဲ့ပြီး ယခုအခါမှာ သာမန်အဆင့်မျိုးထက် အများကြီးပိုတဲ့ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး အဆင့်ကို ရောက်ရှိနေပြီဖြစ်လို့ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးဟာ အရှိန်အဟုန်နဲ့ ရှေ့တိုး ချီတက်နေမှာသာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ အစိုးရများအကြား၊ နှစ်နိုင်ငံ ပြည်သူများအကြား ရှိရင်းစွဲ ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ဆတက်ထမ်းပိုး တိုးတက် အောင်မြင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။ ။
(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ ၁၀ မှ ဆောင်းပါးရှင် ကျော်ရဲမင်း ၏ ဆောင်းပါးအား ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment