Sunday 20 March 2016

ကျုးဘား-အမေရိကန် စာပို့စနစ် ပြန်အစတွင် လက်ဖက်ရည်သောက်လှမ်းဖိတ်သည့် ကျုးဘား အဘွားအိုထံ အိုဘားမား စာပြန်

ကျုးဘားနှင့် အမေရိကန် နှစ်နိုင်ငံကြား တိုက်ရိုက်စာပို့မှု ပြန်လည်စတင်ချိန် အမေရိကန်သမ္မတ အိုဘားမားထံ အိမ်အလည်လာဖို့ စာလှမ်းပို့သည့် ကျုးဘားအဘွားအိုအား သမ္မတ အိုဘားမားက စာပြန်ခဲ့သည်။

အသက် ၇၆ နှစ်ရှိ အီလီယာနာယာဇာဆိုသူ အဘွားအိုက ဖေဖော်ဝါရီလအတွင်းက ဟာဗာနားရှိ သူ့၏ နေအိမ်သို့ ကော်ဖီသောက် လာရောက်၍ အလည်အပတ်ဝင်ရန် အိုဘားမားအား လှမ်းဖိတ်စာပို့ခဲ့ခြင်းဖြစ်သည်။

မတ် ၁၆ ရက်တွင် သမ္မတအိုဘားမား၏ ပြန်စာက အဘွားအိုယာဇာထံ ရောက်လာခဲ့ပြီး လက်ဖက်ရည်ကော်ဖီသောက် ဖိတ်သည့် အတွက် ကျေးဇူးတင်ကြောင်း သမ္မတပြန်စာတွင် ရေးသားထားသည်။

အဆိုပါ အိုဘားမား၏ ပြန်စာသည် နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်မှ ကျုးဘားသို့ ပထမဆုံး ပြန်လည်အပို့အယူလုပ်သည့် စာများအနက် တစ်စောင်လည်းဖြစ်သည်။

မတ်လအတွင်း ကျုးဘားသို့ အိုဘားမားလာရောက်မည်ကို ဖေဖော်ဝါရီလအတွင်းက သိလိုက်ရသည့် အဘွားအို ယာဇာက "သမ္မတအိုဘားမားနဲ့ လူချင်းတွေ့ချင်လိုနေကြတဲ့ ကျွန်မလိုလူတွေ ကျုးဘားမှာ အများကြီးရှိနေပါတယ်။"ဟု သမ္မတအိုဘားမားထံ စာရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

အဘွားအိုယာဇာထံ ကျေးဇူးတင်ကြောင်း ပြန်သည့် အိုဘားမား၏ စာတွင်လည်း "ထောက်ခံမှုအတွက် ကျေးဇူးတင်ပါကြောင်း၊ ဒီစာက နှစ်နိုင်ငံကြားက ဆက်ဆံရေးကို တောက်ပသည့် ကဏ္ဍသစ်အဖြစ် ထင်ကျန်ရစ်စေကြောင်း" ဖော်ပြထားသည်။

အမေရိကန်သမ္မတအိုဘားမားနှင့် ကျုးဘားခေါင်းဆောင် ကတ်စထရိုတို့က နှစ်နိုင်ငံသင့်မြတ်ရေး ဖော်ဆောင်မှု တစ်စိတ်တစ်ဒေသအဖြစ် တိုက်ရိုက်စာပို့ဝန်ဆောင်မှု နှစ်နိုင်ငံကြား ပြန်လည်စတင်ရန် ၂၀၁၅ ဒီဇင်ဘာလအတွင်းက သဘောတူခဲ့ကြသည်။

သို့သော် အမေရိကန်-ကျူးဘားဆက်ဆံရေးက တိုးတက်မှုများ ရှိနေလင့်ကစား အမေရိကန်အနေဖြင့် ၁၉၆၀ ခုနှစ်များအတွင်း ချမှတ်ခဲ့သည့် ကျုးဘားသို့ ကုန်သွယ်ခွင့်ပိတ်ဆို့မှုအား လွှတ်တော်က ဆက်လက်တင်းခံထားဆဲဖြစ်၍ အိုဘားမားအတွက် ရုပ်သိမ်းနိုင်ရန် မတတ်နိုင်သေးဘဲ ရှိနေဆဲဖြစ်သည်။
mizzima

No comments:

Post a Comment