Tuesday 26 January 2016

အာဖဂန် အခြေစိုက် အိုင်အက်စ်တို့ကို ချေမှုန်းသွားမည်ဟု သမ္မတဂန်နီ ကြိမ်းဝါး

၎င်း၏ နိုင်ငံတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)တို့ ခြေကုပ်မြဲမြဲ မရမီ ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဟု အာဖဂန်နစ္စတန် သမ္မတ အက်ရှ်ရက်ဖ် ဂန်နီက ပြောကြားလိုက်သည်။
ဂန်နီက ဆီးရီးယားနှင့် အီရတ်တို့တွင် အဓိက ခြေကုပ်ယူကာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ကြီးထွားလာရန် တာဆူနေသည့် အိုင်အက်စ်တို့ကို အပြီးတိုင် မြေမြှုပ်ပစ်မည်ဟု ကြိမ်းဝါးခဲ့သည်။

အိုင်အက်စ်တို့သည် ယခုအခါ အာဖဂန်တွင် သစ္စာတော်ခံ တပ်ဖွဲ့ခွဲများ အခြေစိုက် ဖြန့်ကျက်ထားပြီ ဖြစ်သော်လည်း အလွန်အင်အား တောင့်တင်းသည့် အဆင့်မျိုးသို့ ရောက်မလာသေးချေ။ အိုင်အက်စ်တပ်များသည် အာဖဂန် အစိုးရ စစ်တပ်များအပြင် ဒေသခံ တာလီဘန်တို့နှင့်ပါ တိုက်ခိုက်မှုများ ရှိနေသည်။

BBCနှင့် အင်တာဗျူး အစီအစဉ်တွင် ဂန်နီက “အာဖဂန်ဟာ အိုင်အက်စ်အတွက် နေရာမှန် မဖြစ်နိုင်ဘူး။ သူတို့ရဲ့ ရန်လို ရက်စက်မှုတွေကို ကျွန်တော်တို့ ပြည်သူတွေက အင်မတန် စက်ဆုပ်ကြတယ်။ အခုဆိုရင် အာဖဂန် တစ်နိုင်ငံလုံး အိုင်အက်စ်ကို လက်စားချေချင်စိတ်နဲ့ နိုးကြားနေကြပြီ။ ဒီကောင်တွေက မဆွသင့်တဲ့ သူတွေကို လာဆွမိတာပဲ။ ဒီကောင်တွေကို အပြီးတိုင် မြေမြှုပ်ပစ်ရမယ်”ဟု ဆိုသည်။

၎င်းက အိုင်အက်စ်တို့ကို တိုက်ခိုက်ချေမှုန်းရန်အတွက် ဒေသတွင်း အဆင့်ရော၊ နိုင်ငံတကာ အဆင့်တွင်ပါ ပိုမိုအားထုတ်ကြရန်လည်း တိုက်တွန်းခဲ့သည်။ “အရမ်းကို သိသာထင်ရှားတဲ့ အန္တရာယ် တစ်ရပ်နဲ့ ကျွန်တော်တို့ ရင်ဆိုင် ကြုံတွေ့နေရတယ်ဆိုတာ ငြင်းစရာကို မလိုဘူး။ ဒါကို နိုင်ငံတကာ အတိုင်းအတာထိ အာရုံစိုက်ဖို့ လိုတယ်။ အရင်တုန်းက အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ရေတို အမြင်နဲ့ပဲ တုံ့ပြန်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီထက် ပိုပြီး အားထုတ်မှုမျိုး၊ အာရုံစိုက်မှုမျိုး လိုပါတယ်”ဟုလည်း ဂန်နီက ပြောကြားခဲ့သည်။

အမေရိကန် ထောက်လှမ်းရေး၏ အဆိုအရ အိုင်အက်စ်တို့သည် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် အာဖဂန် အဖွဲ့ခွဲကို စတင်တည်ထောင်ပြီး အာဖဂန်နှင့် အိမ်နီးချင်း ပါကစ္စတန်တို့တွင် လှုပ်ရှားနေသည့် တာလီဘန်တို့ထံမှ ခွဲထွက် လာသည့် အကြမ်းဖက်သမားများကို အခြေခံ စုစည်းထားခြင်းဟု သိရှိရသည်။

Ref: BBC

No comments:

Post a Comment