Tuesday 26 January 2016

အရှေ့အာရှ အအေးလှိုင်းကြောင့် တရုတ်ထိုင်ပေတွင် လူ ၈၅ ဦးထက်မနည်း သေဆုံး

အရှေ့အာရှဒေသ အအေးလှိုင်းဖြတ်မှုကြောင့် တရုတ်ထိုင်ပေတွင် အနည်းဆုံး လူ ၈၅ ဦးမျှ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။တရုတ်ထိုင်ပေ မီဒီယာများက ပြီးခဲ့သည့် သီိတင်းပတ်ကုန်မှစ၍ အပူချိန် ရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် ခန္ဓာကိုယ်အပူချိန် ကျဆင်းခြင်း၊ နှလုံးဖောက်ပြန်ခြင်းများဖြစ်ပေါ်ကာ လူအများစု သေဆုံးခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ထိုအချိန်တွင် တောင်ကိုရီးယား၌လည်း နှင်းများထူထပ်စွာ ကျဆင်းခဲ့ပြီး လေယာဉ်ခရီးစဉ်အများအပြား ဖျက်သိမ်းခဲ့ရခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည် ၆၀၀၀၀ ကျော် သောင်တင်ပိတ်မိနေသည်။
ဆိုးဆိုးရွားရွားအေးခဲသည့် ရာသီဥတုသည် ဟောင်ကောင်၊ တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဂျပန်နိုင်ငံတို့သို့လည်း ထိရောက်ရိုက်ခတ်ခဲ့သည်။

တရုတ်ထိုင်ပေတွင် သေဆုံးသူအများစုသည် သက်ကြီးရွယ်အိုများဖြစ်ကြပြီး ထိုင်ဝမ်ကျွန်းမြောက်ပိုင်းဒေသရှိ ထိုင်ပေမြို့နှင့် တေယွန်မြို့များမှဟု ဆိုသည်။ ထိုမြို့နှစ်မြို့တွင် အသေအပျောက် စုစုပေါင်း ၆၆ ဦးထိ ရှိခဲ့သည်။ အခြား ၁၂ ဦးမှာ တောင်ပိုင်းဒေသရှိ ကိုဆီအန်းမြို့မှ ဖြစ်သည်။

ကျွန်းမြို့တော် ထိုင်ပေတွင် ဇန်နဝါရီ ၂၄ ရက်၌ အပူချိန် ၄ ဒီဂရီ ဆဲလ်ဆီးရပ်စ်သာ ရှိပြီး ၄၄ နှစ်အတွင်း အနိမ့်ဆုံးစံချိန် ဖြစ်ခဲ့သည်။ အပူချိန်အပြောင်းအလဲတွင် သေဆုံးသူအများအပြားသည် နှလုံးရောဂါဖောက်ပြန်ခြင်း၊ အသက်ရှူရခက်ခြင်းတို့ကို ခံစားရပြီး အသက်ဆုံးရှုံးသွားခြင်းဟု တရုတ်ထိုင်ပေ ကျန်းမာရေးဌာနတာဝန်ရှိသူများက
ပြောကြားခဲ့သည်။

“အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ အေးလွန်းလို့သေကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အပူချိန်က ရုတ်တရက်ကြီး ပြောင်းသွားတဲ့အခါ လူတွေရဲ့သွေးလှည့်ပတ်မှု စနစ်မှာ အပြောင်းအလဲတွေ ဖြစ်ကုန်တာပါ”ဟု တရုတ်ထိုင်ပေ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက AFP သို့ မှတ်ချက်ပေးခဲ့သည်။

တရုတ်ထိုင်ပေ အာဏာပိုင်များက သက်ကြီးရွယ်အိုများတွင် အသက်ရှူကျပ်ခြင်းနှင့် ကိုယ်အပူချိန်ကျဆင်းခြင်းတို့ ဖြစ်လာပါက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများနှင့် အမြန်ဆုံးဆက်သွယ်ရန် သတိပေးဆော်ဩထားသည်။ အပူချိန်ကျဆင်းသည့်အခါ အသက်ရှူ ကျပ်လာတတ်ပြီး ရင်ကျပ်ရောဂါရှိသူများတွင် အခြေအနေ ပိုမိုဆိုးရွားသွားတတ်သည်။

ထို့အပြင် ခန္ဓာကိုယ်ဇီဝလှုပ်ရှားမှုများ နှေးကွေးသွားရာ အသက် ၆၅ နှစ်အထက် ကြီးရင့်ပြီး နှလုံးနှင့်အဆုတ်ရောဂါ
ရှိသူများအတွက် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် အခြေအနေမျိုး ဖြစ်လာတတ်သည်။ ထို့ကြောင့် အာဏာပိုင်များက အပူချိန် ၁၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်အောက် လျော့ကျလာပါက နေအိမ်တွင်းအပူဓာတ်ပေးသည့်စနစ်များ အသုံးပြုသင့်ကြောင်း အကြံပြုထားသည်။

ဟောင်ကောင်တွင်လည်း အပူချိန်သည် ၃ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းသွားရာ နှစ်ပေါင်း ၆၀ နီးပါးအတွင်း အအေးဆုံးစံချိန်လည်း ဖြစ်လာသည်။ ဂျပန်တွင်လည်း မြို့ကြီးပြကြီးများနှင့် ဝေးလံသောဒေသများ၌ အပူချိန်အပြောင်းအလဲကြောင့် အနည်းဆုံး လူ ၅ ဦးမျှ သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အရှေ့အာရှ အအေးလှိုင်းဒဏ်ကို ထိုင်းနှင့်ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့တွင်လည်း သက်ရောက်ခံစားခဲ့ရသည်။ ပုံမှန်အားဖြင့် အပူချိန် ၂၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်အောက် ကျဆင်းရန် ခဲယဉ်းသည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ၁၆ ဒီဂရီ ဆဲလ်ဆီးရပ်စ်မျှသာ ရှိတော့ပြီး ဗီယက်နမ်မှာမူ နှစ်ပေါင်း ၂၀ အတွင်း အအေးဆုံးကာလကို ဖြတ်သန်းနေရသည်။ ဟနွိုင်းမြို့တော်တွင် အပူချိန်သည် ၆ ဒီဂရီ ဆဲလ်ဆီးရပ်စ်မျှသာ ရှိနေကြောင်း သိရသည်။

Ref: The Guardian

No comments:

Post a Comment