Monday 22 June 2015

ပြင်ဦးလွင်တွင် ဇနီးနှင့် သားကိုသာမက ကိုယ်တိုင်ပါ ဓာတ်ဆီလောင်း မီးရှို့

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရပ်ကွက် (၈) ယုဇနလမ်းရှိ နေအိမ်တစ်လုံးတွင် ဇွန်လ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က အသက် ၄၂ နှစ်အရွယ် အမျိုးသားမှာ ၎င်းကိုယ်တိုင်နှင့် လေးနှစ်အရွယ် သားဖြစ်သူနှင့် ဇနီးသည်ကိုပါ ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

နေအိမ်တွင် အရက်သောက်စားနေသော ဦးအောင်ကျော်မှာ အိမ်နှင့် ၎င်းကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့မည်ဟု ပြောဆိုကာ ဆိုင်ကယ်တွင် အသုံးပြုရန် ထားရှိသော ဓာတ်ဆီနှစ်ဘူးကို ယူလာပြီး ၎င်းကိုယ်ပေါ်နှင့် နေအိမ်ကို ဓာတ်ဆီဖျန်းခဲ့ကြောင်း၊ ယင်းနောက် အသက် ၂၃ နှစ်အရွယ် ဇနီးသည်နှင့် သားဖြစ်သူကို ဓာတ်ဆီများ ပက်ဖျန်းကာ ၎င်းကိုယ်ကို မီးရှို့ပြီး ဇနီးသည်နှင့် သားဖြစ်သူဘက်ကို မီးခြစ်ထားသော မီးခြစ်ကိုပစ်ပေးရာမှာ သုံးဦးလုံး မီးလောင်ခဲ့ကြောင်း အဆိုပါရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“မီးရှို့တဲ့သူသာမက မိန်းမနဲ့ ကလေးပါ မီးလောင်နေတာ။ ကလေးရဲ့ အဘွားက ကလေးကို ချီပြီး အိမ်ရှေ့က ရေကန်ထဲ ပစ်ပြီး မီးငြှိမ်းရတယ်။ မိန်းမကလည်း ရေကန်ထဲ ခုန်ဆင်းပြီး လောင်နေတဲ့ မီးကိုငြှိမ်းရတယ်။ သူကလည်း လမ်းပေါ်က အမှိုက်ပုံမှာ လူးလှိမ့်လို့ မီးငြိမ်းသွားတယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ဓာတ်ဆီလောင်း မီးရှို့မှုကြောင့် မီးစတင်ရှို့သူ အမျိုးသား၏ ခန္ဓာကိုယ်အနှံ့တွင် လည်းကောင်း၊ ဇနီးသည်၏ မျက်နှာ၊ လက်မောင်း၊ ခြေထောက်နှစ်ဖက်တို့တွင် လည်းကောင်း၊ သားဖြစ်သူ၏ ကျော၊ ဝမ်းဗိုက် ခြေထောက်တို့တွင် လည်းကောင်း၊ ကလေးကို မီးငြှိမ်းသတ်ပေးသော အသက် ၄၈ နှစ်အရွယ် အဘွား၏ လည်ပင်း၊ ရင်ဘတ်တွင် လည်းကောင်း၊ မီးလောင်နေသော နေအိမ်ကို ဝိုင်းငြှိမ်းသတ်သော ဇနီးသည်၏ အသက် ၅၁ နှစ်အရွယ် ဖခင်၏ ဦးခေါင်း ညာခြေထောက်တို့တွင် မီးလောင်ဒဏ်ရာ ရရှိ ခဲ့သဖြင့် ပြင်ဦးလွင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
အဆိုပါ မိသားစုကို မီးရှို့သည့် ခင်ပွန်းကို ပြင်ဦးလွင် မြို့မရဲစခန်းက (ပ) ၁၄၂/၁၅၊ ပြစ်မှုပုဒ်မ ၃၀၇/၃၀၉/၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment