Monday 22 June 2015

မြန်မာ-အိန္ဒိယ နယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုအောင်းမှု မရှိစေရန် နှစ်ဖက်တပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မည်

မြန်မာ-အိန္ဒိယ နယ်စပ်တွင် လက်နက်ကိုင်တပ်ဖွဲ့များ ခိုအောင်းမှု မရှိစေရေးအတွက် နှစ်ဖက်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဇွန်လ ပထမပတ်အတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသအနီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် အိန္ဒိယ တပ်မတော်နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN တပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြဝတီ သတင်းဌာနတွင် ဖော်ပြထားသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ် တွေ့ဆုံညှိနှိုင်းမှုများအရ NSCN (IM) တပ်ဖွဲ့များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခိုအောင်းမှု မရှိစေရန်အတွက် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် ပုံမှန်နယ်မြေရှင်းလင်းလျက် ရှိသည့် တပ်များအပြင် ထပ်မံ တပ်အင်အား ဖြည့်တင်းပြီး နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိသော အိန္ဒိယတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း တပ်ချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် မြန်မာ-အိန္ဒိယ နယ်စပ်ဒေသ လုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ တပ်မတော်နှစ်ရပ် အကြားတွင် အောက်ခြေတပ်စခန်းအဆင့် အပြန်အလှန် တွေ့ဆုံဆွေးနွေးမှု၊ ဒေသအဆင့် တွေ့ဆုံဆွေးနွေးမှုနှင့် အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံဆွေးနွေးမှုများ ပုံမှန်ပြုလုပ်လျက် ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၊ ချန်ဒေးခရိုင်၊ Moltuk ရွာအနီးတွင် အိန္ဒိယတပ်မတော်မှ လုံခြုံရေး ဆောင်ရွက်နေသော ယာဉ်တန်းကို ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် NSCN (IM) အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ကျဆုံးခဲ့သည်။

ယင်းနောက် အိန္ဒိယတပ်မတော်က တိုက်ခိုက်ခံရသော ချန်ဒေးခရိုင် အတွင်းရှိ နယ်စပ်တစ်လျှောက်တွင် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၉ ရက်တွင် မြန်မာ-အိန္ဒိယ နယ်နိမိတ် မှတ်တိုင်အမှတ် (၁၁၉) အနီး တစ်ဖက်နိုင်ငံ အတွင်းရှိ မိုဘိုင်လွတ်ရွာ အနီးတွင် NSCN (IM) အဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။
အဆိုပါ နာဂဆိုရှယ်လစ်ကောင်စီ NSCN-IM သည် အိန္ဒိယနိုင်ငံအတွင်း အခြေစိုက်ပြီး အိန္ဒိယအစိုးရနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment