Saturday 9 May 2015

အင်းတကော် နှစ်လောင်းပြိုင် လူသတ်မှု ပေါ်ပေါက်၊ ငွေလိမ်လည်မှုကြောင့် သတ်ဖြတ်ဟုဆို

ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရမည်ဟုဆိုကာ တစ်ဦးလျှင် ကျပ်သိန်း ၁၁၀ ယူထားပြီး ပို့ဆောင်ပေးခြင်း မရှိသောကြောင့် ငွေလိမ်ခံရသူများက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ညီအစ်ကိုနှစ်ဦးတို့ကို လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်၍ ပဲခူးမြို့နယ် အင်းတကော်ရှိ ရွှေပြည် (၃) ရေလှောင်တမံသွားရာ လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဦးက ပြောကြားသည်။
“ဂျပန်ပို့ပေးမယ် ဆိုပြီး ငွေလိမ်ခံရလို့ စမ်းချောင်းတရားရုံးမှာ တရားစွဲဆိုထားသူက စိတ်မထိန်းနိုင်တော့ဘဲ လူသတ်မှုအထိ ကျူးလွန်ခဲ့တယ်လို့ ဖမ်းမိထားသူ လူငယ်တစ်ဦးက ထွက်ဆိုတယ်။ ကျန်တဲ့သူတွေပါ ဖမ်းမိဖို့ စုံစမ်းနေပါတယ်” ဟု ပဲခူးမြို့နယ် အင်းတကော် နယ်မြေရဲစခန်းထံမှ သိရှိရသည်။
အဆိုပါ လက်ပြန်ကြိုးတုပ်ကာ ထိုးသွင်းဒဏ်ရာများဖြင့် အသတ်ခံရသူ အမျိုးသားနှစ်ဦးမှာ အသက် ၅၅ နှစ်အရွယ် ဦးညွန့်ဆွေနှင့် အသက် ၅၂ နှစ်အရွယ် ဦးညွန့်ဝေတို့ ညီအစ်ကိုနှစ်ဦး ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ မေလ ၅ ရက် နံနက် ၈ နာရီက နေအိမ်မှ ထွက်သွားပြီး ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် သေဆုံးနေသော ရုပ်အလောင်းများကို အင်းတကော်နယ်မြေတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များထံမှ သိရသည်။
“မနက် ၁၀ နာရီထိ ဖုန်းနဲ့ ဆက်သွယ်လို့ ရသေးတယ်။ သူ့တို့ ညီအစ်ကိုနှစ်ယောက်က စမ်းချောင်း ကျွန်းတောလမ်းက မင်းသီဟ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ဧည့်သည်တစ်ယောက်ကို စောင့်နေတယ်လို့ ပြောတယ်။ ၁၁ နာရီ နောက်ပိုင်းမှာ သူတို့ဖုန်းတွေ စက်ပိတ်ထားလို့ ခေါ်မရတော့ဘူး။ နောက်နေ့ မနက်မိုးလင်းမှ ကျွန်မအမျိုးသားရဲ့ အသိတွေက အင်တာနက်မှာ ကိုညွန့်ဆွေတို့ ညီအစ်ကိုနှစ်ယောက် အသတ်ခံရတဲ့ပုံတွေ တက်နေတယ်ပြောမှ သိတာ” ဟု သေဆုံးသူ ဦးညွန့်ဆွေ၏ ဇနီး ဒေါ်လဲ့လဲ့ဆွေက ရှင်းပြသည်။
အသတ်ခံရသူ ညီအစ်ကိုနှစ်ဦးအနက် ဦးညွန့်ဝေမှာ စမ်းချောင်းမြို့နယ်ရှိ ကျော်ကျော်နိုင် မိသားစု နည်းပညာ ဝန်ဆောင်မှု ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွင် လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလက အမျိုးသားခြောက်ဦးကို ဂျပန်သို့ ပို့ဆောင်ပေးရန် ငွေကျပ် သိန်း ၆၉၀ ယူဆောင်က ဂျပန်မပို့ဆောင်ပေးသောကြောင့် ပုဒ်မ ၄၂၀ ဖြင့် အမှုငါးမှု တရားစွဲဆိုခံထားရသူ ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“နယ်က ကောင်လေးခြောက်ယောက်ဆီက ငွေယူပြီး ဂျပန်ပို့ပေးမယ ကတိပေးခဲ့တာ။ သင်တန်းလေးလ တက်ခိုင်းနေတုန်း သူတို့ချိတ်ထားတဲ့ ကုမ္ပဏီဥက္ကဋ္ဌ ကျော်ကျော်နိုင်က ငွေတွေယူပြီး စင်ကာပူကို ထွက်ပြေးသွားတယ်။ ဒီမှာ ကျန်ခဲ့တဲ့ ကိုညွန့်ဝေကို ပူးပေါင်းပါဝင်မှုနဲ့ စမ်းချောင်းတရားရုံးမှာ အမှုငါးမှု စစ်ဆေးနေတုန်း တရားစွဲထားသူတွေထဲက နှစ်ယောက်က ကိုညွန့်ဝေတို့ ညီအစ်ကို နှစ်ယောက်ကို သတ်ခဲ့တာ” ဟု စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးမျိုးမြင့်ဦးက ဆိုသည်။
အဆိုပါ လူသတ်မှု ကျူးလွန်သည် ဟု ယူဆရသူများမှာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် နေထိုင်သူ မျိုးသက်နှင့် သာယာဝတီမြို့နယ်တွင် နေထိုင်သူ ကျော်သူရတို့ ဖြစ်ကြောင်း၊ မေလ ၇ ရက်နေ့ ညပိုင်းက မျိုးသက်ကို ကျုံပျော်မြို့နယ်တွင် ဖမ်းမိခဲ့ပြီး ကျော်သူရမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ဆိုကာ ငွေများလိမ်လည်ခံရသူ မျိုးသက်၊ ကျော်သူရ၊ ဇင်သူအောင်၊ ကျော်မင်းထွန်း၊ ကျော်ဇင်ဝင်းနှင့် ရှိုင်းကိုကိုတို့က ၂၀၁၄ ခုနှစ် နိုဝင်ဘာလက စမ်းချောင်းမြို့နယ် တရားရုံးတွင် ဦးညွန့်ဝေကို ရာကြီးအမှတ် ၄၄၇/၁၄ မှ ၄၅၁/၁၅ အထိ အမှုငါးမှုဖြင့် တရားစွဲဆိုထားကြောင်း စမ်းချောင်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ညီအစ်ကိုနှစ်ဦး အသတ်ခံရမှုကြောင့် ပဲခူးမြို့နယ် အင်းတကော် နယ်မြေရဲစခန်းက (ပ) ၅၈/၁၅၊ ပုဒ်မ ၃၀၂/၂၀၁ တို့ဖြင့် အမှုဖွင့်ထားရာ မျိုးသက်က လူသတ်မှုကျူး လွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး ကျန်ပါဝင်သူများကိုလည်း ဖော်ထုတ်အရေးယူရန် စုံစမ်းလျက်ရှိကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment