Saturday, 9 May 2015

ခြင်္သေ့တစ်ပိုင်း ငါးတစ်ပိုင်းနိုင်ငံ၌ တက္ကစီ စီးခြင်း

(တစ်)
စင်ကာပူလို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံသားလူငယ်လူရွယ် အများအပြားတို့ သွားရည်တများ များကျကာသွားပြီး အလုပ်လုပ်ဖို့၊ သွားပြီး ပညာသင်ဖို့၊ သွားပြီး အခြေချဖို့၊ သွားပြီး ဆေးကုဖို့ အာရုံကျရာ နိုင်ငံတစ်နိုင်ငံဆိုတာ အထင်ကရဖြစ်ပြီးသားပါ။ ခြင်္သေ့ ခေါင်းနဲ့ ငါးကိုယ်ကို ဆက်ထားတဲ့ အရုပ်ကို နိုင်ငံ့အမှတ်တံဆိပ်အ ဖြစ် အများက သိရှိထားပြီး ဖြစ်တဲ့ သည်နိုင်ငံပေါက်စကလေးဟာ မူလက တံငါရွာကလေးတစ်ရွာမျှ သာပါတဲ့။ တီးမားဆက် (Tema-sek) ဆိုတဲ့ ရွာကလေးပေါ့။ တီး မားဆက်ဆိုတဲ့ စကားလုံးဟာ အင်္ဂလိပ်ဘာသာနဲ့ Sea Town လို့အဓိပ္ပာယ်ရတာကြောင့် ပင်လယ် မြို့တော်လို့ပဲ လွယ်လွယ်ဆိုလိုက် ကြပါစို့ရဲ့။

စင်ကာပူကို Singapura လို့ လည်း အပြည့်အစုံခေါ်ခဲ့ကြပြီး အဲသည့် စင်ကာပူရဆိုတဲ့ စကားလုံး ရဲ့ အနက်ကကျတော့ Lion City ပါ။ စင်ကာပူရဲ့ ရှေးဟောင်းဒဏ္ဍာရီတွေထဲမှာ ခြင်္သေ့နဲ့ ငါးပေါင်းစပ် ရာက မွေးဖွားလာတဲ့ သားစဉ်မြေး ဆက်တို့က သည်မြေ သည်ရေကို စိုးစံထိန်းသိမ်းလာခဲ့ကြရပါ ကြောင်း ဆိုထားခဲ့တဲ့အတွက် မာ လိုင်းယဲန် (Merlion) လို့ခေါ်တဲ့ ခြင်္သေ့ခေါင်းနဲ့ ငါးကိုယ်တွဲစပ် ထားတဲ့ အရုပ်ကို စင်ကာပူရဲ့ နေ ရာတိုင်းလိုလိုမှာ တွေ့နိုင်ကြပါ တယ်။
မာလိုင်းယဲန် (MerLion) ဆို တဲ့ စကားလုံးမှာ Mer က ပင်လယ် (Sea) ကို ဆိုလိုခြင်းဖြစ်ပြီး Lion ကတော့ အများသိခြင်္သေ့ပေမို့ ရေခြင်္သေ့လို့ပဲ ဆိုလိုက်ကြပါစို့ရဲ့။
အဲသည့် ခြင်္သေ့တစ်ပိုင်း ငါး တစ်ပိုင်းမြို့တော်ကြီးမှာ တက္ကစီ စီးတဲ့အခါ မြန်မာပြည်ကို သတိရ ချင်စရာပါ။
(နှစ်)
မြန်မာနိုင်ငံရဲ့ တက္ကစီဇာတ် လမ်းတွေကဖြင့် အံ့မခန်းတွေ ချည်းပါပဲ။
တက္ကစီ စီးတဲ့အခါ မီတာနဲ့ စီးကြဖို့ စီစဉ်လိုက်ကြသေးပေ မယ့် ရန်ကုန်မြို့ရဲ့ လမ်းတွေ ပိတ်ဆို့ကျပ်ခဲနေပုံက ကမ္ဘာ့ဘယ်နေ ရာနဲ့မှ နှိုင်းယှဉ်လို့မရအောင် ဖြစ် နေခဲ့ရတဲ့အပြင် သွားလိုရာကို ဘယ်တော့ရောက်မလဲဆိုတာ ဘယ်သူကမှ ကံသေကံမတွက်ဆ လို့ မရနိုင်တာကြောင့် မီတာစနစ် အကောင်အထည်မဖော်နိုင်ဘဲ ကားဆရာရဲ့ ပါးစပ်ထဲက ထွက် လာတဲ့ ဈေးကိုသာ အတည်ယူပြီး လိုတိုးပိုလျှော့ ဆစ်ကာ ပိုင်းကာနဲ့ ခရီးနှင်နေကြရတဲ့အဖြစ်ပါ။
တက္ကစီ စီးတဲ့အခါ လမ်းကြုံ ရင် တင်မယ်ဗျာဆိုတဲ့ စကားက မကြားချင်အဆုံးပါ။ သွားမယ့်ခရီး အကွာအဝေးအတွက် ခရီးသည် တစ်ဦးဆီကနေ ထိုက်တန်တဲ့ ငွေ ကြေးကိုရပြီး ဖြစ်ပါလျက်နဲ့ နောက်တစ်ယောက် ထပ်တင်ဖို့ စိတ်ကူး ရဲတာ ရန်ကုန်မြို့က တက္ကစီဆရာ တွေပါ။ အထူးသဖြင့် အဝေးပြေး ဂိတ်လို နေရာတွေ၊ ဘူတာရုံတွေ၊ သင်္ဘောဆိပ်တွေမှာ လမ်းသင့်လို့ ဆိုပြီး တွဲတင်ကြတဲ့အခါ တကယ် လမ်းကြောင်းတူတာတွေလည်း ရှိ ပါရဲ့။ ဟိုကွေ့သည်ပတ်လိုက်ပို့ ကြရပြီး တူချင်ယောင် ဇွတ်ဆောင်ကြရတဲ့ လမ်းကြောင်းတွေလည်း ရှိရဲ့။ သွားလိုရာကို မြန်မြန်ရောက် ချင်တဲ့ ခရီးသည်များ ခမျာသည်လိုပဲ အောင့်အည်းသည်းခံပြီး စီးကြ ရရှာတာပါ။ တချို့ကားဂိတ်တွေ မှာဆိုရင် ပွဲစားက ခေါ်သွားပြီး ကားတစ်စီးပေါ်တင်ပေး၊ ခဏ ကြာတော့မှ အဲသည့်ကားမဟုတ် တော့ပြန်ပါဘူးဆိုပြီး နောက်ကား တစ်စီးဆီ ပြန်ပြောင်းတင်ပေး။ ရပ်ဝေးက လာခဲ့ရတဲ့ ခရီးသည် ခမျာ ယောက်ယက်ခတ်လို့။
တချို့တက္ကစီဆရာတွေများကျတော့ အိမ်ရှေ့အထိ ပို့ရမှာလား၊ လမ်းထဲဝင်ပေးရမှာလားဆိုပြီး မေးတာမျိုးရှိပါသေးတယ်။ မှတ်တိုင်အထိပဲ ပို့ပေးချင်တယ်ဆိုရင် ဘာဖြစ်လို့ တက္ကစီမောင်းနေပါလိမ့်။ ဘတ်စ်ကားပဲ မောင်းပါတော့လား။
ကားပေါ်ပါလာတဲ့ ခရီးသည်က မိန်းကလေးလည်းဖြစ်၊ တစ် ယောက်တည်းလည်း ဖြစ်တဲ့အခါ မျိုးမှာ မထိတထိနောက်ပြောင် တာ၊ မဟုတ်တဲ့ လမ်းကနေ ပတ် မောင်းပြီး သွေးတိုးစမ်းတာမျိုး လုပ်တဲ့ သူတွေကလည်း တက္ကစီ လောကမှာ ပွလို့ပေါ့။ ကားဆရာ က ကားပေါ်မှာ လူပိုခေါ်လာပြီး ခရီးသည်ကို အနိုင်ကျင့်တာမျိုး တွေကလည်း မကြာခဏကြားရ တတ်တဲ့ သတင်းတွေပေါ့။
အပြန်အလှန်ပြောရရင် ခရီး သည်ဘက်က ဆိုးတာတွေက လည်း မကြားချင်အဆုံးပါ။ ကား ဆရာကို အနိုင်ကျင့်ပြီး လုတာ ယက်တာ၊ ခရီးဆုံးတော့မှ ပိုက်ဆံ တက်ယူလိုက်ဦးမယ်ဆိုပြီး ပြန် ဆင်းမလာတော့တာ၊ ကားပေါ် မှာ အရက်သောက်နေတာ။
စင်ကာပူမှာ တက္ကစီစီးတဲ့ အခါ အဲသည့်လို အဖြစ်အပျက် အတွေ့အကြုံမျိုးတွေနဲ့ အားလုံး ပြောင်းပြန်ဇောက်ထိုးပါ။
(သုံး)
စင်ကာပူက တက္ကစီစနစ်က အားလုံးမီတာစနစ်ပါ။ သွားလိုရာ ကို တိတိကျကျပြော၊ တိတိကျကျ ပို့ဆောင်၊ မီတာကထွက်လာတဲ့ ငွေအတိုင်း တိတိကျကျပေး ဆောင်။ ရှင်းလင်းပါတယ်။
အပူပိုင်းနိုင်ငံဖြစ်တဲ့အတွက် တက္ကစီအားလုံးမှာ လေအေးပေး စက်စနစ်ကောင်းကောင်းကို တပ် ဆင်ထားပါတယ်။ အေးမြမွှေး ကြိုင်လို့။
တက္ကစီပေါ်မှာ အရက်၊ ဘီ ယာသောက်လို့ မရပါဘူး။ သောက်လက်စပုလင်းကိုတောင် ပြောင် ပြောင်တင်းတင်း သယ်ဆောင် သွားလို့ မရပါဘူး။ ဒရိုင်ဘာနဲ့ ယှဉ်ပြီး ရှေ့ကခုံမှာထိုင်ရင် ခါးပတ် ပတ်ရပါတယ်။
အထူးခြားဆုံးကတော့ တက္ကစီကို ခရီးသည်က တားချင်တဲ့ နေရာမှာ လှမ်းတား၊ ကားဆရာက ရပ် ချင်တဲ့ နေရာမှာ ၀င်ရပ်၊ တင်ချင် တဲ့သူကို တင်သွားဆိုတာမျိုးလုပ် လို့ မရတာပါပဲ။ အစစအရာရာ တန်းစီကြရတဲ့ စင်ကာပူမှာ တက္ကစီ စီးခြင်းကိုလည်း တန်းစီကြရပါတယ်။
အများသူငါ လူဝင်လူထွက် များတဲ့ နေရာတိုင်းမှာ တက္ကစီ ကလေးတွေ ၀င်ရပ်ဖို့ နေရာက လေးတွေ လုပ်ပေးထားပါတယ်။ ခရီးသည်တွေက အဲသည့် နေရာ ကလေးတွေမှာ ၀င်ပြီး တန်းစီကြ ရတာပါ။ တက္ကစီတစ်စီးထိုးဝင် လာလိုက်၊ ရှေ့ဆုံးမှာရောက်နေ တဲ့ သူက သွားလိုရာကို ပြောပြီး ကားပေါ်တက်သွားလိုက်။ နောက်ကားတစ်စီးဝင်လာလိုက်၊ ရှေ့ဆုံးရောက်နေသူက ထိုနည်းလည်း ကောင်း လုပ်လိုက်။
အထူးသဖြင့် လေဆိပ်လို နေရာ၊ အဝေးပြေးဂိတ်လို နေရာ၊ ဧရာမဈေးကြီးတွေလို နေရာ၊ ဆေးရုံလို နေရာ၊ တက္ကသိုလ်လို နေရာတွေမှာ တက္ကစီတွေ တန်း စီပြီး ရပ်ထားလေ့ရှိပါတယ်။ ခရီး သည်က ကားကို အစဉ်အတိုင်းပဲ ငှားစီးခွင့်ရှိပါတယ်။ နောက်ကား ကို ကျော်ပြီး ငှားလို့မရပါဘူး။ ကားဆရာက မလိုက်ပါဘူး။
ရန်ကုန်မြို့ သာသာကလေး ရှိတဲ့ ကျွန်းနိုင်ငံ၊ နေပူလိုက်၊ မိုးရွာ လိုက် ဆီးနှင်းတစ်ပြိုက်မှမကျ ဟေမန္တဆိုတာ ဘာမှန်းမသိတဲ့ ကျွန်းနိုင်ငံ၊ ကမ္ဘာလှည့်ခရီးသွား တို့ ခြေချင်းလိမ်နေကြတဲ့ ကျွန်း နိုင်ငံ၊ လေယာဉ်တွေ အုပ်လိုက် ပျံဆင်းလာကြ အုပ်လိုက်ပျံတက် သွားကြနဲ့ ကျွန်းနိုင်ငံ။
သြော်...ခြင်္သေ့တစ်ပိုင်း ငါး တစ်ပိုင်းနိုင်ငံမှာ တက္ကစီ စီးရတာ စိတ်ချမ်းမြေ့စရာကောင်းလွန်း လှပါဘိ။။
မောင်သာချို
7 day

No comments:

Post a comment