Friday 20 November 2015

ပါရီတိုက်ခိုက်မှု၏ အဓိက ဦးဆောင်သူ အကြမ်းဖက်သမားကို သုတ်သင်နိုင်ခဲ့ဟု ပြင်သစ်ရဲတပ်ဖွဲ့ ကြေညာ

ပါရီမြို့ အကြမ်းဖက်တိုက်ခိုက်မှုကို ဦးဆောင်သည့် ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်က ပါရီဆင်ခြေဖုံး စိန့်ဒင်းနစ်ရပ်ကွက်ရှိ တိုက်တစ်လုံးကို ရဲတပ်ဖွဲ့က စီးနင်းတိုက်ခိုက် ခဲ့ရာ အက်ဘ်ဒယ်လ်ဟာမစ်ဒ်အဘူရက်ဒ် သေဆုံးသွားကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အဘူရက်ဒ်ကို ပစ်မှတ်ထားပြီး ရဲများက အဆိုပါတိုက်ခန်းကို ဝန်းရံပိတ်ဆို့ စီးနင်းခဲ့ရာ အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့နောက်တွင် အကြမ်းဖက်မှု သံသယတရားခံရှစ်ဦးကို ဖမ်းမိခဲ့ပြီး အခြား အသေအပျောက်များလည်း ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

DNA စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကျည်ဆန်ရာဗရပွနှင့် တွေ့ရှိရသည့် အလောင်းတစ်လောင်းသည် အဘူရက်ဒ်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ်ကာဇန်နျူဗာက အဘူရက်ဒ်သည် ဆီးရီးယားမှ ဥရောပသို့ ပြန်လာရာတွင် ဂရိမှတစ်ဆင့်ခံ ဝင်ရောက်လာကြောင်း ထောက်လှမ်းရေး သတင်းအချက်အလက်များကို ကိုးကားပြီး ပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံနိုင်ငံသားတစ်ဦးဖြစ်သည့် အဘူရက်ဒ်သည် အိုင်အက်စ်တို့နှင့် သွားရောက်ပူးပေါင်း တိုက်ခိုက်ပြီးနောက် ပါရီအကြမ်းဖက်မှုကို ဦးဆောင်စီမံရန် ဥရောပသို့ တစ်ကျော့ပြန်လာခြင်း ဖြစ်သည်။

သို့သော်လည်း ၎င်းသည် ဥရောပသို့ ခိုလှုံဝင်ရောက်ရန် ကြိုးစားနေသည့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များကြားတွင် မည်သို့မည်ပုံ ကိုယ်ရောင်ဖျောက် ရောနှောလိုက်ပါလာသည် ဆိုခြင်းမှာ ပဟေဠိ ဆန် နေဆဲ ဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားသည့် ပါရီတိုက်ခိုက်မှုသည် ပြင်သစ်နိုင်ငံသမိုင်းတွင် အဆိုးဆုံးကြုံရသည့် အကြမ်းဖက်မှု ဖြစ်ခဲ့ပြီး လူပေါင်း ၁၂၉ ဦး သေဆုံးကာ ရာနှင့်ချီထိခိုက်ဒဏ်ရာများ ရခဲ့သည်။

ထိုစဉ်က ပါရီရှိ Stade de France အားကစားကွင်းကြီးရှေ့တွင် အသေခံဗုံးခွဲခဲ့သူတစ်ဦး၏ ရုပ်ကြွင်း အစအန လက်ချောင်းမှလက်ဗွေရာကိုရယူပြီးနောက် ၎င်းသည် ဂရိမှတစ်ဆင့် ဒုက္ခသည်တစ်ဦးအဖြစ် မှတ်ပုံတင် ဝင်ရောက်လာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။

ပြင်သစ်ထောက်လှမ်းရေးများက အဘူရက်ဒ်သည် ယမန်နှစ်ကတည်းက ဆီးရီးယားမှ ထွက်ခွာလာကြောင်း အတည်ပြုချက် ရရှိထားသော်လည်း ထိုအတောအတွင်း မည်သည့်နေရာတွင် ပျောက်ကွယ်နေသည်ကို မသိရသေးချေ။

ကာဇန်နျူဗာက မည်သည့် ဥရောပနိုင်ငံကမျှ အဘူရက်ဒ် ဝင်ရောက်လာသည့် အထောက်အထားမရှိခဲ့ဟု ပြောကြားခဲ့သည်။ သို့သော် နွေဦးပေါက်ချိန်နောက်ပိုင်း ပြင်သစ်တွင် လုံခြုံရေးတပ်ဖွဲ့များ ကြားဖြတ် ဟန့်တားမှုကြောင့် မအောင်မြင်ခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ရန် အစီအစဉ် ခြောက်ခုအနက် လေးခုသည် အဘူရက်ဒ်၏ ဦးဆောင်လှုပ်ရှားမှု ဖြစ်နေကြောင်း သိရသည်။

Ref: CNN
7Day Daily 

No comments:

Post a Comment