Wednesday 21 October 2015

ရွေးကောက်ပွဲနေ့တွင် လုပ်သားစေလွှတ်မှုအချို့ ရပ်နားထားမည်


ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ပထွက်ခွာအလုပ်လုပ်သူဦးရေမှာ လျော့သွားခြင်းမရှိဘဲ ပုံမှန်အခြေအနေ၌ ရှိနေပြီး အေဂျင်စီအချို့ရွေးကောက်ပွဲရက်တွင် လုပ်သားစေလွှတ်မှု ရပ်နားထားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန်ရှိသော်လည်း ပြည်ပနိုင်ငံများမှ လုပ်သားခေါ်ယူမှုပုံမှန်အတိုင်းရှိနေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ များက ဆိုသည်။
‘‘လုပ်သားစေလွှတ်မှုက ပုံမှန်အတိုင်းရှိနေပါတယ်။ ခေါ်စာတွေလည်း အဲဒီလပိုင်းအထိရှိနေတာပဲ။ ဒါပေမဲ့ နိုဝင်ဘာ ၈ ရက်က ရွေးကောက်ပွဲလုပ်မှာဆိုတော့ ကျွန်တော်တို့ဆီက အဲဒီ့တစ်ရကတော့ လုပ်သားပို့မှာတော့ မဟုတ်ဘူး’’ဟု ရွှေဝင်းပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြောသည်။

ရွေးကောက်ပွဲပြုလုပ်မည့်ရက်တွင် လုပ်သားစေလွှတ်မှုရပ်နားရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက တရားဝင်ကြေညာခြင်းမရှိဘဲ အေဂျင်စီအများစုသည် ပြည်ပ ထွက်ခွာမည့် လုပ်သားများမဲပေးပြီးမှ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် မိမိတို့အစီအစဉ်ဖြင့် ရပ်နားရန် ဆုံးဖြတ်ထားကြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါရက်တွင် လုပ်သားစေလွှတ်မှုရပ်နားထားရန် အေဂျင်စီအချို့က ဆုံးဖြတ်ထားသကဲ့သို့ ၎င်းတို့အနေဖြင့်လည်း ယင်းရက်တွင် သွားရောက်လိုခြင်းမရှိသည့်  လုပ်သားရှိပါက ၎င်းတို့အဆင်ပြေသော ရက်ဖြင့်အစားထိုးနိုင်ရန် ပြုလုပ်သွားရန်ရှိသည်ဟု ဆန်းသစ်ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘၀န်ကြီးဌာနကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ဘာမှ မပြောပါဘူး။ အဲဒီရက်ပိုင်းလုပ်သား ပို့၊ မပို့ဆိုတာ အေဂျင်စီရဲ့ သဘောပါပဲ။ အဓိကသွားရောက်လုပ်ကိုင် ခွင့်ရလုပ်သားဦးရေထွက်လာတာနဲ့ ထွက်မယ့်ရက်က ဘယ်ရက်ဖြစ်ရမယ်ဆိုတာ သတ်မှတ်ချက်မရှိ ဘူး’’ဟု ဒေသခံ အာရှသားဝန် ဆောင်မှုကုမ္ပဏီမှ မန်နေဂျင်းဒါ ရိုက်တာ ဦးမျိုးမြင့်က ပြောသည်။

အဆိုပါရွေးကောက်ပွဲရက်တွင် လုပ်သားစေလွှတ်မှုနှင့် ပတ်သက်၍ ညွှန်ကြားထားခြင်းမရှိသည့်အတွက် ရပ်နားထားမည့် အေဂျင်စီအရေအတွက်ကို မသိနိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုအခါ ပြည်ပနိုင်ငံများက မြန်မာလုပ်သားခေါ်ယူမှုမှာ ပုံမှန်အနေအထားတွင် ရှိသော်လည်း သွားရောက်လုပ်ကိုင်သူအရေအတွက်မှာခေါ်ယူသည့် ဦးရေထက် နည်းနေသည်ဟု အေဂျင်စီများက ပြောသည်။

No comments:

Post a Comment