Wednesday 21 October 2015

ပုပ်ရဟန်းမင်းကြီး ဦးနှောက်တွင် အကြိတ်ရှိနေသည်ဆိုသော သတင်းကို ဗာတီကန် ငြင်းဆို

ပုပ်ရဟန်းမင်းကြီး အနေဖြင့် ဦးနှောက်အတွင်း အကြိတ်ရှိနေသည့် ရောဂါဝေဒနာ ခံစားနေရကြောင်း သတင်းများကို ဗာတီကန် နန်းတော်က ငြင်းဆန်သွားခဲ့သည်။ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်နိုင်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် ဦးနှောက်ထဲတွင် အကြိတ်ရှိနေကြောင်း ဆေးစစ် တွေ့ရှိခဲ့သည်ဟု အီတလီ မီဒီယာများက ဖော်ပြခဲ့သည်။ပုပ်ရဟန်းမင်းကြီး အခြေချ သီတင်းသုံးရာ ဗာတီကန် နန်းတော်က အောက်တိုဘာ ၂၁ ရက်တွင် အဆိုပါ သတင်းများနှင့် ပတ်သက်၍ ရှင်းလင်း ငြင်းချက်ထုတ်ခဲ့ခြင်း ဖြစ်သည်။“ပုပ်ရဟန်းမင်းကြီး အနေနဲ့ လုပ်ငန်းတာဝန် မှန်သမျှကို တတ်အားသ၍ စူးစိုက် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အခုလို အခြေအမြစ်မရှိ ထွက်ပေါ်လာတဲ့ ကောလာဟလ သတင်းစကားတွေဟာ ပုပ်ရဟန်းမင်းကြီးအတွက် အာရုံထား အရေးတယူပြုဖို့ မထိုက်တန်ပါဘူး”ဟု ဗာတီကန်နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဖာသာ ဖက်ဒရေကို လွမ်ဘာဒီက ပြောကြားခဲ့သည်။
အီတလီ သတင်းစာ Quotidiano Nazionaleက သက်တော် ၇၈ နှစ် ရှိနေပြီဖြစ်သည့် ရဟန်းမင်းကြီးသည် ဦးနှောက်တွင်း အကြိတ်ရှိနေခြင်းကြောင့် မကြာသေးမီက တူစ်ကန်မြို့ငယ်လေးသို့ ရဟတ်ယာဉ်ဖြင့် လျှို့ဝှက်သွားရောက်ကာ ဂျပန် ဆရာဝန် တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း မျက်နှာဖုံးတင် ဖော်ပြခဲ့သည်။ အဆိုပါ သတင်းစာက အာဂျင်တီးနား နိုင်ငံသား ရဟန်းမင်းကြီး၏ ဦးနှောက်တွင် သေးငယ်သည့် အမဲစက် အကြိတ်လေးတစ်ခုကို တွေ့ရှိရပြီး ယင်းသည် ကုသ ပျောက်ကင်းနိုင်ကြောင်းလည်း ရေးသားထားသည်။ ပြီးခဲ့သည့် လပိုင်းများအတွင်း ပုပ်သည် ခြေထောက် နာကျင်မှု အနည်းငယ် ခံစားရသည်မှလွဲ၍ ကျန်းမာရေး ကောင်းမွန်နေဟန် ရှိကြောင်းလည်း သိရှိရသည်။ _Ref: Channel News Asia

No comments:

Post a Comment